Tuesday, November 24, 2009

လူသားဘယ်တော့ လိမ္မာမလဲ


ဗုဒ္ဓ၏ ရှေးကျသော ပါဠိစာပေကျမ်းဂန်များတွင် တချို့သော မိန့်ဆိုချက်များ၌ အောက်ပါအတိုင်း တွေ့ရှိရသည်။
အလိမ္မာပညာဖြင့်နေသောဘ၀သည် အကြီးကျယ်ဆုံးဘ၀ဖြစ်သည်။
"ပညာဏဇီဝ ဇီဝိတံ အဟု သေတ္တံ"
အသိပညာ အလိမ္မာသည် လူသားအတွက် ရတနာ ဖြစ်သည်။
"ပညာ နာရနံ ရတနံ"
ပညာနှင့်တူသော အလင်းရောင်သည်မရှိ။
"နတ္တိ ပညာ သမာ အာဘာ"

ဗုဒ္ဓ၏ အဆုံးအမအရ ဘ၀၏ရည်မှန်းချက်သည် ပညာသို့ပေါက်မြောက်ရေးပင်ဖြစ်သည်။ ပညာဆိုသော ပါဠိ စကားကို အများအားဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသောအခါ Wisdom ဟု ပြန်ဆိုတတ်ကြသည်။ သို့သော် ပါဠိစကားလုံး ပညာ၊ သက္ကတစကားလုံး Prajna သည် အင်္ဂလိပ်စကားလုံး Wisdom ထက် ပိုနက်ရှိုင်းသည်။ ပို၍အ၀ှန်းကျယ်သည်။ ဗုဒ္ဓ၏ သဘောအရ ပညာ၏သဘောသည် အရာဝတ္ထုတို့ကို ရှိအတိုင်းတိုင်းသဘာဝ ကျကျ ဓမ္မဓိဌာန်သဘောဖြင့် သိမြင်ခြင်းဖြစ်ရုံမျှမက ၊ သစ္စာတရားကို သိမြင်ရုံမျှမက ၊ လောဘ ၊ ဒေါသ ၊ မောဟ တရားတို့မှ လုံးဝလွန်မြောက်ပြီးလျှင် သတ္တ၀ါမှန်သမျှအား ကျောသားရင်သား မခွဲခြားဘဲ မေတ္တာကရုဏာ ထားနိုင်ရေးလည်း ဖြစ်ပေသည်။ ဤအလိမ္မာ ပညာ၏ သဘောကို လူသာမန်အသိဖြင့် လည်းကောင်း ၊ လောကီအသုံးချ အသိဥာဏ်ပညာဖြင့်လည်းကောင်း ၊ စမ်းသပ်စစ်ဆေးနိုင်သော လက်တွေ့ သိပ္ပံပညာလောက်ဖြင့်လည်းကောင်း ရောထွေး၍ မစဉ်းစားသင့်ပေ။
ဗုဒ္ဓ၏ စည်းကမ်းနည်းလမ်းများသည် လူသားကိုတစ်ဖက်စောင်းနင်း တိုးတက်ဖွံဖြိုးစေသော နည်းလမ်းစည်းကမ်းများ မဟုတ်ကြချေ။ လူသားကို ဘက်စုံပြည့်ဝစေသော လူသားအဖြစ် တိုးတက် ဖွံဖြိုးစေသော စည်းကမ်း နည်းလမ်းများသာ ဖြစ်ကြသည်။ လူသားတွင် ရုပ်ပိုင်းဘ၀ သာယာဝပြောရေးသည် အခြေခံကျသော လိုအပ်ချက်ဖြစ်သည်။ ထိုရုပ်ဘ၀ လိုအပ်ချက်အပြင် လူသားမှာ ပြည့်ဝသော လူသားဖြစ်ရေး အတွက် အခြားလိုအပ်ချက် နှစ်ခုလည်းရှိသေးသည်။ ထိုလိုအပ်ချက် နှစ်ခုကိုလည်း ရုပ်ဘ၀ဖွံဖြိုး တိုးတက်အောင် လုပ်သလို၊ တစ်ပြိုင်နက်မှာပင် အလားတူ ဖွံဖြိုးတိုးတက်အောင် ပြုလုပ်ကြရပေမည်။ ထို အရာနှစ်ခုမှာ တခြားမဟုတ် ၊ လူသား၏ နှလုံးသားနှင့် လူသား၏ ဦးနှောက်ဖြစ်သည်။ ဤစကားလုံးနှစ်ခုကို ကျွန်ုပ်သည် သင်္ကေတသဘောဖြင့် သုံးနှုန်းလိုက်ခြင်းသာဖြစ်၏ ။ အသည်းနှလုံးသည် ချစ်ခြင်းမေတ္တာကို ကိုယ်စားပြု၏ ။ ထိုစကားထဲတွင် ကရုဏာတရား၊ ကိုယ်ချင်းစာတရား၊ စွန့်ကြဲခြင်း စာဂ နှင့် အလားတူ မွန်မြတ်သော စိတ်လှုပ်ရှားစဖွယ် အရည်အသွေးများအားလုံး အကျုံးဝင်ပေသည်။ ဦးနှောက်ဆိုသော စကားသည် လူသား၏ အသိဥာဏ်ပညာပိုင်းကို သင်္ကေတပြု၍ ဖော်ပြသော စကားဖြစ်သည်။ ဆင်ခြင်ဥာဏ်၊ ဝေဖန်ပိုင်းခြား ဆုံးဖြတ်စီရင်သောဥာဏ်၊ ကြံစည်စိတ်ကူးသောဥာဏ်နှင့် အခြားသော စိတ်ပိုင်းဆိုင်ရာ အရည် အသွေးများအားလုံး ပါဝင်ပေသည်။

အကြင်သူသည် စိတ်လှုပ်ရှား (ခံစားမှု) အပိုင်းကိုသာ တိုးတက်ဖွံဖြိုးအောင်ပြုလုပ်ပြီး၊ ဆင်ခြင်စဉ်းစား ဝေဖန်သုံးသပ် ဆုံးဖြတ်သော အပိုင်းကို အားကောင်းအောင်၊ ဖွံဖြိုးတိုးတက်အောင် မပြုလုပ်ဘဲ နေလျှင်၊ ထိုလူသည် စိတ်ကောင်းနှလုံးကောင်း ရှိသော လူပေါ၊ လူမိုက်ကြီးဖြစ်နေပေလိမ့်မည်။ သို့မဟုတ်ဘဲ ဆင်ခြင် သုံးသပ်ဆုံးဖြတ်တတ်သော အသိဥာဏ်ပိုင်းကိုသာ တိုးတက်ဖွံဖြိုးအောင် ပြုလုပ်ပြီး လျစ်လျူရှု့ထားလျှင် ထိုသူသည် တစ်ကိုယ်ကောင်းဆန်သော အတ္တသမား ၊ အသည်းမာသော ပညာရှိပဏ္ဍိတကြီး ဖြစ်သွားပေလိမ့်မည်။

ထိုသူသည် ပညာကားရှိ၏ ။ သို့သော် ဘ၀တူ လူသားချင်းအပေါ်၌ ထားအပ်သော မေတ္တာကရုဏာတရားကား ခေါင်းပါးသူဖြစ်၏ ။ သို့ဖြစ်ရာ လူသား၏ ဘက်စုံ မျှမျှတတ တိုးတက်ဖွံဖြိုးရေး ၊ ပြည့်ဝသော လူသားတစ်ယောက် ဖြစ်မြောက်ရေးမှာ နှလုံးသားဘက်ရော ဦးနှောက်ဘက်ပါ အညီအမျှ တစ်ပြိုင်နက် တိုးတက် ဖွံဖြိုးအောင် ပြုလုပ်မှသာ ဖြစ်နိုင်ပေသည်။ ဤကားဗုဒ္ဓ၏ ပညာနှင့်ပတ်သက်သော ရည်မှန်းချက်ဖြစ်၏ ။
ကမ္ဘာတစ်ဝန်းလုံးရှိ မျက်မှောက်ခေတ်ပညာရေးစနစ်၏ ယေဘူယျ ရည်မှန်းချက်သည် အသက်မွေးမှုအတွက် ကျွမ်းကျင်သော အသိပညာရှိသည့် အမျိုးသား၊ အမျိုးသမီးများကို ထုတ်လုပ်ရေးသာ ဖြစ်နေပေသေးသည်။ ယေဘူယျ ကျွမ်းကျင်မှု ၊ အဆင့်မြင့်(အထူး) ကျွမ်းကျင်မှုကိုသာ ဦးစားပေးနေ၏ ။

ထိုပညာရေးစနစ်သည် အတတ်ပညာအရည်အသွေး ထူးချွန်ထက်မြက်ရေးကိုသာ အလေးထားသော၊ အထူးအလေးထားသော စနစ်ဖြစ်သည်။ လူသား၏ ကိုယ်ကျင့်တရားနှင့် စိတ်ဝိညာဉ်ဆိုင်ရာ အရည်အသွေးများ တိုးတက်ဖွံဖြိုးရေးကိုကား လျစ်လျူရှု့ထားသော ပညာရေးဖြစ်၏ ။ ထို့ကြောင့် ထိုပညာရေးစနစ်ဖြင့် မွေးထုတ်လိုက်သော လူသားများသည်ကား တည်ငြိမ်မှုနှင့် သဘောထားညီမျှမှု ကင်းသော လူသားများ ဖြစ်လာကြလေသည်။ ထို့ကြောင့် ထိုလူသားများ ရင်ထဲတွင် အမြဲတမ်းကျေနပ်ရောင့်ရဲခြင်းကင်းသော ၀ိရောဓိများ ဖြစ်ပေါ်လျှက်ရှိသည့်ပြင် ပုဂ္ဂလိကလူသားနှင့် လူ့အဖွဲ့အစည်းများ၏ အကျိုးစီးပွားအကြားမှာလည်း အစဉ် ပဋိပက္ခဖြစ်ပွားနေရပေတော့သည်။ ထိုသို့မဟုတ်လျှင်လည်း ထိုလူသားများသည် စဉ်းစားဝေဖန်ခြင်း မရှိဘဲ ဖြစ်ရာဘ၀မှာ ရောင့်ရဲနေကြသူများ ဖြစ်နေတတ်ပေသည်။

လူသား၏ ကိုယ်ကျင့်သီလကောင်းမွန် တိုးတက်ရေး စိတ်ဝိညာဉ်ပိုင်း ဖွံဖြိုးတိုးတက်ရေးအပိုင်းသည် ဘာသာတရားများမှာသာ တာဝန်ရှိသည်ဟု ယူဆခြင်းသည် အလွန်ဆိုးဝါးသော အမှားဖြစ်သည်။"Religion" ဘာသာကိုးကွယ် ဆိုသောစကားသည် မျက်မှောက်ခေတ် လူသားအများစုအတွက် ခံတွင်းတွေ့လောက်သော စကားမဟုတ်၊ ထိုသို့ဖြစ်ရခြင်းမှာ ဘာသာကိုးကွယ်မှုဆိုသော သဘောကို ခေတ်မစားတော့သည့် သေးသိမ်သော ပူဇော်ပသမှုဓလေ့ထုံးစံများနှင့် ထပ်တူပြုကြသော အကြောင်းကြောင့် ဖြစ်ပေသည်။

ခေတ်သိပ္ပံပညာနှင့် အတတ်ပညာများက လူထက်အဘက်ဘက်က အဆပေါင်းများစွာတိကျ၍ သာလွန် စွမ်းဆောင်နိုင်သော စက်ကရိယာယန္တရားများ တီထွင်ထုတ်လုပ်ပေးခဲ့ပြီး ဖြစ်ပေသည်။ သို့ရာတွင် ထိုယန္တရားများမှာ အသိဥာဏ်ပညာကင်းမဲ့သော စက်ယန္တရားများသာ ဖြစ်ကြပေသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့ကျင့်သုံးနေသော လက်ရှိပညာရေးစနစ်သည်လည်း အသိဥာဏ်ပညာပါသော စက်နှင့်တူသော လူသားများကို မွေးထုတ်ပေးနေသော စနစ်ကြီးဖြစ်နေလေပြီလားဟု စဉ်းစားစရာ ဖြစ်နေပေသည်။

ထိုပညာရေးစနစ်က မွေးထုတ်ပေးသော လူသားများသည် ကာလပေါ်စက်ယန္တရားများလောက် စွမ်းဆောင်နိုင်မှု တိကျမှုလည်း မရှိချေ။ ထိုကဲ့သို့သော ဥာဏ်ပညာကင်းမဲ့သော လူသားယန္တရားများကပင် ကမ္ဘာ့အရေးအခင်းများကို ကိုင်တွယ်ဖြေရှင်းနေကြသည်ဖြစ်ရာ ကမ္ဘာကြီးမှာ မည်မျှ အန္တရာယ်ကြီးမားနေပြီ ဆိုသည်ကို စဉ်းစားဖို့ကောင်းပြီ။

ဗုဒ္ဓ၏ ဘ၀နှင့်ပတ်သက်သော ရည်မှန်းချက်မှာ ပညာစခန်းသို့ တက်လှမ်းရေးပင်ဖြစ်ကြောင်းကို အကျွန်ုပ် ဆိုခဲ့ပြီးပြီ။ ယခု " ပညာ" ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ရှင်းရပေဦးမည်။ မဂ္ဂင်တရားတော်အရ ပညာဆိုသည်မှာ သမာဒိဋ္ဌိ နှင့် သမာသင်္ကပ္ပ ပင်ဖြစ်သည်။ မှန်သောအမြင် နှင့် မှန်သောအတွေး ကိုဆိုလိုသည်။

ဤတွင် သမာဒိဋ္ဌိ (မှန်သောအမြင်) ရရှိအောင် ပြုစုပျိုးထောင်ရာတွင် အဆင့်လေးဆင့်ရှိသည်။ ပထမအဆင့်သည် ကျွန်ုပ်တို့၏ ဘ၀ကို ရှိအတိုင်းတိုင်း သိရေးပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ဒေသနာကို အမှန်အကန် သိရေးပင် ဖြစ်သည်။ ၄င်းမှာ လူသား၏ ကြုံတွေ့နေရသော သုခ၊ ဒုက္ခအားလုံးကို မှန်မှန်ကန်ကန် သိနားလည်ဖို့ လိုအပ်ပေသည်။

အကျွန်ုပ်တို့၏ ဘ၀သည် ခြောက်ပစ်ကင်း မဟုတ်။ မမြဲ ၊ အနိစ္စ ဖြစ်သည်ဆိုသောအချက်ကို သိမြင်ဖို့လိုသည်။ ဘ၀ထဲမှာ အလိုမကျ၊ မကျေနပ်မှုနှင့် ပဋိပက္ခတွေ ဒင်းကြမ်းပြည့်နေသည်ကို သိရမည်။ ထို့ပြင် ဤဘ၀သည် သည်အတိုင်းပစ်ထား၍ မရ။ အစဉ်သဖြင့် တိုးတက်နေအောင် ကြိုးပမ်းဆောင်ရွက်နေမှသာ အဆင်ပြေသည် ဆိုသော အချက်များကို မှန်မှန်ကန်ကန် ရှု့မြင်သုံးသပ်တတ်ခြင်းသည် သမာဒိဋ္ဌိ (Right Understanding) ဖြစ်သည်။ ဤကား ဒုက္ခသစ္စာကို သိခြင်းဖြစ်၏ ။

ဒုတိယအချက်သည် ကျွန်ုပ်တို့ ဘ၀၌ ကြုံတွေ့လာရသမျှသော ပြဿနာများ ၊ပဋိပက္ခများ အားလုံးသည် တခြားကြောင့် ဖြစ်ပေါ်လာသည်မဟုတ်။ ကျွန်ုပ်တို့ကိုယ်မှဖြစ်သော တစ်ကိုယ်ကောင်းဆန်သော အတ္တဆန္ဒကြောင့် ဖြစ်ရသည်။ မှားယွင်းသော ငါစွဲ သက္ကာယ ဒိဋ္ဌိကို အခြေခံ၍ ဖြစ်ရသည်။ ထိုသက္ကာယဒိဋ္ဌိကိုပင် ဘ၀၏ ဘက်ပေါင်းစုံသို့ ချဲ့ထွင်မှုကြောင့် ဖြစ်ရသည် ဆိုသောအချက်ကို နားလည်ခြင်းပင် ဖြစ်သည်။

တတိယအချက်သည် ဤဆင်းရဲခြင်း အတိဒုက္ခအပေါင်းမှ လွတ်မြောက်အောင် ရုန်းထွက်နိုင်လျှင် ငြိမ်းချမ်း သာယာသော၊ ဆင်းရဲကင်းသော ဘ၀ကို ရရှိနိုင်သည် ဆိုသောအချက်ကို အသိအမှတ်ပြုရေးပင် ဖြစ်သည်။ ကျွန်ုပ်တို့ဘ၀သည် ဒုက္ခထောင်ချောက်ထဲမှာ မျှော်လင့်ချက်ကင်းစွာ ပိတ်မိနေသည်ကား မဟုတ်ကြချေ။ ဒုက္ခမှ ကင်းဝေးသော သဘောရှိသည်ဆိုသည်ကို သိရမည်။

စတုတ္ထအချက်မှာ ထိုဒုက္ခကင်းဝေးသော အဖြစ်သို့ ဆိုက်ရောက်အောင် သွားနိုင်သော လမ်းသည်ရှိသည်။ ဘ၀ လွတ်မြောက်ခြင်းအတွက် ထွက်ရပ်လမ်းရှိသည်။ ထိုလမ်းစဉ်တွင် ကိုယ်ကျင့်တရားပိုင်းရော၊ စိတ်ဝိညာဉ်ပိုင်းနှင့် ပညာပိုင်းပါ ဖွံဖြိုးအောင်လုပ်သော နည်းများပါရှိသည်။

ဤသို့ ကျင့်အပ်သော အဆင့်လေးဆင့်ကိုပင် အရိယာသစ္စာလေးပါးဟုခေါ်သည်။ ဤအရိယာသစ္စာလေးပါးကို ကျွန်ုပ်တို့ဘ၀၌ ကြုံတွေ့နေရသော ပြဿနာအားလုံးတွင် အသုံးချ ဖြေရှင်းနိုင်သည်။ ပထမအချက်မှာ ကျွန်ုပ်တို့ အနေနှင့် ပြဿနာ (၀ါ) ပဋိပက္ခကို မှန်မှန်ကန်ကန် နားလည်ရေးပင်ဖြစ်သည်။ ထို့နောက် ထိုပြဿနာ စတင်ဖြစ်ပေါ်လာရသော အကြောင်းရင်း မူလကို ရှာဖွေရပေသည်။ တတိယအနေအားဖြင့် ဤပြဿနာ ဤအခက်အခဲမှ ကျွတ်နိုင်၊ လွတ်နိုင်သော အလားအလာ ရှိသလားဆိုသည်ကို ကြည့်ရမည်။ နောက်ဆုံးအနေနှင့်မူ ထွက်မြောက်နိုင်သော အခြေအနေ ရှိသည်မှန်လျှင် ထိုအခြေအနေသို့ ရောက်အောင်သွားနိုင်မည့် အဖြစ်နိုင်ဆုံးနည်းလမ်းကို ရှာကြံကြရပေမည်။

ယခု မှန်သောအတွေး (သမာကမ္မန္တ) သည် အဘယ်နည်း။ ကိုယ်ကျိုးဆန္ဒ သက္ကာယဒိဋ္ဌိမှ လွတ်မြောက်ရေး အတွက် တွေးတောကြံစည်ခြင်းလည်းကောင်း၊ ငါ ၊ငါ့ဥစ္စာ ဟု တွေးတောသော၊ အတ္တဆန်သော အတွေးကို ငြင်းပယ်ခြင်း၊ အကြမ်းမဖက် ချစ်ခြင်းမေတ္တာဖြင့် သတ္တ၀ါအားလုံးအပေါ် မေတ္တာထားခြင်း စသည်တို့သည် သမာကမ္မန္တ တွင် အကျုံးဝင်သည်။ ဤသို့ ကြံစည်တွေးတောရာ၌ ငါစွဲ၊ အတ္တပြုတ်သွားသည်။ စစ်မှန်သော မေတ္တာတရား၌ ငါအတ္တစွဲအတွက် နေရာမရှိချေ။

ဤတွင် အကျဉ်းချုပ်၍ ဖြေပြခဲ့သော ရှင်းလင်းချက်များကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓရှု့မြင်သော အလိမ္မာဥာဏ် ပညာသဘောတွင် အရိယသစ္စာတရားကို ထိုးထွင်းသိမြင်မှုသာမက ငါစွဲ (သက္ကာယဒိဋ္ဌိ) ပြုတ်ရေးကိစ္စ၊ မေတ္တာထားရေး ကိစ္စပါ ပါဝင်နေကြောင်းတွေ့ရှိရပေသည်။ ဤတွင် ငါစွဲ ၊ ဒေါသ နှင့် အကြမ်းဖက်မှုများမှ ကင်းရှင်းသော တွေးတောကြံစည်မှုအားလုံး ပါဝင်နေပေသည်။

ထို့ကြောင့် ပါဠိစကားလုံး ပညာကို အဓိပ္ပါယ်ငုံမိအောင် အင်္ဂလိပ်စကားလုံးဖြင့် ပြည့်ပြည့်စုံစုံ ဖော်ပြရလျှင် Wisdom-Love ဟုဆိုသင့်လေသည်။ အလုံးစုံသော ကိုယ်ကျိုးအတ္တဆန်သောအတွေး၊ ဣသာမစ္ဆရိယ၊ ဒေါမနဿ၊ အကြမ်းဖက်မှု အားလုံးတို့သည် ဤလူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ရေးကိစ္စများမှာ ပါသောကြောင့် မေတ္တာကင်းမဲ့ခြင်းကြောင့် ဖြစ်ရသည်ချည်းသာဖြစ်၏ ။

ဤပညာ၏ ထင်ရှားသော လက္ခဏာတစ်ရပ်မှာ လွတ်လပ်စွာ တွေးခေါ်မှု၊ အာဃာတကင်းမှု၊ နိုင်ငံရေး စီးပွားရေး လူမှုရေး စနစ်တစ်ခုအောက်တွင် ကျေးကျွန်ဖြစ်ရခြင်းမှ ကင်းလွတ်မှုဖြစ်သည်။

ထို့ထက်ပို၍ဆိုးသောအချက်မှာ အသိဥာဏ်၏ ကျေးကျွန် (အယူဝါဒ ကျေးကျွန်) ဖြစ်ရခြင်းပင်ဖြစ်သည်။ ထိုအသိဥာဏ် (အယူဝါဒ) ကျွန်ဖြစ်ရခြင်းကား သိရလည်းခက်၏ ။ ထိုကျွန်ဘ၀မှ လွတ်မြောက်အောင် လုပ်ဖို့လည်း ခက်သည်။

ယခုခေတ်တွင် ဤအယူဝါဒ ကျွန်ပြုသောစနစ်သည် လူသာမန်တို့ လောကမှာသာ ပြန့်ပွားနေသည်မဟုတ်။ အသိပညာရှင်၊ အတတ်ပညာရှင် ဟု ဆိုသူများ လောကမှာလည်း ပြန့်ပွားလျှက် ရှိပေသည်။ လူထုဆက်သွယ်ရေးစနစ်များဖြစ်သော သတင်းစာ၊ ရေဒီယို၊ တယ်လီဗီးရှင်း၊ ရုပ်ရှင်နှင့် အချို့စာအုပ်များသည် ထိုစနစ်ကို ပြန့်ပွားအောင် ဖြန့်ဖြူးနေကြသော အရာများဖြစ်ကြပေသည်။

လွတ်လပ်စွာတွေးခေါ်မှု၊ လွတ်လပ်စွာ စူးစမ်းလေ့လာမှု သဘောတို့ကို ကာလာမသုတ်တွင် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားထားခဲ့ပေသည်။ ထိုသဘောတရားမျိုးကို အခြားသော မည်သည့်အယူဝါဒမှာမှ တွေ့မြင်နိုင်မည် မဟုတ်ပေ။ ထိုသဘောကို ပါဠိစကား၌ ဧဟိပဿိကော ဟု ဖော်ပြ၏ ။ အဓိပ္ပါယ်မှာ “လာပါ ကိုယ်တိုင်လေ့လာ ဆန်းစစ်ကြည့်ပါ” ဟု ဖိတ်ခေါ်ခြင်းဖြစ်၏ ။ “လာယုံကြစမ်းပါ” ဟု ခိုင်းထားခြင်း မဟုတ်ပေ။

ပညာကိုရှာသောသူ၏စိတ်သည် တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်း၊ ကပ်ငြိခြင်း ကင်းရမည်။ တစ်စုံတစ်ခုကို အယူအစွဲသန်နေလျှင် အခြားသော အယူအဆများကို အထင်သေးပေတော့မည်။ ဤတစ်ခုတည်းသာ အမှန်ဖြစ်သည်။ ကျန်သောအရာအားလုံး မှားသည်ဟု ဆိုပေတော့မည်။

ဤလွတ်လပ်စွာတွေးခေါ်မှု၏ ထောက်ကူသဘော အယူအဆမှာ သည်းခံစိတ်ရှိခြင်း၊ နားလည်မှုရှိခြင်းပင် ဖြစ်သည်။ ဗုဒ္ဓဘာသာနိုင်ငံများ ၊ နိုင်ငံရေးအရ စစ်တိုက်သည်ကားရှိသည်၊ သို့သော် ဘာသာရေးအတွက် ညဉ်းဆဲ သတ်ဖြတ်ခြင်းမျိုးကား လုံးဝမရှိပေ။

လွတ်လပ်စွာတွေးခေါ်ခြင်း၊ သည်းခံခြင်း၊ ကိုယ်ချင်းစာခြင်း သဘောတို့သည် ပညာ၏ သဘောပင်ဖြစ်သည်။ နောက်အရေးပါသော ပညာ၏သဘောတစ်ခုမှာ အနိစ္စဆိုသော လောကနိယာမ တရားကြီးကို သိမြင် သဘောပေါက်ခြင်းပင် ဖြစ်သည်။

ဗုဒ္ဓ၏အတွေးအခေါ်အရ တည်တံ့ခိုင်မြဲသော အရာဟူ၍ ဘာဆိုဘာမျှ မရှိချေ။ မပြောင်းလဲသောတရားဟူ၍ လုံးဝမရှိချေ။ ဘ၀အပါအ၀င် အားလုံးသော အရာခပ်သိမ်းတို့သည် သင်္ခါရတရားများချည်းသာ ဖြစ်ကြသည်။ ပြုပြင်၍ ဖြစ်ရသော အရာချည်းသာပင်။ အချင်းချင်း အမှီပြု၍ အမြဲတစေ ပြောင်းလဲဖောက်ပြန်နေသော သမုတိသစ္စာချည်းသာ ဖြစ်ကြကုန်သည်။

ဤပြောင်းလဲခြင်းတရားကို ဘယ်တန်ခိုးတော်ရှင်မှ တားဆီး၍ ရကောင်းသည် မဟုတ်ချေ။ ထိုတရားကို နားမလည်သူများသည် ၀မ်းနည်းကြ၊ ပူဆွေးကြ၊ သောကရောက်ကြရသည်။

အသိ အလိမ္မာ ဥာဏ်ပညာရှိသူတို့သည် ယေဘူယျသစ္စာတရားဖြစ်သော ဤအနိစ္စတရားကို ရှု့မြင် နားလည် ကြသည်။ ထို့ကြောင့် မမြဲ၊ ဖောက်ပြန်သော သဘောတို့နှင့် ကြုံတွေ့ကြရသောအခါ ၀မ်းနည်းခြင်း၊ ပူဆွေးခြင်း၊ သောကပရိဒေ၀ ရောက်ခြင်း မရှိကြတော့ပေ။ ပညာ၏သဘောမှာ မရှောင်မလွှဲသာသော ကိစ္စများနှင့် အလိုက်သင့် နေနိုင်ခြင်းလည်းဖြစ်ပေသည်။

လောက၏အရှုပ်အထွေးများကို ဘယ်သူသည် ဖြေရှင်းနိုင်ပါမည်နည်းဟု ဗုဒ္ဓအား တစ်ခါက မေးဖူးလေသည်။ ဗုဒ္ဓက သီလ ၊ သမာဓိ၊ ပညာဖြင့် အားကြီးသော ပုဂ္ဂိုလ်သည် လောက၏အရှုပ်အထွေးများကို ဖြေရှင်းနိုင်သည်ဟု ဖြေတော်မူခဲ့ဖူးလေသည်။

ဆရာဦးဆန်းလွင်၏ ဒဿနစာစုများ မှ..........

Print this post

1 comments:

wailin said...

လာလည်သွားပါတယ်

Related Posts with Thumbnails

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers