Thursday, November 5, 2009

ရူပံ ဘိက္ခဝေ အနတ္တာ


MATTER DOES NOT EXIT!

ရုပ်မှာ အနှစ်အဆံမရှိ၊ မြဲသော အထည်ဒြပ်မရှိကြောင်းကို လွန်ခဲ့သော အနှစ် ၂၅၀၀ ကျော်ကပင် ဗုဒ္ဓသည် "ရူပံဘိက္ခဝေ အနတ္တာ" ဟု အတိအလင်း ကြေငြာခဲ့ပြီး ဖြစ်လေသည်။ သို့ပါလျှက် ဗုဒ္ဓဟောသည့် ဘုရားစကားကိုလူသားတို့ ပမာမထား အရေးမပါသကဲ့သို့ သဘောထားပြီး ရုပ်အဆံကို လိုက်ရှာခဲ့ကြရာ အနှစ်၂၅၀၀ ကြာသည်။ နောက်ဆုံးတော့ ဘာဖြစ်သနည်း။ဗုဒ္ဓဟောကြားတော်မူသကဲ့သို့ ရုပ်မှာ အတ္တမရှိကြောင်း၊ အနှစ်အဆံ မရှိကြောင်း လူသားတို့ တွေ့ရလေသည်။ သို့ဆိုလျှင် မဟာလူသားတစ်ပါး သိပြီးသား အချက်တစ်ခုကို ဥာဏ်နည်းသော လူသားများကိုယ်တိုင်သိအောင် စူးစမ်းရှာဖွေခဲ့ကြရာတွင် ကြာမြင့်ခဲ့သောကာလ အနှစ် ၂၅၀၀ကျော်ကာလသည် အဟောသိကံ အချည်းနှီးပင် ဖြစ်ရသည် မဟုတ်ပါလား။ အကယ်၍သာ ဘုရားစကားကို လူသားတို့ စိတ်ချယုံကြည်တတ်ခဲ့ကြမည်ဆိုလျှင် ထိုကုန်ဆုံးသွားသော နှစ်ပရိစ္ဆေဒ များစွာသည် လူသားတို့အဖို့ အဖိုးတန်သောကာလ ဖြစ်ခဲ့လိမ့်မည် မဟုတ်ပါလား။ ထိုအချက်သည် ၀မ်းနည်းဖွယ် ကောင်းလှသည်ဟု အကျွန်ုပ် ထင်ပါ၏။ လူသားတို့အဖို့ ယုံလွယ်ခြင်းသည်လည်း အမှား၊ မယုံတတ်လွန်းခြင်း(ဒွိဟဖြစ်လွန်းခြင်း)သည်လည်း အမှားတစ်ရပ်ပါတကား။
ဘုရားဟောသည့် စကားတစ်ခွန်းကို လူသားတို့ အကုန်အစင်သိဖို့ မဆိုထားဘိ၊ တစ်ဝက် တစ်ခြမ်း သိဖို့ကိုပင် အနှစ် ၂၅၀၀ကျော် ကြာမြင့်ခဲ့လေသည်။ လူ့ဘ၀ကို ထိုမျှလောက်ပိန်းပိတ်အောင် အ၀ိဇ္ဇာသည် ဖုံးလွှမ်းလေသလား။ အလွန်စောစီးစွာကပင် ဘုရားပွင့်ပေါ်ပြီးနောက် လူသားတို့အဖို့ တန်ဖိုးမဖြတ်နိုင်သော တရားထူးတရားမြတ်တွေကို ဟောကြားထားခဲ့ပါလျှက် လူသားသည် ထိုမဟာလူသား ဘုရား၏ စကားကို မယုံတတ်လေ။ ဘာမဟုတ်သည့် လောဘသားတွေ အ၀ိဇ္ဇာ အမိုက်သားတွေ စကားကိုတော့ ယုံလွယ်သည်။ သိပ္ပံပညာသည် စတင်ထွန်းကားသည်မှယနေ့တိုင်အောင် ဤလောက၏အကျိုးမဲ့ကို ပြုတတ်သော "အတ္တ၀ါဒ" ကိုပင် ဟောကြားဆဲဖြစ်လေသည်။ ထိုသိပ္ပံပညာရှင်တို့ ပြောသောစကားဖြစ်လျှင် အသိဥာဏ်နည်းလှသော လူသားသည် အလွန်တရာ ယုံစားလွယ်လေသည်။ ထို အမိုက်အမဲတွေထဲတွင် အကျွန်ုပ်လည်း ထိပ်ဆုံးက ပါသည်ဟု ဆိုသင့်ပါ၏။ အကျွန်ုပ် ၀မ်းနည်းစွာ ၀န်ခံရမည်မှာ အကျွန်ုပ်လည်း ပုထုဇဉ် အများတကာကဲ့သို့ပင် ဘုရားဟောတရားများကို သံသယ ရှိခဲ့ဖူးလေသည်။ သိပ္ပံပညာရှင်တွေ ပြောသောစကားဖြစ်လျှင်မူ သံသယ ကင်းစွာ မျှော်လင်းချက် ကြီးစွာ အားကိုးကြီးစွာ ယုံလွယ်ခဲ့ဖူးလေသည်။ ထိုအဖြစ်သည်လည်း ၀မ်းနည်းဖွယ်ကောင်းလှပါ၏ ။ အဘယ့်ကြောင့် အထူး ၀မ်းနည်းဖွယ် ကောင်းလေသနည်းဆိုသော် လူသားတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ကျော် အတွင်းတွင် သိပ္ပံပညာရှင်တို့ ပြောသည့်စကားကိုသာ ယုံစားပြီး သိပ္ပံပညာရှင်တို့ ခေါ်ရာနောက်သို့ အစိုးရိမ်ကင်းစွာ တကောက်ကောက် လိုက်နေမိခဲ့ခြင်းကြောင့် ယနေ့ကမ္ဘာသည် ဤမျှ စိတ်မချမ်းသာဖွယ်များ စိုးရိမ်ထိတ်လန့်ဖွယ်များနှင့် ပြည့်နှက်နေသော ကမ္ဘာကြီး ဖြစ်သွားရသည်ဟု အကျွန်ုပ်တွေးမိခြင်းကြောင့်ဖြစ်၏ ။ အကယ်၍ လွန်သွားပြီဖြစ်သော ရှေးနှစ် ၂၅၀၀ကျော် အတွင်း ဘုရားဟောစကားကို နားထောင်ရန် ၀န်မလေးခဲ့လျှင် ယနေ့ ကမ္ဘာသည် ဤမျှ အရုပ်ဆိုး အကျည်းတန်သောလူ့လောကကြီး ဖြစ်သွားလိမ့်မည် မဟုတ်ဟု ယခုမှပင် အကျွန်ုပ်လည်း တွေးမိကာ သံဝေဂကြီးစွာ ရလေတော့၏ ။ ထို့ထက်ပို ၀မ်းနည်းဖွယ် ကောင်းလှသည်မှာ အ၀ိဇ္ဇာနှင့် လိမ်းကျံသော လူသားသည် သိပ္ပံပညာက ဖန်တီးပေးသောကြောင့် စိတ်ချမ်းသာဖွယ် ဖြစ်မလာရုံမျှမက ဘေးဒုက္ခ မျိုးစုံနှင့်သာ ထိတ်လန့် တုန်လှုပ်ဖွယ် ရင်ဆိုင်လာရသော မျက်မှောက်လူ့ဘ၀ကို ယခုတိုင် မဆင်မခြင်အမှု့မဲ့နေခြင်းမှာလည်း ဂင်္ဂါမြစ်အလယ်၌ မျောပါသော ဆင်သေကောင်ပေါ်တွင် နား၍ လိုက်ပါသော ကျီးမိုက်၏ အဖြစ်နှင့် တူလှသည် ဖြစ်ပေရာ ၀မ်းနည်းဖွယ်ကောင်းလှပါတော့၏ ။ ဘုရား စကားကို ပစ်ပယ်ခဲ့ခြင်း အမှားကြောင့် မျက်မှောက် ကမ္ဘာသည်ချေက်ကမ်းပါးစွန်းသို့ ရောက်နေရပြီကို သတိတရားရသင့်ပါပြီ။
ဤလောက၌ သဘာဝ သစ္စာကို သာမက အရိယာ သစ္စာကိုပါ ရှာဖွေ ဖော်ထုတ်ပေးခဲ့သော ဗုဒ္ဓ၏ နှုတ်ထွက် စကားများသည် သစ္စာဓမ္မများ ဖြစ်လေမလားဟု သံသယ ဖြစ်ကာ ထိုဓမ္မများကို သိပ္ပံနည်းကျ မကျ သိပ္ပံပညာနှင့် ကိုက်ညီခြင်း ရှိ မရှိ အစဉ်တိုက်ဆိုင် လေ့လာရန် အားသန် နေသူများလည်း မျက်မှောက် ကာလတွင် များစွာ ရှိကြလေသည်။ ထိုလူစားမျိုးထဲတွင်အကျွန်ုပ်ကိုလည်းထိပ်ဆုံးကစာရင်းတင်သင့်ပါကြောင်း ၀န်ခံပါ၏ ။ အဘယ်ကြောင့် ဆိုသော် အကျွန်ုပ်ကဲ့သို့သော လူစားများသည်သိပ္ပံပညာ တွေ့ရှိချက်များက ဘုရားဟော တရားနှင့် ကိုက်ညီသွားလျှင် ဘုရားဟော တရားသည် မှန်သည် (Scientific) ဖြစ်သည် ဟု အရှက်မရှိ ဆိုတတ်ကြလေသည်။
စဉ်းစားဖို့ ကောင်းသည်မှာ ယခုမှ သိပ္ပံပညာက သိသော ထိုတရားကို ဘုရားသည် လွန်ခဲ့သော ၂၅၀၀ ကျော်ကာလ ကတည်းက သိထားခဲ့ပြီး ဖြစ်ရာ ဘုရားစကားကို သိပ္ပံနည်း ကျသည်ဟု ဆိုထိုက်ပါသလား။ သိပ္ပံစကားကိုသာ ဗုဒ္ဓ နည်းကျသည်ဟု ဆိုထိုက်သည် မဟုတ်ပါလား။ လောကသည် အဘယ်ကြောင့် ပြောင်းပြန် ပြောတတ်လေသနည်း။ ထိုအချက်သည်လည်း အမှန်ပင် ၀မ်းနည်းဖို့ကောင်းပေတော့၏ ။ အဘယ်ကြောင့် ဆိုသော် ဘုရားကား အောက် မျောက်ကား အထက် ဆိုသောစကားမျိုး ဖြစ်နေသောကြောင့် ပင်တည်း။
ဆရာဦးဆန်းလွင် ၏ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်းမှ....

Print this post

1 comments:

သွယ်လင်းဆက် said...

အမှန်ပဲ လေးလေး။ ကျွန်တော်တို့လည်း မရှက်မကြောက်ပြောခဲ့တာပဲ။ ဘုရားဟောက သိပ္ပံနည်းကျတယ်ဆိုပြီး။ တကယ်တော့ သိပ္ပနည်းအားလုံး ဗုဒ္ဓနည်းကျခဲ့တာ။ ကျေးဇူးပါလေးလေး။ ဖတ်ခဲ့ဖူးတဲ့စာအုပ်ဆိုပေမဲ့ သတိမထားမိတဲ့အကြောင်းရာလေးကို သတိထားခွင့် ရလိုက်လို့၊။

Related Posts with Thumbnails

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers