Monday, September 20, 2010

အကောင်းမကြိုက်တဲ့ပုထုဇဉ်

အလကားပြောကြတာ။ လူတွေဟာ ကောင်းတာဆို ကြိုက်တယ်။ တရားတာမှ နှစ်သက်တယ်။ မြတ်တာမှ ကြည်ညိုတယ်။ယုတ်တာ၊ ညံ့တာ၊ မတရားတာ၊ မကောင်းတာဆို မကြိုက်ဘူးလို့ ထင်နေကြတယ်။ တကယ်တော့ အဲဒါ လုံးလုံးမဟုတ်ပါဘူး။ ပုထုဇဉ်ဆိုတဲ့ အဆင်းလမ်းသွား လူသားတိုင်းဟာ ကောင်းတာကို မကြိုက်ဘူး။ မြတ်တာကို မကြိုက်ဘူး၊ တရားတာကို မကြိုက်ဘူး၊ မျှတတာကို မကြိုက်ဘူး။ ဒါဖြင့် ဘာကိုကြိုက်သလဲ၊


မကောင်းတာအားလုံးကို ကြိုက်တယ်။ တစ်ကိုယ်ကောင်း တစ်ယောက်ကောင်းကို ကြိုက်တယ်။အများကောင်းစားရေးကို မကြိုက်ဘူး၊ ကိုယ့်ကို အနိုင်ကျင့်တာကို မကြိုက်ဘူး။ သူတစ်ပါးကို ကိုယ်က အနိုင်ကျင့်ရတာကို အလွန်ကြိုက်တယ်။ ကိုယ့်အပေါ် မတရားခြယ်လှယ်တာကို ဘယ်သူမှ မကြိုက်ဘူး။ ဒါပေမယ့် ကိုယ်ကကျတော့ ခြယ်လှယ်ချင်တယ်။ ကျော်ချင်တယ်။ သာချင်တယ်။ ပခုံးချင်းယှဉ်လိုက်ရင် ကိုယ်က ခေါင်းတစ်လုံး သာချင်တာပဲ။ လူကိုမဆိုထားပါနဲ့တိရိစ္ဆာန်တွေတောင်မှ သူတို့ကို ချုပ်ချယ်ထားရင် မကြိုက်ဘူး။ ရုန်းကြ ကန်ကြတယ်။ ချုပ်ချယ်မှုကလွတ်ဖို့အတွက် ရုန်းကြကန်ကြရင်းတောင် အသေခံသွားကြတယ်။ ဒါဟာ သတ္တ၀ါတွေမှာ ရှိတဲ့ လွတ်လပ်ခြင်းကြိုက်တဲ့ ဗီဇသဘောပါ။ သို့သော်လည်းကိုယ်က သူတစ်ပါးကို နိုင့်ထက်စီးနင်း ချုပ်ချယ်နိုင်တဲ့လူဖြစ်ရင်တော့ သိပ်ဖြစ်ချင်တာပဲ။


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Thursday, September 2, 2010

သံသရာလည်ကြောင်းနှင့်ပြတ်ကြောင်းတရားတော်


(၁)မသိလို့ လိုချင်၊ လိုချင်လို့ စွဲလမ်း၊ စွဲလမ်းတော့ပြုလုပ် ပြုလုပ်တော့ရရှိ ရရှိတော့ ခံကြပေတော့တပည့်တို့။
(၂)မခံသာ မှန်ပါဘိ သည်တရား၊ ခံသာလျှင် သံသရာကြောမှာ၊ မျောလိမ့်အများ။


မသိတာက အ၀ိဇ္ဖာဆိုတဲ့ မောဟ၊ လိုချင်တာက တဏှာဆိုတဲ့ လောဘ၊ စွဲလမ်းတာက ဥပါဒါန်။ ၄င်းတရားသုံးပါးနှင့် ပြည့်စုံတော့ လူ နတ် ဗြဟ္မာ သူဌေးကြီး သူကြွယ်ကြီး လောကအထက်တန်းစား ဖြစ်ချင်တာပေါ့။

ဤကဲ့သို့ ဖြစ်ချင်တော့ ကြောင့်ကြ တောင့်တပြီး ပြုလုပ်တယ်ဆိုပါတော့၊ အဲသည်လို ပြုလုပ်တော့ ရရှိတယ်။ ဘာကိုရရှိသလဲ ဆိုရင် ဇာတိကို ရရှိတယ်။ဇာတိကို ရမှဖြင့် မအိုချင် မနေရ၊ မနာချင် မနေရ၊ မသေချင် မနေရ။ ဇာတိဆိုတဲ့ ၀ဋ်ကောင်ကြီး ရရှိမှဖြင့် ကြိုးစားပြီး ခံကြဖို့ဘဲ ခံကြပေတော့။

တပည့်တော်တို့မှာ ၀ဋ်ဆင်းရဲကို ထိုထို ဘ၀က ခံခဲ့ကြလေပြီ ဖြစ်သောကြောင့် မခံချင်ဘူးဆိုပါတော့။ မခံချင်လျှင် သီလ သမာဓိ ပညာ သိက္ခာ သုံးပါးနှင့် ဘုရား တရား သံဃာ ရတနာသုံးပါး ဦးထိပ်ထားပြီး ၀ိပဿနာတရားကို ပွားများ အားထုတ်ကြ။

ဤကဲ့သို့ ခန္ဓာကိုယ်ပေါ်က သမာဓိတရားကြောင့် ဖြစ်ပေါ်လာသော ဝေဒနာကို သတိနှင့်လိုက်ပြီး သုံးသပ်တော့ မိမိစိတ်မှာ မခံသာသော သဘော ဖြစ်လာမယ်။ အဲဒါကြောင့် “မခံသာ မှန်ပါဘိ သည်တရား၊ ခံသာလျှင် သံသရာကြောမှာ မျောလိမ့်အများ” ဟု ဆိုသည်။ မိမိ ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာတဲ့ ဝေဒနာက အကျိုးတရား ဒုက္ခသစ္စာ၊ ၄င်းအကျိုးတရား ဒုက္ခသစ္စာကြီးကို ၀ိပဿနာရှု့တော့ နာကျင် ကိုက်ခဲ၍ မခံသာသောကြောင့် ခံသာအောင် လွှတ်ပစ် လိုက်တယ်။ လွှတ်ပစ်လိုက်တော့ ဝေဒနာ ချုပ်ပျောက်သွားတယ်။ ခံသာတော့ အမှန်မမြင်၊ အမှန်မမြင်တော့ ယထာဘူတ ဟုတ်မှန်သောဥာဏ်ကို မရ၊ ဤကဲ့သို့ မရသောကြောင့် သံသရာဝဋ်ထဲမှာ တလည်လည် ခံနေရတယ်။


ဤကဲ့သို့ ဒုက္ခသစ္စာဖြစ်တဲ့ ဝေဒနာကို ဗိုလ်ငါးပါး လက်ကိုင်ထားပြီး သုံးသပ်တော့ သူ့သဘောသူဆောင်ပြီး တစ်သံသရာလုံးက မတွေ့ မမြင်ဘူးသော ရုပ်+နာမ် ခန္ဓာသင်္ခါရတရားကို တွေ့မြင်ရရော။ အဲသည်တော့မှ စွဲလမ်းတဲ့ အယူဟာ ပြုတ်သင့်သလောက် ပြုတ်ပြီး ချမ်းသာသင့်သလောက် ချမ်းသာလိမ့်မယ်။ အဲသည်တော့မှ ရှေးရှေးသောအရိယာ သူတော်ကောင်းကြီးတွေဟာ ထိုဝဋ်ဆင်းရဲကြီးကို ကြောက်၍ တရားကို အားထုတ်ခြင်းကြောင့် ယထာဘူတဥာဏ်ကို ရရှိ၍ အမှန် ချမ်းသားပြီး ၀ဋ်ဆင်းရဲကို မလိုချင်၊ မလိုချင်တော့မပြုလုပ်၊ မပြုလုပ်တော့မရ မရတော့ မခံရ၊ မခံရတော့ ချမ်းသာတာလို ထို့အတူ အတုခိုးအားကျပြီး ပြုလုပ်ပါမူ အမှန်ကို ပိုင်းပိုင်းခြားခြား သိမြင်ပါမူ ၀ဋ်ဖြစ်ကြောင်း အလုပ်ကို မလုပ်။ မလုပ်တော့မရ မရတော့ ချမ်းသာသည်။ အဲသည် နှစ်လမ်းကို ကြိုက်ရာလမ်း သွားကြပေတော့။

(၁)မြင်တာကို သညာဖုံးတော့၊ သညာကို သင်္ကာရှင်းမှ၊ သင်္ကာကင်းမယ်။

(၂)မြင်တာကို သညာဖုံးတော့၊ သညာ-သင်္ကာမရှင်းက၊ သင်္ကာမကင်းဘူး။

ကဲ မြင်တာ သညာဖုံး ဆိုတာ တစ်ခြားမဟုတ်ဘူး မျက်စိက မြင်ရုံသာရှိတယ်။ လှပတင့်တယ် လိုချင်တယ် ဆိုတာ သညာ ခေါ်တယ်။ ၄င်းသညာကို သင်္ကာမရှင်းတော့ စွဲလမ်းမှု သံသယ မကင်းဘူး။ သင်္ကာရှင်းပုံမှာ မျက်စိက မြင်ရုံသာမြင်တယ်။ လှပတင့်တယ် လိုချင်တယ်ဆိုတာက သညာဟု ပညာက ဆုံးဖြတ်တော့ မလိုချင်ဘူး၊ မလိုချင်တာကို သင်္ကာရှင်းတယ်လို့ ဆိုရတယ်။

ဥပမာဆိုလျှင်
တစ်နည်းအားဖြင့် ဘဲမွေးသော ယောင်္ကျားနှင့် တူတယ်။ ဘဲမွေးသော ယောင်္ကျားသည် ကြက်မဥသောအခါ၊ ကြက်ဥကို ယူ၍ ဘဲဥကို ထည့်ထား၏ ။ ကြက်မက ဘဲဥကို ၀ပ်ရသဖြင့် ပေါက်ချိန်တန်သောအခါ ဘဲကလေးတွေပေါက်၍ လာ၏။ ကြက်မကြီးက မိမိသားပင် မှတ်ထင်ပြီး အစာယက်၍ ကျွေးခြင်း စောင့်ရှောက်ခြင်းတို့ကို ပြုလုပ်၏။

ဘဲသတ္တ၀ါသည် ရေ၌ ကျက်စားသည်ဖြစ်၍ တစ်နေ့သောအခါ ရေသို့ဆင်း၍ ကျက်စားလေသော် အမိဖြစ်သော ကြက်မကြီးက ရေသို့ မဆင်းနိုင်။ ကုန်းပေါ်က မှိုင်ပြီး ငါ့သားတွေ ငါ့သမီးတွေ လာခဲ့ကြ လာခဲ့ကြ လို့ အော်နေတာဟာ သင်္ကာမရှင်းတာနဲ့ တူတယ်။ ဘဲမွေးသော ယောင်္ကျားက ကြက်ဥကို ယူ၍ ဘဲဥကို လိမ်ထည့်ထားတော့ လောဘနှင့်တူသော ကြက်မကြီးက ငါ့ဟာ ငါ့ဟာ ဟု ထင်မှတ်စွဲလမ်းပြီး စောင့်ရှောက်ရသဖြင့် ပင်ပန်းဆင်းရဲခြင်း ခံရတယ်။ ဘဲသတ္တ၀ါကတော့ ပရမတ္တသဘာဝနဲ့ တူတယ်။ ငါ့ဟာ မှတ်ထင်ပြီး ငါ့သား ငါ့သမီးတွေ လာကြလို့ ကုန်းပေါ်က ရင်ကွဲအောင် ကတော်၍ ခေါ်ငြားသော်လည်း ပရမတ္တသဘာဝနှင့်တူသော ဘဲကလေးတွေက သူတို့ ကျက်စားနေကြ အာရုံသဘော ဖြစ်သောကြောင့် ကြက်မကြီးထံ လာချင်မှ လာမယ်။ အဲသည်တော့ ကြက်မကြီးမှာ ဒုက္ခရောက်ရတယ်။ ဘာကြောင့် ဒုက္ခရောက်ရသလဲဆိုတော့ သင်္ကာမရှင်းတတ်လို့ ရောက်ရတယ်။ ဒါ့ကြောင့် မြင်တာ သညာဖုံးတယ်။ သညာ သင်္ကာမရှင်းက သင်္ကာမကင်းဘူး ဆိုရတယ်။

အဲဒါကြောင့် မြင်တိုင်း-ကြားတိုင်း-လျက်တိုင်း-နံတိုင်း-တွေ့ထိတိုင်း တို့၌ ကာယတံခါးဝက သတိနှင့် စောင့်၍ သတ်သွားပါက သညာ ဥပါဒ် မဖြစ်တော့ဘဲ အမှန်ကို သိမြင်လာလိမ့်မယ်။

အဲသည် အမှန်သည် ပရမတ္တသဘောပဲ။ ပရမတ္တသဘောတရားဆိုတာ ဖြစ်ပျက်ခြင်း သဘောကို ဆိုတယ်။ “ရှေ့နှင့်နောက်ဟာ မတူပါ စဉ်လာ ဖြစ်ပျက်မှု” ဆိုသည့်အတိုင်း ငါ့အလိုမဟုတ်။ သူ့သဘော သူဆောင်တဲ့ သဘောတရား သက်သက်ပါ ကလားလို့ သိသည်နှင့် တစ်ပြိုင်နက် သင်္ကာ ရှင်းတော့တာဘဲ။ အဲသည်တော့မှ သဘောပေါ် သဘောကျ လာလိမ့်မယ်။ ဒါကြောင့် မြင်တာ သညာဖုံးတယ်၊ သညာ သင်္ကာရှင်းတော့ သင်္ကာကင်းတယ်။ အရှိကိုကြဉ် မရှိကို မြင်တတ်သည့် ပုထုဇဉ်ကန်း လို့ ဆိုတယ်။

မြင်းခြံမြို့ ကျေးဇူးရှင် စွန်းလွန်းဂူကျောင်း ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျယ်နှင့်တရားတော်များ မှ............

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Tuesday, August 31, 2010

ပုစ္ဆာ ၀ိသဇ္ဇနာ

မေး။ ။ တစ်ထောင့်ငါးရာ တည်းဟူသော ကိလေသာဟာ ခန္ဓာကိုယ်ကြီးတွင် ဘယ်နေရာက ကိန်းပါသတုံးဘုရား။

ဖြေ။ ။ သိချင်သလား၊ သိချင်လျှင် ဇာတိမြင်အောင်ကြည့်။ ဇာတိကိန်းတယ်။

မေး။ ။ ဘယ်လို ဇာတိ ဘယ်လို မြင်အောင် ကြည့်ရမှာတုံးဘုရား။

ဖြေ။ ။ မြေ,ရေ,လေ,မီး ဓာတ်ကြီးလေးပါး ရှိတယ် မဟုတ်လား။ ၄င်းဓာတ်ကြီးလေးပါးကို သင်္ခါရက ပြုပြင်ပေးတော့

သိမှု,မှတ်မှု,ခံစားမှု ဖြစ်ပေါ်၍လာတယ်။ အဲဒါ ဇာတိဘဲ။ အဲသည် ဇာတိကို မြင်အောင်ကြည့် သိလိမ့်မယ်။

မေး။ ။ နိဗ္ဗာန်အကြောင်းကို အမိန့်ရှိတော်မူပါဘုရား။


ဖြေ။ ။ နိဗ္ဗာန်အကြောင်း သိချင်သလား။ သိချင်လျှင် ဘင်စွန်း မြင်အောင်ကြည့်က သိလိမ့်မယ်။

မေး။ ။ ဘယ်လို ဘင်စွန်း ဘယ်လို မြင်အောင်ကြည့်ရမှာတုံး ဘုရား။

ဖြေ။ ။ ယောဂီပုဂ္ဂိုလ်တစ်ယောက်သည် မိမိခန္ဓာကိုယ်ကို သတိနှင့်သုံးသပ်၍ သမာဓိ ကြီးထွားလာသော် စိတ်,

စေတသိက်, ရုပ်ဆိုတဲ့ တရားသုံးပါးကို ပိုင်းပိုင်းခြားခြား မြင်သောအခါ သည်ဒုက္ခကြီးဟာ ဘယ်သူ့ကြောင့်လဲလို့

စိစစ်လိုက်တော့ လုပ်ပေးတတ်တဲ့ လောဘတည်းဟူသော သမုဒယကို မြင်တော့ မဂ်က အနုသယကို ပယ်သတ်လိုက်တာနှင့်

ဥပါဒ်, ဌီ , ဘင် ဆိုတဲ့ အကြောင်းအကျိုးပြတ်တာကို ဘင်စွန်းခေါ်တယ်။ အဲဒီ ဘင်စွန်းကို ပြောတာ။

မေး။ ။ မိမိခန္ဓာကိုယ်ကို ထိတော့ သိတယ်လို့ပြောတယ် ဘုရား။ သိတယ်ဆိုတာ သူ့ချည်းဘဲ သိတာလား။

သူတကာနှင့် ရောစပ်မှ သိတာလားဘုရား။

ဖြေ။ ။ ရောစပ်မှ သိတယ်။

မေး။ ။ ရောစပ်သူ ထည့်ပေးပါဘုရား။

ဖြေ။ ။ဝေဒနာ-သညာ-၀ိညာဏ် ထိုသုံးချက်စုမှ သိမှု ဖြစ်တယ်။

မေး။ ။ စုပေးတဲ့သူ ရှိသေးသလားဘုရား။

ဖြေ။ ။ ရှိတယ်။

မေး။ ။ ရှိလျှင် ထည့်ပေးပါဘုရား။

ဖြေ။ ။ ဝေဒနာ-သညာ-၀ိညာဏ် ထိုသုံးချက်ကို သင်္ခါရက မြေ-ရေ-လေ-မီး ဓာတ်ကြီးလေးပါး တံခါးမှာ စုပေးတော့

သိမှု,မှတ်မှု,ခံစားမှု ဖြစ်ပေါ်၍ လာသည်ကို သိတယ်လို့ခေါ်တယ်။


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

အသားစားရှောင်ကြဉ်ခြင်းအကျိုး

အသားစားရှောင်ကြဉ်သူသည်

(၁)ယခုဘ၀မှာပင် မျက်နှာမြင် ချစ်ခင်ကြခြင်း။

(၂)အသံကြား ကြည်ညိုကြခြင်း။

(၃)ရောဂါဝေဒနာ ကင်းခြင်း။

(၄)စိတ်ရော ကိုယ်ပါ ချမ်းသာခြင်း။

(၅)မိသားစု ဆွေမျိုးများနဲ့ အသက်ထက်ဆုံး ကြည်လင် ချမ်းမြနေထိုင်ရခြင်း။

(၆)ရန်သူ မရှိခြင်း။

(၇)သေနေ့မစေ့မီ မသေရခြင်း။

(၈)သူတစ်ပါးပယောဂ သေခြင်းဆိုးနဲ့ မသေရခြင်း။

(၉)သွားလေရာ မျက်နှာပွင့်လန်းခြင်း။

ဆိုတဲ့ အကျိုးကိုးမျိုးကို မျက်မှောက်ဘ၀မှာတင် ရရှိနိုင်ပါတယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Sunday, July 18, 2010

အဓမ္မမလွှမ်းမိုးနိုင်အောင် မိမိဘ၀ကို အနစ်နာခံနိုင်ရမည်

သံသရာသက်တမ်းနှင့် စာလိုက်လျှင် လူ့ဘ၀သက်တမ်းသည် ဘာမျှကြာသည်မဟုတ်။ ရေပွက်ပမာ ခဏတာမျှသာဖြစ်သည်။ ထိုမျှတိုတောင်းလှသော ကာလအတွင်း၌ အသက်ရှင်နေထိုင်ရစဉ် လူတို့သည် ကျီးလန့်စာ စားသကဲ့သို့ သောကကို ရင်ဝယ်ပိုက်ပြီး နေထိုင်ကြရမည်ဆိုပါက အဓိပ္ပါယ်ရှိလှမည် မဟုတ်။

ကျီးလန့်စာ စားနေရသကဲ့သို့ သောကကို ရင်ဝယ်ပိုက်ပြီး နေထိုင်ရခြင်းသည်လည်း မိမိ၏ ပတ်ဝန်းကျင်ရှိ လူသားများက မိမိနှင့် ဆက်ဆံရာတွင် မိမိအပေါ်အမြဲတမ်း အနိုင်ကျင့်ဝါဒကို ကျင့်သုံးနေကြသောကြောင့် ဖြစ်၏ ။ အနိုင်ကျင့်ဝါဒ ဟူသည်မှာ ကိုယ်ကျင့်သိက္ခာမဲ့မှုအပေါ် အခြေခံ၍ ဖြစ်ပေါ်လာသော ၀ါဒပင် ဖြစ်သည်။ ထို့ကြောင့် မည်သည့်လူသားမဆို ကိုယ်ကျင့်သိက္ခာမဲ့သော ပတ်ဝန်းကျင်၌ မနေလိုခြင်း ဖြစ်၏ ။ သို့ရာတွင် မိမိက ကိုယ်ကျင့်သိက္ခာမဲ့သော ပတ်ဝန်းကျင်၌ မနေလိုပါဘဲလျက် မိမိကိုယ်တိုင်က တစ်ဖန် ကိုယ်ကျင့်သိက္ခာမဲ့သော အပြုအမူများကို ပြုမူနေပြန်လေရာ၊ ကမ္မနိယာမအရ မိမိ၏ ဘ၀ကို မိမိကပင် ဖန်တီးရာ ရောက်ပြီး ဘယ်သူမပြု မိမိမှုပင် ဖြစ်လေ၏ ။
မိမိ၏ ပတ်ဝန်းကျင်က အနိုင်ကျင့်ဝါဒအရ မိမိအပေါ် ကိုယ်ကျင့်သိက္ခာမဲ့သော အပြုမအမူမျိုးကို မလုပ်စေလိုပါလျှင် မိမိကလည်း မိမိ၏ ပတ်ဝန်းကျင်အပေါ် ကိုယ်ကျင့်သိက္ခာမဲ့သော အပြုအမူများကို မလုပ်မိဖို့ လိုပါ၏။ သို့မှသာ မိမိ၏ ဘ၀နှင့် မိမိ၏ ပတ်ဝန်းကျင်သည် ၀ိရောဓိ မဖြစ်ပဲ အနုရောဓိ သဘောသို့ သက်ရောက်ကာ လိုက်လျောညီထွေ ဖြစ်စေလိမ့်မည်။
မိမိ၏ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းသော ပတ်ဝန်းကျင် ဖြစ်အောင် ဆောင်ရွက်ရေးနှင့်ပတ်သက်၍ လိုက်နာ ကျင့်သုံးရန် ဘ၀နေနည်းနှင့် ပတ်သက်၍ ကျင့်စဉ်တစ်ခုကို သူတော်စင်များက သတ်မှတ်ထား၏။ ယင်းကျင့်စဉ်ကို "ဟာနောပါဒါန" ဟုခေါ်၏။ ဟာနောပါဒါန ဟူသည်မှာ ဟာန+ဥပါဒါန=ဟာနောပါဒါန ဟူ၍ ဖြစ်၏။ ထိုတွင် “ဟာန” ၏ သဒ္ဒါအနက်မှာ နုတ်ခြင်း၊ အလျှော့ပေးခြင်း ဟူ၍ ဖြစ်၏။ နုတ်ခြင်း၊ အလျှော့ပေးခြင်း ဟူသည်မှာ အနစ်နာခံခြင်း ဖြစ်၏။ ဥပါဒါန၏ သဒ္ဒါအနက်မှာ ပေါင်းခြင်း၊ ဆွဲယူခြင်း ဖြစ်၏။ ပေါင်းခြင်း၊ ဆွဲယူခြင်း ဟူသည်မှာ သူတစ်ပါးအကျိုးကို ဆောင်ရွက်ပေးခြင်း ဖြစ်၏။ ထို့ကြောင့် “ဟာနောပါဒါန” ဟူသော ဘ၀နေနည်းအရ လူသည် မိမိ အသက်ရှင်နေသမျှ ကာလပတ်လုံး ပတ်ဝန်းကျင်နှင့် မလွဲမသွေ ဆက်ဆံနေရမည် ဖြစ်လေရာ ထိုသို့ဆက်ဆံရာ၌ မိမိဘက်က အလျှော့ပေးပြီး သူ့ဘက်ကို ပံ့ပိုးရမည် ဖြစ်၏။
လောကတွင် အ၀ိုင်းလည်းရှိ၏။ လေးထောင့်လည်းရှိ၏။ အ၀ိုင်းနှင့် လေးထောင့်ကို တစ်ထပ်တည်း ကျအောင် လုပ်လိုပါက ဤဟာနောပါဒါန သဘောကို ကျင့်သုံးပြီး “ဟာန” အရ ခုတ်လှီးသင့်သည်ကို ခုတ်လှီးရ၏။ “ဥပါဒါန”အရ ဖြည့်စွက်သင့်သည်ကို ဖြည့်စွက်ရ၏။ ထိုအခါမှသာ အ၀ိုင်းနှင့်လေးထောင့်သည် တစ်ထပ်တည်း ကျမည် ဖြစ်၏။ လူမှုဆက်ဆံရေး နယ်ပယ်တွင်လည်း လူဟူသည် ပုထုဇဉ်တို့၏ ဗီဇစိတ်ဓာတ်အရ မိမိဘက်ကသာ အသာချည်း ယူချင်၏။ မော်တော်ယဉ် စီးရာ၌ပင် ကျပ်တန် အဟောင်းနှင့် ကျပ်တန် အသစ် နှစ်ရွက်ရှိပါက ကျပ်တန်အဟောင်းကိုသာ ကားခ အဖြစ်ပေး၏။ ကျပ်တန်အသစ်ကို ကားခအဖြစ်မပေး။ ဤသို့သော အသေးအဖွဲ ကိစ္စလေးမျိုး၌ပင် လူသည် အသာယူချင်၏။
အကြီးအမား ကိစ္စမျိုး၌မူ ဆိုဖွယ်မရှိ ။ အသာယူချင်သည်သာ ဖြစ်၏။ ဤသည်မှာ ပုထုဇဉ် လူသားတို့၏ ဗီဇ စိတ်ဓာတ်ကြောင့်ဖြစ်၏။ ထိုဗီဇ စိတ်ဓာတ်ကလည်း အစမထင် သံသရာမှစ၍ ပုထုဇဉ်တို့၏ သံသရာ၌ ကိန်းအောင်းနေခဲ့လေရာ ထိုဗီဇစိတ်ဓာတ်ကို ပယ်ဖို့မလွယ်။ အရိယာ အဖြစ်သို့ ရောက်ပါမှသာ မဂ် ဖိုလ် ဖြင့် မြစ်ပြတ်ပယ်နိုင်မည် ဖြစ်၏။ ပုထုဇဉ် လူသားများအနေဖြင့် မြစ်ပြတ်မပယ်နိုင်စေကာမူ ပါးအောင်တော့ လုပ်၍ ရပါ၏။
ပုထုဇဉ်တို့သည် အခွင့်အရေး ဟူသမျှကို မရလျှင် ရအောင်ယူချင်၏။ ဤသည်မှာ တဏှာပြဋ္ဌာန်းသည့် သဘော ဖြစ်၏။ ယင်းကို “လာဘ” ၌ သွင်းယူအပ်၏။ မိမိကိုယ်ကို အခိုင်အမာပြု၍ ပတ်ဝန်းကျင်၏ အလေးအမြတ် ပြုခြင်းကိုလည်း ခံချင်၏။ ဤသည်မှာ ဒိဋ္ဌိ ပြဋ္ဌာန်းသည့် သဘော ဖြစ်၏။ ယင်းကို “သက္ကာရ” ၌ သွင်းယူအပ်၏။ ယှဉ်လိုက်လျှင် သူများထက်လည်း သာချင်၏။ ဤသည်မှာ မာန ပြဋ္ဌာန်းသည့် သဘော ဖြစ်၏။ ယင်းကို “သိလောက” ၌ သွင်းယူအပ်၏။ သဒ္ဒါနက်အားဖြင့် “လာဘ” ဟူသည်မှာ ရယူလိုခြင်း ဖြစ်၏။ “သက္ကာရ” ဟူသည်မှာ အလေးအမြတ်ပြု ခံယူလိုခြင်း ဖြစ်၏။ “သိလောက” ဟူသည်မှာ ထင်ပေါ်ကျော်ကြားလိုခြင်း ဖြစ်၏။ အမှန်အားဖြင့် ပုထုဇဉ်တို့၏ ဗီဇ စိတ်ဓာတ်တွင် တဏှာ၊ မာန၊ ဒိဋ္ဌိ တို့သည် ပဓာန ကျလေ၏။ ပုထုဇဉ်တို့၏ ဗီဇ စိတ်ဓာတ်ကို မထိန်းချုပ်နိုင်သမျှ ကာလပတ်လုံး လူတို့သည် အချင်းချင်းဆက်ဆံရာ၌ အ၀ိုင်းနှင့်လေးထောင့် သဖွယ်ချည်းသာ ဖြစ်နေကြမည် ဖြစ်၏။ ထို့ကြောင့် အ၀ိုင်းနှင့် လေးထောင့်ကို တစ်ထပ်တည်းကျအောင် လုပ်နိုင်သော ဟာနောပါဒါန မည်သော ဘ၀နေနည်းကို သူတော်စင် ပညာရှင်များက ညွှန်ကြားကြခြင်း ဖြစ်၏။
လူမှုဆက်ဆံရေး နယ်ပယ်၌ အ၀ိုင်းနှင့်လေးထောင့်ကို တစ်ထပ်တည်းကျအောင် လုပ်ရာတွင် မိမိဘက်က အနာခံပြီး သူ့ဘက်ကို အသာစံစေဖို့ ဆိုသည်မှာ မိမိသန္တာန်၌ ကိန်နေသော တဏှာ၊ မာန၊ ဒိဋ္ဌိ ဦးဆောင်သော ကိလေသာတို့ကို ပါးအောင်လုပ်နိုင်မှ ဖြစ်၏။ တဏှာ၊ မာန ၊ဒိဋ္ဌိ ဦးဆောင်သော ကိလေသာများကို ပါးအောင် လုပ်ရာတွင် သီလ စောင့်ထိန်းခြင်းသည် အကောင်းဆုံးဖြစ်၏။ သီလကို စောင့်ထိန်းသောအခါ ဘုရားကိုလည်း ဖူးမိလျှက်သား ဖြစ်၏။ တရားကိုလည်း နာမိလျှက်သား ဖြစ်၏။ သံဃာတော်များကိုလည်း ဆည်းကပ်မိလျှက်သား ဖြစ်၏။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Sunday, May 30, 2010

စိတ်ကောင်းကြည်လင် ၀မ်းမြောက်လျှင်

“စိတ်ကောင်းကြည်လင် ၀မ်းမြောက်လျှင်” ဆိုတာ စိတ်ကကောင်းတာရယ်၊ စိတ်ကကြည်လင်တာရယ်၊ ၀မ်းမြောက်တာရယ်ကို ပြောတာနော်။ စိတ်ကောင်းကောင်းထားရတယ်၊ သူတကာ စိတ်ဆိုးလည်း မဆိုးရဘူး။ စိတ်ကြည်ကြည်လင်လင် ထားရတယ်။ စိတ်ထဲမှာ အနှောင့်အယှက်တွေ မရှိရဘူး။ ၀မ်းမြောက်ရတယ်။ ၀မ်းမနည်းရဘူး။ ၀မ်းနည်းတာကို မတတ်နိုင်တဲ့ ဒေါသခေါ်တယ်။

“စိတ်ကောင်း, ကြည်လင် , ၀မ်းမြောက်လျှင်၊

သုံးအင်ပုည ပြည့်စုံကြ၊

ပုညပြည့်စုံ လူနတ်ဘုံ သူဌေးဖြစ်ရ လူ့ဘ၀”။

စိတ်ကောင်းတာရယ်၊ စိတ်ကြည်လင်တာရယ်၊ ၀မ်းမြောက်တာရယ် အဲဒီ (၃)ပါးနဲ့ပြည့်စုံရင် ကုသိုလ်ကောင်းမှု့နဲ့ပြည့်စုံတယ်တဲ့။ အဲဒီ ကုသိုလ်တွေနဲ့ပြည့်စုံလို့ရှိရင် ဘယ်ရောက်ရောက် လူချမ်းသာတွေ စိတ်ချမ်းသာတွေ ဖြစ်တယ်တဲ့။ “သူဌေးဖြစ်ရ လူ့ဘ၀” ဆိုတာ “စိတ်သူဌေး” ကိုပြောတာ၊ စိတ်မဆင်းရဲတော့ဘူး။

“စိတ်ဆိုးစိတ်ညစ် ကိုယ့်ကြောင့်ဖြစ်၊

ပစ်ပယ်သူတကာ”။

စိတ်ဆိုးတယ်၊ စိတ်ညစ်တယ်ဆိုတာ သူတကာကြောင့်မဟုတ်ဘူးတဲ့။ “ကိုယ့်ကြောင့်” ဖြစ်တယ်။ ကိုယ်ရှိရင် စိတ်က ညစ်တတ်တယ်၊ ကိုယ်မရှိရင် စိတ်ကမညစ်တော့ဘူး။ “ကိုယ်”ကြောင့်ဖြစ်တယ်၊ “ကိုယ်” မရှိနဲ့။ ကိုယ်တွေ(ငါတွေ) မထားနဲ့။ မြင်တာ ကမျက်စေ့၊ ကြားတာကနား၊ နံတာက နှာခေါင်း၊ စားတာကလျှာ၊ ထိတာက ကိုယ်၊ ကြံတာက စိတ်၊ အဲဒါကို “ငါ” လုပ်ရင် စိတ်ညစ်တယ်တဲ့။ အဲဒါတွေကို “ငါ” လို့ မလုပ်နဲ့ ဟုတ်လား။

တချို့က ....ငါနှယ်နော် စိတ်ညစ်လိုက်တာနဲ့ .......အဲလို ညည်းကြတယ်။ အဲဒါ “ငါ” ရှိလို့။ “ငါ” မရှိနဲ့။ သူလည်း ရုပ်နာမ်ပဲ ကိုယ်လည်းရုပ်နာမ်ပဲ။ အဲဒါကို “ငါ” လို့ မသိမ်းပိုက်နဲ့။ မသိမ်းပိုက်လို့ရှိရင် စိတ်မညစ်တော့ဘူး။ သူလည်း ရုပ်နာမ်၊ ကိုယ်လည်း ရုပ်နာမ်၊ အဲဒီ ရုပ်နာမ်ကို “ငါ” “ငါ့ဥစ္စာ” လို့ သိမ်းပိုက်လိုက်လို့ စိတ်ဆိုးတွေ စိတ်ညစ်တွေ ဖြစ်တာ။

“အဟံတိဝါ၊ မမံတိဝါ”

“အဟံ တိ ၀ါ -ငါ ဟူ၍ လည်းကောင်း၊ မမံ တိဝါ - ငါ၏ဥစ္စာ ဟူ၍ လည်းကောင်း၊ ဂဟဏာ ဘာဝေန - ယူခြင်းမရှိသည်၏ စွမ်းအားဖြင့်” . . .ငါ, ငါ့ဥစ္စာလို့ မယူခဲ့လို့ရှိရင်တဲ့ အပူတွေ မရှိဘူးတဲ့။ အပူတွေရှိတော့ “ငါ” ဆိုတော့ စဉ်းစားတတ်တယ်၊ “ငါ” ဖြစ်သွားတယ်။ စဉ်းစားတာကို “ငါ” လို့ မယူနဲ့။ “ငါ” လို့ ယူလို့ရှိရင် စိတ်ညစ်တတ်တယ်။ “စိတ်ဆိုး စိတ်ညစ် ကိုယ့်ကြောင့်ဖြစ်” ...မျက်စေ့က စိတ်ဆိုးတာ မဟုတ်ဘူး၊ နားကလည်း စိတ်မဆိုးဘူး၊ “ငါ” က စိတ်ဆိုးတယ် ဟုတ်ကဲ့လား။ “ငါ” မရှိရင် စိတ်မဆိုးတော့ဘူး။ အဲလို မှတ်ထားနော်။ “ငါ” ဆိုတာက ဒိဋ္ဌိ ခေါ်တယ်။

“ဣဒါနိ ဖလပဉ္စကံ” .. ဤပစ္စုပ္ပန်တွင် အကျိုး(၅)ပါးရှိတယ်။

“ဣဒါနိ ဟေတဝေါပဉ္စ” ..ဤပစ္စုပ္ပန်ကလည်း အကြောင်း(၅)ပါးရှိတယ်တဲ့။

အဲဒါ စိတ်ညစ်တာတွေက ..စိတ်ဆိုးတာတွေက , ငါတွေက, ဒိဋ္ဌိတွေက, အဲဒီ အ၀ိဇ္ဇာတို့, တဏှာတို့, ဥပါဒါန်တို့ဆိုတာ ပစ္စုပ္ပန်အကြောင်းတွေတဲ့။ အဲဒါတွေ မရှိရဘူးတဲ့။ ပစ္စုပ္ပန်မှာ အကျိုး(၅)ပါးဆိုတာ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာကို ခေါ်တယ်။ အဲဒီ ပစ္စုပ္ပန်ထဲမှာ အကြောင်းမရောက်အောင် ဂရုစိုက်ရတယ်။ ပစ္စုပ္ပန်ထဲ အကြောင်းမရောက်လို့ရှိရင် “အာယတိံ ဖလပဉ္စကံ” ဆိုတာ နောင်မှာ အနာဂတ်မှာ အကျိုးမရှိတော့ဘူးတဲ့။ အဲလို မှတ်ထား။ ပစ္စုပ္ပန်မှာ အကြောင်း ဖြစ်တတ်တယ်တဲ့။ အကြောင်းက ဘယ်သူတုန်းဆိုတော့ “စိတ်ဆိုးစိတ်ညစ် ကိုယ့်ကြောင့်ဖြစ်”တဲ့။ စိတ်က ၀ိပါက်၊ စိတ်ကအကျိုး(၅)ပါး။ ပြီးတော့ စိတ်ဆိုး စိတ်ညစ်တာက အကြောင်း(၅)ပါး ဖြစ်သွားတယ်တဲ့။ အကြောင်း(၅)ပါးကြောင့် စိတ်ညစ်တယ်။ စိတ်ကတော့ အကျိုးပဲ။ အကြောင်း(၅)ပါးမရှိရင် စိတ်မညစ်တော့ဘူး...ဟုတ်လား။ စိတ်မညစ်လို့ရှိရင် နိဗ္ဗာန်လို့ ခေါ်တယ်။
“စိတ်ဆိုးစိတ်ညစ် ကိုယ့်ကြောင့်ဖြစ်”
“ကိုယ်ဆိုတာ “ဒိဋ္ဌိ” ကိုခေါ်တယ်။ ဒိဋ္ဌိဆိုတာ အ၀ိဇ္ဇာ, တဏှာ ရှိမှ ဒိဋ္ဌိ ရှိတယ်။ အ၀ိဇ္ဇာ, တဏှာ ဆိုတာကလည်း “လူ” တွေရှိမှ အ၀ိဇ္ဇာ,တဏှာ ရှိတယ်။ စိတ်ထဲမှာ လူတွေလို့ မထားရဘူး.. . .ဟုတကဲ့လား။ လူတွေလို့ထားရင် အ၀ိဇ္ဇာ, တဏှာ ဖြစ်တယ်တဲ့။ အ၀ိဇ္ဇာ, တဏှာ ဖြစ်ရင် စိတ်ဆိုးစိတ်ညစ် ဖြစ်တယ်တဲ့။

စိတ်ဆိုး စိတ်ညစ်လို့ရှိရင် “ကိုယ်”ကြောင့် ဖြစ်သွားတယ်တဲ့။ “ကိုယ်” ရှိသွားတယ်။ ရှေးတုန်းကတော့ မြတ်စွာဘုရား လက်ထက်တုန်းက “ကိုယ်”မရှိဘူး. . . ဟုတ်ကဲ့လား။ ကိုယ်မရှိတော့ စိတ်ဆိုးစိတ်ညစ်တွေ မရှိတော့ဘူး။ စိတ်ဆိုးစိတ်ညစ် မရှိလို့ရှိရင် စိတ်ကောင်းကြည်လင်တွေ ဖြစ်သွားတယ်တဲ့။ စိတ်ကောင်းကြည်လင် ဖြစ်သွားလို့ရှိရင် နိဗ္ဗာန်ရောက်တော့တာပဲ။

“စိတ်ဆိုးစိတ်ညစ် ကိုယ့်ကြောင့်ဖြစ်၊ပယ်ပစ်သူတကာ” သူတကာရယ်လို့ မဟုတ်ဘူး၊ သူတကာကို အပြစ်တင်တတ်တယ်။ အပြစ်လည်းတင်မနေနဲ့တော့။ “ငါ” လို့လည်း မသိမ်းပိုက်နဲ့။ အပြစ်ရှိလာရင်လည်း ငါလို့ မသိမ်းပိုက်နဲ့၊ အပြစ်မရှိလည်း ငါလို့ မသိမ်းပိုက်နဲ့။ အဲလို ဒီအတိုင်ပဲနေ။ ငါလို့ သိမ်းပိုက်လိုက်တော့ စိတ်ဆိုးစိတ်ညစ် ဖြစ်တတ်တယ်။“စိတ်ဆိုးစိတ်ညစ် ကိုယ့်ကြောင့်ဖြစ်”

စိတ်ဆိုးစိတ်ညစ်က ကိုယ့်ကြောင့်ပဲ။ “ကိုယ်” ဆိုတာ “ငါ” ပါပဲလား၊ မျက်စေ့မြင်တာလည်း ငါ၊ နားကြားတာလည်း ငါ၊ ဒီလို ယူထားကြတာ မဟုတ်ဘူးလား။ အဲလို “ငါ” လို့ သိမ်းပိုက်ထားကြတာ။
“အနာဒါန ဘာဝေန” ငါဟူ၍ မယူနဲ့တဲ့။ ထိုင်နေတာလည်း “ငါ”လို့ မယူနဲ့တဲ့။ ထသွားတာလည်း ငါလို့ မယူနဲ့။
“ဂဟဏာ ဘာဝေန” မယူသည်၏ စွမ်းအားဖြင့် လွတ်မြောင်၏တဲ့။

“ငါ” က လွတ်မြောက်သွားတယ်. . . ရိပ်မိလား။ ဘယ်ထဲ ဘာဖြစ်သွားသွား “ငါ” က လွတ်မြောက်ရင် လွတ်မြောက်တာပဲ။ ဘာမဆို “ငါ” မလွတ်မြောက်ရင်.... သူ့ထောင် ..သူ့ဟာသူ လုပ်တာတဲ့။ လူတွေက ကိုယ့်ထောင် ကိုယ့်ဟာကို လုပ်နေကြတယ်တဲ့။ အဲဒါဘယ်သူတုန်းဆိုတော့ ..ကိုယ့်ဟာကိုယ်လုပ်တာ “ငါ” ခေါ်တယ်။

စိတ်ဆိုး စိတ်ညစ် ကိုယ့်ကြောင့်ဖြစ်၊ ပယ်ပစ်သူတကာ
စိတ်ညစ် ပယ်ချိုး စိတ်မဆိုး၊ ရောက်ရိုးနိဗ္ဗူတာ
နိဗ္ဗူတာ ဆိုတာက လွတ်မြောက်တာကို ခေါ်တယ်။ “မောက္ခောနိရောဓေါ နိဗ္ဗာနံ” တဲ့။ မောက္ခ . . . လွတ်မြောက်တာ၊ “စိတ်ရဲ့လွတ်မြောက်ခြင်း” ကို ခေါ်တယ်။ စိတ်ကို ဘယ်သူက ဖမ်းထားတုံး, ယူထားတုံး ဆိုတော့ . . . .“ငါ” က ယူထားလို့။ အဲဒါကြောင့် သူ့ကို မလွတ်မြောက်နိုင်ရင်. . . သူက . . .တော်ကြာကျ ဟိုဟာ မကောင်းဘူးလေး၊ ဒီဟာ မကောင်းဘူးလေးနဲ့ စဉ်းစားတယ်။ အဲဒါ ဘယ်သူတုံး ဆိုတော့ “ငါ”၊ “ငါ” ဆိုတာ “ I”

“မျက်စေ့ကမြင် မနှိုင်းယှဉ်၊ ဤတွင် တရားရ။”
“နားကကြားလျှင် မနှိုင်းယှဉ်၊ ဤတွင် တရားရ။”

ဘယ်သူက ကြားတုံး (နားကကြားတာပါဘုရား) ၊ ဘယ်သူ့နားတုံး . . .“နာမ်ရုပ်” ရဲ့ နား။ “ငါ့” နားမဟုတ်ဘူးနော်။ ကြားတာက နားကကြားတာ။ ဒါကြောင့် အနတ္တာ . . . ငါ မဟုတ်။ “ငါ” လို့ မသိမ်းပိုက်တာကို ခေါ်တယ်။

မြင်တာကရော ဘယ်သူကမြင်တုံး (မျက်စေ့ကပါ ဘုရား) ၊ နံတာကရော ဘယ်သူက နံတုံး (နှာခေါင်းကပါ ဘုရား) ဘယ်သူက စားတုံး ( လျှာကပါ ဘုရား) ဘယ်သူက ထိတုံး (ကိုယ်က ထိတာပါ ဘုရား)၊ ဘယ်သူကကြံတုံး (စိတ်ကပါ ဘုရား)၊ အဲဒါကို ငါလို့ သိမ်းပိုက်ထားကြလို့၊ မသိမ်းပိုက်နဲ့။ သူ့ဟာသူကြံ၊ သူ့ဟာသူဆိုလို့ရှိရင် ဘာမှ မဟုတ်ဘူး၊သူ့ဟာသူ လွတ်မြောက်သွားတယ်တဲ့။

ကိုယ့်ဟာကို စဉ်းစားတယ် . . . ဟုတ်လား။ စဉ်းစားတာက စိတ်နဲ့ အာရုံနဲ့တွေ့တော့ စဉ်းစားတယ်။ စိတ်နဲ့အာရုံနဲ့တွေ့တော့ အဲဒီစိတ်နဲ့ အာရုံနဲ့ကို မပေါင်းသင်းဘဲ နေလိုက်လို့ ရှိရင် သူ့ဟာသူ လွတ်မြောက်သွားတယ်. . .ဟုတ်ကဲ့လား။ (မှန်ပါဘုရား)

ဆိုစမ်း . . . “ရူပါရုံ, သဒ္ဒါရုံ (၆) အာရုံ ခေါ်တုံ ဟိုဘက်ကမ်း” ရူပါရုံ , သဒ္ဒါရုံတွေ၊ မြင်တဲ့ဟာ, ကြားတဲ့ဟာတွေက ဟိုဘက်ကမ်းတဲ့။ “လူ” တွေမဟုတ်ဘူးတဲ့။

“ရူပါရုံ, သဒ္ဒါရုံ (၆) အာရုံ ခေါ်တုံ ဟိုဘက်ကမ်း”

“မျက်စေ့၊ နား၊ နှာ ၊ လျှာ ၊ ကိုယ်၊ မန. . .(၆) ဒွါရ၊ ခေါ်ကြ ဒီဘက်ကမ်း။”

မျက်စေ့တွေ နားတွေက ဒီဘက်ကမ်း၊ ရူပါရုံတွေက ဟိုဘက်ကမ်း၊ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းနဲ့ သွားပြီးတော့ “ငါ” လို့ မယူရဘူး . . . .. ဟုတ်ကဲ့လား။

“အဟံတိဝါ - ငါဟူ၍လည်းကောင်း၊ မမံတိဝါ- ငါ၏ဥစ္စာဟူ၍လည်းကောင်း၊ ဂဟဏာဘာဝေန- ယူခြင်းမရှိသည်၏ စွမ်းအားဖြင့်၊ ၀ိ ဒရထာ - ပူပန်ခြင်းမှ ကင်းကြကုန်၏” တဲ့။ ဟိုဘက်ကမ်း ဒီဘက်ကမ်းကို ငါလို့မယူလိုက်လို့ရှိရင် အပူကင်းတယ်တဲ့။

“ကမ်းပါးကိုမူ ငါမယူ ထိုသူအပူကင်းသတည်း” . . . အပူကင်းချင်ရင် ဟိုဟာက ဟိုဘက်ကမ်း၊ ဒီဟာက ဒီဘက်ကမ်းလို့ ဆိုလိုက်ရင် ပြီးသွားတာပဲ။ မင်းတို့ကတော့ လူမူရေးတွေ ဘာတွေနဲ့ မကောင်းဘူးလေး ကောင်းတယ်လေးနဲ့ အဲလို ဖြစ်နေကြတယ်. . . ဟုတ်ကဲ့လား။

နိဗ္ဗာန်ရောက်တယ်ဆိုတာ ဘယ်လိုဟာတုံးဆရာ့. . .ဆိုတော့ စိတ်ညစ်တာတွေ မရှိတာတဲ့။ စိတ်ဆိုတာ လောကီဆိုတာ ညစ်တတ်တယ်။ အဲဒါ မညစ်အောင် ကိုယ့်ဟာကို ရှင်းရတယ်။
“စိတ်ကောင်း, ကြည်လင်, ၀မ်းမြောက်လျှင် သုံးအင်ပုည ပြည့်စုံကြ၊
ပုည ပြည့်စုံ လူနတ်ဘုံ၊ သူဌေးဖြစ်ရ လူ့ဘ၀။
စိတ်ဆိုးစိတ်ညစ် ကိုယ့်ကြောင့်ဖြစ် ပယ်ပစ်သူတကာ”။

သူတကာဆိုတာကလည်း အ၀ိဇ္ဇာရှိရင် သူတကာရှိတယ်။ အ၀ိဇ္ဇာမရှိရင် သူတကာ မရှိဘူး။ တဏှာရှိရင် သူတကာ ရှိတယ်၊ တဏှာမရှိရင် သူတကာ မရှိဘူး။

စိတ်ဆိုးစိတ်ညစ်၊ ကိုယ့်ကြောင့်ဖြစ် ပယ်ပစ်သူတကာ၊ စိတ်ညစ်ပယ်ချိုး၊ စိတ်မဆိုး၊ ရောက်ရိုး နိဗ္ဗူတာ”
စိတ်မဆိုးဘူး၊ စိတ်မညစ်ဘူးဆိုရင် အဲဒါ ....နိဗ္ဗာန်ရောက်သွားတယ်။ စိတ်ဆိုး စိတ်ညစ်တယ်ဆိုတာ သူတကာကြောင့်၊ ကိုယ့်ကြောင့်၊ သူ့ကြောင့်နဲ့။ သူ့ကြောင့်၊ ကိုယ့်ကြောင့်ဆိုတာ ဘာလဲဆိုတော့ “အ၀ိဇ္ဇာ ၊ တဏှာ၊ ဥပါဒါန်” ပဲ။ သူ့ကြောင့်၊ ကိုယ့်ကြောင့် မရှိရင် အဲဒီ အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် မရှိတော့ဘူး။ အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် မရှိရင်လည်း သူ့ကြောင့် ကိုယ့်ကြောင့် မရှိတော့ဘူး။

သူ့ကြောင့် ကိုယ့်ကြောင့် မရှိရင် စိတ်ဆိုးတာလည်း မရှိဘူး စိတ်ညစ်စရာ မရှိဘူးတဲ့။ အဲဒါ နိဗ္ဗာန်ပဲ။ ကဲ . . တော်ကြဦးစို့။

တပည့်တော်တို့၏ ဤအလှူသည် သူ့ကြောင့်၊ ကိုယ့်ကြောင့် မရှိသော အ၀ိဇ္ဇာ, တဏှာ, ဥပါဒါန် မရှိသော နိဗ္ဗာန် အကျိုးဌာ ဖြစ်ပါစေသတည်း။ ဤကောင်းမှုကို အမိ ၊ အဖ၊ ဆရာသမား အစထား၍ ဝေနေယျတို့အားလည်း အမျှပေးပါကုန်၏။ အားလုံး အမျှရကြ၍ သာဓုအနုမောဒနာ ခေါ်နိုင်ကြပါစေကုန်သတည်း။ အားလုံး အမျှ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်လော့။

(သာဓု, သာဓု, သာဓု)
ပခုက္ကူဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒောဘာသ ၏ စိတ်ကောင်းကြည်လင် ၀မ်းမြောက်လျှင် တရားတော်မှ. . .

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

လူ

“မသိ” တစ်ခြား “သိ” တစ်ခြား

နှစ်ပါး ရုပ်နဲ့နာမ်၊

မသိအသိ ပေါင်းဖက်မိ

သက်ရှိထင်ရပြန်၊

သက်ရှိမဟုတ် နာမ်နဲ့ရုပ်

အလုပ်တူကြဟန်၊

သဘောမသိ “လူ” တွေရှိ

ဒိဋ္ဌိအစွဲသန်။



ရုပ်=သိတတ်သောသဘောမရှိ

နာမ်=သိတတ်သောသဘောရှိ
ပခုက္ကူဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္တောဘာသ ၏ စိတ်ကောင်းကြည်လင် ၀မ်းမြောက်လျှင် တရားတော်မှ.....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ငါ

ပန်းပင်တစ်ပင် သူများမြင်

မြင်သူမခူး သူများခူး

ခူးသူမပန် သူများပန်

ပန်သူမမွှေး သူများမွှေး။


မြင်တာက မျက်စိ
ခူးတာက လက်
ပန်တာက ခေါင်း
မွှေးတာက နှာခေါင်း
ဘယ်မှာလဲ “ငါ”

ပခုက္ကူဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒောဘာသ ၏ စိတ်ကောင်းကြည်လင် ၀မ်းမြောက်လျှင် တရားတော်မှ.....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, May 22, 2010

ဗုဒ္ဓဘာသာကိုးကွယ်သူဘာကြောင့်နည်း

မေး။ ။ ဗုဒ္ဓဘာသာဝင်ဦးရေဘာကြောင့်နည်းနေရပါသလဲ။

ဖြေ။ ။လောကမှာ ကိုးကွယ်မှု့ကိစ္စဟာ ဘုရားမပွင့်ခင် လူသားများ စတင်ပေါ်ပေါက်လာတာနဲ့အတူ ရှေးရှေးကာလ ကြာမြင့်စွာကပင် ရှိနေလာခဲ့ပါတယ်။

ဘေးအန္တရာယ် အမျိုးမျိုးနဲ့ တွေ့ကြုံနေရတဲ့လူတွေဟာ တချို့ကတောကြီးတောင်ကြီးတွေကို ကိုးကွယ်ပြီး တချို့တွေက အဓိက သစ်ပင်ကြီးတွေ၊ မြစ် သမုဒ္ဒရာကြီးတွေ ၊ နေတွေ လတွေ မိုးတိမ်တွေ၊ မီးတွေ စသည် မိမိတို့ စိတ်ကူးရရာ မရေမတွက်နိုင်အောင် များမြောင်လှတဲ့အရာတွေကို မိမိတို့မှာ ကျရောက်မယ့် အန္တရာယ်တွေကို ကာကွယ်ထိမ်းသိမ်းနိုင်လိမ့်မယ်၊ မိမိတို့ကို ချမ်းသာရာရစေလိမ့်မယ် ဆိုတဲ့ အထင်မျိုးနဲ့ကိုးကွယ်လာခဲ့ကြပါတယ်။

ရှင်တော်ဗုဒ္ဓဟာ ကမ္ဘာ့ခုနှစ်သက္ကရာဇ်နဲ့တွက်မယ်ဆိုရင် မကြာလှသေးတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၅၀၀)ကျော်လောက်ကမှ ပွင့်တော်မူလာတာ ဖြစ်ပါတယ်။ အဲသည်အချိန်မှာ ဗုဒ္ဓဘာသာမဟုတ်တဲ့ သိဉ္စည်းဆရာကြီး ပုရာဏကဿပ၊ မက္ခလိဂေါသာလ အစရှိတဲ့ ဂိုဏ်ဆရာကြီးတွေဟာ မိမိတို့နှစ်သက်ရာ အယူဘာသာဝါဒတွေ ထူထောင်ပြီးနေကြတာ အလွန်အခြေခံခိုင်မာ အသားကျပြီး ဘုရင်နှင့်တကွ တိုင်းသူပြည်သားတွေရဲ့ ကိုးကွယ်မှု့ကို ခံယူနေကြပြီ ဖြစ်ပါတယ်။

အဲသည့်အချိန်မှာ ရှင်တော်ဗုဒ္ဓပွင့်တော်မူတာဖြစ်လို့ ကမ္ဘာလောကမှာ ဗုဒ္ဓဘာသာဝင်ဆိုလို့ ရှင်တော်ဘုရားတစ်ပါးတည်းသာ ရှိတော်မူပါတယ်။ နောက် ပဉ္စ၀ဂ္ဂီငါးဦး၊ ယသသူဌေးသားနဲ့တစ်ကွ သူငယ်ချင်းငါးရာ၊ နောက်ဥရုဝေလကဿပ အစရှိတဲ့ ရဟန္တာတစ်ထောင် စသည်ဖြင့် ဗုဒ္ဓဘာသာဝင်တွေ တိုးပွားလာကြပါတယ်။ ပဉ္စ၀ဂ္ဂီငါးဦးတို့ကိုလည်း ရဟန္တာဖြစ်ပြီးမကြာမီမှာပဲ တစ်ပါး တစ်နေရာစီခွဲပြီး အနတ္တ၀ါဒ မဂ္ဂင်ရှစ်ပါး တရားလမ်းစဉ်ဖြင့် ဗုဒ္ဓဘာသာဝင်တွေဖြစ်အောင် သိမ်းသွင်းဖို့ စေလွှတ်တော်မူပါတယ်။

ရှင်တော်ဗုဒ္ဓကိုယ်တိုင်လည်း (၄၅)၀ါ ကာလကြာအောင် (၄၅)နှစ်တာ ကာလပတ်လုံး နေ့မနေညဉ့်မနား အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသတစ်ဝိုက် ခြေရာချင်းထပ်၊ ဖ၀ါးရာချင်းစပ်အောင် သွားလာလှုပ်ရှား တရားဓမ္မတွေ ဟောကြားပြီး ဗုဒ္ဓဘာသာဝင်တွေ ဖြစ်အောင် သိမ်းသွင်းတော်မူပါတယ်။ အောင်မြင်သင့်သလောက် အောင်မြင်တယ်လို့ ဆိုနိုင်သော်လည်း လက်ဦးရှိနှင့်ပြီး အယူဝါဒတွေ ယူပြီး သူတို့ကိုးကွယ်မြဲတွေကိုပဲ ကိုးကွယ်နေကြတဲ့ လူဦးရေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ဗုဒ္ဓဘာသာဝင်ဦးရေဟာ အနည်းစုလောက်ပဲ ရှိတယ်လို့ ဆိုရပါမယ်။ ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန် ၀င်စံတော်မူပြီးနောက် သီရိဓမ္မာသောကမင်းကြီး လက်ထက်ရောက်မှ ဗုဒ္ဓဘာသာဟာ ကမ္ဘာ့အရပ်ဒေသတော်တော်များများသို့ ရောက်အောင် ကျယ်ပြန့်များပြားလာပါတယ်။

ဗုဒ္ဓရှင်တော်ရဲ့တရားတော်ဟာ အင်မတန်နက်နဲသိမ်မွေ့ပြီး သာမန် အသိဥာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေ သဘောပေါက်နားလည်ဖို့ရာ မလွယ်ကူပါဘူး။ လောကမှာ ဥာဏ်ရှိသူနဲ့ ဥာဏ်မဲ့သူ အနည်းအများ နှိုင်းယှဉ်ကြည့်ရင် ဥာဏ်မဲ့သူက အဆမတန် များပြားနေတာ တွေ့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓတရားတော်ကို နာယူခွင့်ရတဲ့ ဥာဏ်ရှိသူ လူနည်းစုလောက်သာ ဗုဒ္ဓတရားတော်ကို သဘောပေါက်နားလည်ကာ ဗုဒ္ဓဘာသာဖြစ်ပြီး ဥာဏ်မဲ့သူ၊ ဥာဏ်ရှိသော်လည်း ဗုဒ္ဓတရားတော်ကို နာယူခွင့်မရတဲ့ ကမ္ဘာ့လူသား အများစုကြီးကတော့ ဗုဒ္ဓဘာသာဝင် မဖြစ်ဘဲ သူတို့ထင်ရာမြင်ရာ အမျိုးမျိုးသော ကိုးကွယ်ရာတို့ကို ကိုးကွယ်မြဲ ကိုးကွယ်နေကြမှာ ဖြစ်ပါတယ်လို့ ဖြေဆိုလိုက်ပါတယ်။


ဟံသာသီရိ၏ ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ(ဒုတိယတွဲ) မှ..................

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, April 17, 2010

သောတာပန်လူထွက်

တစ်ခါက ဒကာတစ်ယောက်ဟာ ဘုန်းကြီးထံလျောက်ထားဖူးပါတယ်၊ အဲဒီ ဒကာဟာ အောက်တန်းစား သာမန်ဒကာ မဟုတ်ပါဘူး၊ ခေတ်ပညာလဲတတ်၊ ဗဟုသုတလဲ အတော်အတန်ပြည့်စုံတဲ့ အထက်တန်းစား ဒကာတစ်ယောက်ပါပဲ၊ သူက ကမ္မဌာန်းဆရာ တစ်ပါးထံမှာ တရားအားထုတ်ပါသတဲ့၊ အားထုတ်ပြီးတဲ့အခါမှာ သူ့ဆရာက သူ့ကို သောတာပန်ဖြစ်ပြီလို့ ဆုံးဖြတ်ပေးပါသတဲ့....

အရိယာတရားနှင့်စပ်ပြီး ဒီလိုအဆုံးအဖြတ်မျိုးကို ဘုရားမှတစ်ပါး ဘယ်ရဟန္တာ၊ ဘယ်မထေရ်ကမှ ပေးဖူးတယ်ဆိုတာ ပိဋကတ်စာပေမှာ မရှိပါဘူး၊ ဘုန်းကြီးတို့ကတော့ ဒီလို မဆုံးဖြတ်ကောင်းဘူးလို့လဲ အမြဲတမ်းပြောနေပါတယ်၊ ဥာဏ်စဉ်တရားကိုသာ ဟောပါတယ်၊ အဲဒီ ဥာဏ်စဉ်တရားနဲ့ တိုက်ဆိုင်ပြီး သူ့ဟာသူပဲ ဆုံးဖြတ်ဖို့ တာဝန်ပေးထားပါတယ်၊ ခုနကပြောခဲ့တဲ့ ဒကာကတော့ သူ့ဆရာက သောတာပန်ဖြစ်ပြီလို့ ဆုံးဖြတ်လိုက်တာနဲ့ သူကလဲ သောတာပန်ဖြစ်ပြီလို့ ယုံကြည်ယူဆပြီးတော့ ငါးပါးသီလကိုလဲ လုံခြုံအောင် စောင့်နေပါသတဲ့၊ တစ်နေ့သောအခါကျတော့ သူကိုးကွယ်နေတဲ့ အခြားဆရာတော်ကြီးတစ်ပါးထံ သွားပြီးတော့ သူတရားအားထုတ်ခဲ့ပုံ၊ တွေ့မြင်ပုံနဲ့တကွ သောတာပန်ဖြစ်ပြီလို့ ဆုံးဖြတ်ပေးပုံတွေကို လျှောက်ပါသတဲ့၊ အဲဒီဆရာတော်ကြီးက ဘုန်းကြီးတို့နဲ့ ရင်းပါတယ်၊ ဆရာလိုပဲဖြစ်နေပါတယ်၊ ပိဋကတ်စာပေမှာ ကောင်းကောင်းတတ်ကျွမ်းတဲ့ ဆရာတော်ကြီးပါပဲ၊ ယခုတဲ့ထိလဲ ရှိပါသေးတယ်၊ အသက်တော်က (၈၀)ကျော် (၉၀)နီးပါး ရှိနေပြီ၊ အဲဒီ ဒကာရဲ့လျှောက်ပုံက.......

တပည့်တော်ဘုရား၊ တရားအားထုတ်ထားပါတယ်၊ ကိုယ်ထဲမှာ ရှု့လိုက်ရင် ဓါတ်တွေ၊ သဘောတရားတွေ တရွရွ တမွမွနဲ့ ပေါ်နေပါတယ်၊ ဆရာကလဲ သောတာပန်ဖြစ်ပြီလို့ ဆုံးဖြတ်ပါတယ်၊ တပည့်တော်ကလဲ သောတာပန်ဖြစ်ပြီလို့ ယုံကြည်နေပါတယ်ဘုရားလို့ သူကလျှေက်သတဲ့။

အဲဒီတော့ ဆရာတော်ကြီးက ဘယ်နှယ့်ပြောသလဲဆိုရင် “မင်းဟာ ဘာမှ မဟုတ်သေးဘူးတဲ့၊ မင်းဟာ တရားကို မဟုတ်သေးဘူး၊ သောတာပန် ဖြစ်ဖို့ဆိုတာကတော့ အဝေးကြီးပဲ၊ မင်းဥစ္စာ ဘာမှ မဟုတ်သေးဘူး” လို့ အဆုံးအဖြတ် ပေးလိုက်သတဲ့၊ ပြီးတော့ အဲဒီဒကာက သူဖြစ်ပုံကို ဆက်ပြီးပြောပါတယ်၊ “ဒါနဲ့ဘုရား၊ ဒီတစ်ခါတည်းက စပြီးတော့ မင်းဟာ ဘာမှမဟုတ်သေးဘူး”လို့ ဆရာတော်ကြီးက ပြောလိုက်တဲ့အတိုင်း တပည့်တော်ဟာ ဘာမှမဟုတ်သေးဘဲ ဖြစ်နေပါတယ်၊ အစတုန်းကတော့ တပည့်တော်ဟာ သောတာပန် ဖြစ်နေတယ်ဆိုတာနဲ့ သောတာပန် အကျင့်နဲ့ညီအောင် ငါးပါးသီလကို လုံလုံခြုံခြုံနဲ့ စောင့်နေခဲ့ပါတယ်၊ အခုတော့ ဆရာတော်ကြီးက “ဘာမှမဟုတ်သေးဘူး”လို့ ပြောတာနဲ့ တပည့်တော်ဟာ “ငါးပါးသီလတောင်မလုံတောဘူးဘုရား” လို့ အဲဒီဒကာက လျှောက်ပါတယ်။

အဲဒီတော့ ဘုန်းကြီးက သူ့ကိုအားပေးလိုက်ရသေးတယ်၊ “ဟာ ဒကာ ဒီလိုမလုပ်နဲ့ အစက ကိုယ့်ဟာကိုယ် သောတာပန် ဖြစ်နေမှတော့ ဘယ်သူက ဘာပြောပြော ဖြစ်မြဲသာဖြစ်နေ၊ နောက်ပြန်မဆုတ်နဲ့၊ ငါးပါးသီလလဲ စောင့်မြဲစောင့်နေပေါ့”လို့ ဘုန်းကြီးက အားပေးစကားပြောလိုက်ရသေးတယ်၊ အဲဒီ ဒကာလို သောတာပန်လူထွက် မဖြစ်ဖို့ အရေးကြီးပါတယ်။


ဆဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အရိယာဝါသ တရားတော် မှ....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

သေချိန်မကျဘဲသေရသူများ

သတ္တ၀ါတို့၏ သန္တန်၌ ရှေးမကောင်းမှု ကံကလေးတွေ ကိုယ်စီကိုယ်င အများအပြား ပါရှိကြလေသည်။ ထိုကံများသည် မိမိတို့ချည်း သက်သက် သေကျေအောင် မသတ်ဖြတ်နိုင်သော်လည်း သတိမရှိ၊ ဥာဏ်မရှိ၍ (အစဉ်းစား အဆင်ခြင် အမြော်အမြင် မရှိ၍) အစားမတတ်၊ အသွားမတတ်၊ အနေအထိုင်မတတ်သူများကို ဘေးဥပါဒ်ရောက်အောင်၊ ထိုဘေးဖြင့် သေကျေပျက်စီးအောင်ကား တတ်နိုင်ကြပေသည်။

ရှေးရှေးက သူတစ်ပါးကို အငတ်ထားခဲ့ဖူးခြင်း၊ မြွေနှင့်တိုက်ခြင်း၊ အဆိပ်ခတ်ခြင်း၊ တုတ်ဓား စသည်တို့ဖြင့် ရိုက်သတ်ခြင်း၊ ရေနှစ်သတ်ခြင်း၊ မီးတိုက်သတ်ခြင်း စသည်ဖြင့် သူတစ်ပါးသေအောင် တစ်နည်းနည်းဖြင့် ပြုခဲ့သောသူသည် ထိုကံများ အခွင့်ရသော ဘ၀၀ယ် ထမင်းငတ်၍သေတတ်၊ မြွေကိုင်၍သေတတ်၊ အဆိပ်မိ၍သေတတ်၊ လက်နက်ဖြင့်သေတတ်၊ ရေနစ်၍သေတတ်၊ မီးလောင်၍သေတတ်လေသည်။
သူတစ်ပါးကို တစ်နည်းနည်းဖြင့် နှိပ်စက်သတ်ဖြတ်ခဲ့ဖူးသူသည် ယခုဘ၀၌ လေနာခြင်း၊ သလိပ်ရောဂါရှိခြင်း၊ ပန်းနာရှိခြင်း၊ နူနာရှိခြင်း၊ မကျန်းမမာခြင်း စသည်ဖြင့် ညှိုနွမ်းပင်ပန်းစွာ အသက်ရှည်နေရသည့်အပြင် ထိုရောဂါဖြင့်ပင် သေရတတ်သည်။ ဤသို့ စသည်ဖြင့် ရှေးကံကလေးတွေသည် (ဆင်ခြင် စဉ်းစား သတိထားတတ်သူတို့၌ နှိပ်စက်ခွင့်၊ သတ်ဖြတ်ခွင့် မရသော်လည်း) အစဉ်းအစား အဆင်အခြင် မရှိသူတို့ကား မကျန်းမာအောင်၊ သေကျေအောင် နှိပ်စက်ဖို့ရန် နှောင့်နှေးမည် မဟုတ်ချေ။ ထို့ကြောင့် “အသက်ဥာဏ်စောင့် ၊ အသွားမတော် တစ်မုဟုတ်၊ အစားမတော် တစ်လုတ်၊ ကျားရဲရာ ကြမ္မာမယိုးသာ (ကျားထနေသော တောသို့သွားလျှင် ကျားကိုက်ခံရမှာပဲ၊ ကျားကိုက်ခံနေရတာကို ကံကြမ္မာဟု မယိုးမစွဲပါနှင့်)။ ကံယုံပြီး မီးပုံမဆင်းနဲ့၊ မီးပုံထဲဆင်းလျှင် ကံကောင်းနေသော်လည်း မီးလောင်မှာပဲ” စသည်ဖြင့် လူကြီးသူမတို့ ပြောဆိုခဲ့ကြပေသည်။

ထိုစကားတို့၌ လူကြီးများ၏ ဆိုလိုရင်းကား လူတိုင်းမှာပင် မကောင်းကျိုးပေးဖို့ရန် အကုသိုလ်ကံများ (ရှေးဘ၀များစွာက တစ်မျိုး နှစ်မျိုး စသည်ဖြင့် ပြုမိခဲ့ကြသဖြင့်) ကိုယ်စီကိုယ်င ပါရှိကြပေသည်။ သို့သော် ထိုကံများသည် အလွန်သတ္တိ မထက်ကြလျှင် သူတို့ဘာသာ အကျိုးပေးခွင့်သာအောင် မတတ်နိုင်ကြပါ။ အဆင်ခြင် အစဉ်းစား မရှိသူများ၌သာ အသွားအလာ၊ အစားအသောက် အနေအထိုင် မတတ်သည့်အတွက် ထိုကံများက အကျိုးပေးခွင့် ရကြပါသည်။ သို့ဖြစ်၍ အသက်ရှည်ကြာ အနာကင်းမှုကို ဂရုစိုက်ခြင်း မရှိလျှင် ဥပစ္ဆေဒက ကံကလေးတွေ အခွင့်သာ၍ (အသက်တမ်း မစေ့ခင် ထိုဘ၀ကို စီမံလိုက်သော ကံကလည်း မကုန်သေးခင်) သေရမည့်အရေးကား မည်သူမျှ မဝေးကြောင်း နောက်နှောင်းလူများအတွက် လေးနက်စွာ သတိပေးထားခြင်းဖြစ်သည်။

အချုပ်ကား သတ္တ၀ါတို့ သေဖို့ရာ “အသက်ကုန်ခြင်း၊ ကံကုန်ခြင်း၊ အသက် ကံ နှစ်မျိုးလုံးကုန်ခြင်း၊ ဥပစ္ဆေဒက ကံကအခွင့်သာ၍ (အခွင့်သာအောင် အနေအထိုင်၊ အစားအသောက်၊ အသွားအလာ မတတ်ကြ၍) သေချိန်မကျဘဲ သေရသူတွေ ယခုကာလ၌ ပေါများလှ၏ ။ ထို့ကြောင့် မိမိကိုယ်ကို အသက်တမ်းစေ့ နေနိုင်အောင် အသက်ကို အသိဥာဏ်ဖြင့် စောင့်ရှောက်ကြပါဟု ဆိုလိုသည်။

အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ ကျမ်းမှ........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, April 10, 2010

ဝေဘူဆရာတော်ဘုရားကြီး၏အဆုံးအမများ

၁။ သီလရှိလျှင် တောင့်တလိုချင်တိုင်း ပြည့်စုံစေနိုင်၍ သီလကို ကြိုးစားဖြည့်ရန်။

၂။ ၃၁-ဘုံချမ်းသာကား အထူးဆုတောင်းရန်မလို၊ ရှောင်တိမ်း၍ မဖြစ်အောင်ပင် ရရှိတတ်သဖြင့် သာဝကဗောဓိ စသော ဗောဓိ ဆုကိုသာ တောင့်တမျှော်မှန်းရန်။
၃။ သာသနာတည်ကြောင်း ကောင်းမှုများသည် နိဗ္ဗာန်သွားရန် ခြေထောက်သဖွယ် (စရဏ) ဖြစ်၍ တတ်အားသမျှ ပြုလုပ်ရန်။

၎။ အလှူပြုသောအခါ စေတနာ၊ အလှူဝတ္ထု၊ အလှူခံအပေါ်၌ သန့်သန့်ရှင်းရှင်း ရိုရိုသေသေ လှူဒါန်းရန်။
၅။ ဘုရားစကား ဆရာ့စကားကို မြေ၀ယ်မကျ တစ်ထစ်ချ နာယူရန်။(သောဝစဿတာ)
၆။ ယခုကဲ့သို့ တရားပွဲ လာရောက်နိုင်ခြင်းသည်ပင် ပါရမီရှိသူ မည်၍ အချိန်အခါ ဘ၀ကောင်းသည်မှာ ဘုရားလက်ထက်တော်ကနှင့် မထူး၊ ဘုရားလက်ထက်တော်က ရဟန်းရှင်လူများရရှိကြသည့်အတိုင်း ဘာမဆို လိုတိုင်း မရနိုင်တာ၊ မဖြစ်နိုင်တာဟူ၍ မရှိ၊ သိသလောက် တောင့်တ မျှော်မှန်းထားခဲ့သမျှမက အပိုတွေပင် များစွာရလာတတ်သဖြင့် ရှေးပုဂ္ဂိုလ်တို့ကဲ့သို့ ၀ီရိယကိုသာ အမှီလိုက်၍ စိုက်ထုတ်ကြိုးစားရန်။
၇။ သင်ကြားမှတ်သားထားချက်တွေ ပြော၍မကုန်အောင် အများကြီး တတ်သိကြ၏။ ထိုသို့ များစွာရှိသော်လည်း ကြိုက်ရာတစ်ခုကိုသာ စူးစူးစိုက်စိုက် ၀ီရိယသန်သန်နှင့် မှန်မှန် အလုပ်လုပ်ရန်သာ အရေးကြီးသည်။ မွေးသည်မှ သေသည်အထိ ထင်ရှားရှိနေသော ထွက်လေ-၀င်လေကား လူတိုင်း သိလွယ် ထင်လွယ်သဖြင့် ၀င်တိုင်း ထွက်တိုင်း နှာဖျားဝ၌ ထိသည်ကိုသာ သိအောင်လုပ်။ ယခုလုပ်ကြည့်၊ ယခုမီးငြိမ်း၊ ယခုလက်ငင်း ချမ်းသာ၏။ (အကာလိကော)
၈။ ယင်းသို့ ရှု့မှတ်နေခြင်းဖြင့် ကိုယ်နှုတ် သောင်းကျန်းမှုမရှိ၊ (အဓိသီလ)၊ စိတ်သောင်းကျန်းမှုမရှိ (အဓိစိတ္တ)၊ ရုပ်နာမ် မျှသာ ရှိပါကလား ဟု နှာဖျားဝမှ တစ်ကိုယ်လုံး တစ်လှုပ်လှုပ် တစ်ရွရွ ဖြစ်ပျက်နေသည်ကို မြင်ရမည်။ (အဓိပညာ)
၉။ ရေခပ်ရင်း ထမင်းချက်ရင်းလည်း ရှူ့မှတ်နိုင်၍ တစ်ချိန်တည်းတွင် အလုပ်ကိစ္စ နှစ်ခုပြီးသည်။
မည်သည့် ဣရိယာပုတ်နှင့်မဆို ရှူ့မှတ်နိုင်၏။ ကမ္မဌာန်း ထိုင်ရတာ ဘာမှလဲ မတွေ့ပေါင်၊ မရပေါင် ဟု မမှတ်ရ။ တစ်ခဏအတွင်း ရသည့်အကျိုးကား ကုန်စင်အောင်ပင် မပြောနိုင်။ တစ်နေ့ထက် တစ်နေ့ တိုးတက်ပြီးတော့သာ သွားတော့သည်။
၁၀။ အိမ်အမိုး မိုးသောအခါ စပ်အောင်မိုးလျှင် မိုးနေ ကာကွယ်နိုင်သကဲ့သို့ တစ်ရက် ၂၄-နာရီ တစ်ဆက်တည်း တစ်စပ်တည်း (မအိပ်စက်ဘဲ) ရှူ့မှတ်နိုင်အောင် ကြိုးစား။ (နိသဇ်ဓုတင်ဆောင်)။ ၂၄- နာရီ တစ်စပ်လောက် ရလျှင်ပင် ထူးခြားသိသာလာမည်။
၁၁။ ၃၁- ဘုံချမ်းသာ ဘုရင်ဖြစ်ရတာမှအစ ဘာမျှမတောင့်တ မလိုချင်ရ။ ဒုက္ခချည်း ဖြစ်သည်။
၁၂။ မိမိအနားရှိ မြင်သမျှ ကြားသမျှ ကျေးဇူးရှင်ချည်းဖြစ်သည်။ အသံဗလံ ဆူနေ၍ နေရာမပြောင်းနှင့်။ ငါဝီရိယ၊ သမာဓိကောင်း လှပြီဟု အလွတ်အထင်ရောက်နေတတ်၏။ ဆူညံသံများက ၀ီရိယတိုးလိုက်ပါဦး ဟုပြောသော ကျေးဇူးရှင်များ ဖြစ်သည်။ မေတ္တာ ထား သည်းခံရှူမှတ်။
၁၃။ မိဘ သားမယား ၀တ္တရားများကို ပြုလုပ်ရခြင်း၊ ကလေးငို၍ ချော့ရထိန်းရခြင်းမှအစ သီလ၊ စရဏကုသိုလ် ချည်းဖြစ်သည်။
၁၄။ မိမိ အာနာပါန ရှူမှတ်ခြင်းကို အကြောင်းပြု၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လူတွေ နတ်တွေ ဗြဟ္မာတွေ မရေတွက်နိုင်အောင်ပင် ကျေးဇူးများကုန်ကြတော့သည်။

ဓမ္မာစရိယ ဦးဌေးလှိုင်၏ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ စာအုပ်မှ......

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Related Posts with Thumbnails
ဒီဇိုင်း : Free Skin For Myanmar Bloggers