Sunday, November 29, 2009

ဘိုးတော်သာသနာပြုချိန် ဘယ်အခါမှမရောက်


မေး။ ။ဘိုးတော်ဟုပြောသော လူတစ်ယောက်က သာသနာ ၂၅၀၀ ကျော်လျှင် လူပုဂ္ဂိုလ် ၀တ်ဖြူစင်ကြယ် ဘိုးတော် သာသနာပြုချိန် ရောက်သည်ဟုပြောပါသည် မှန်ပါသလားဘုရား။

ဖြေ။ ။အခု မိမိတို့ အမြင်နဲ့ ပြောရရင် ဘိုးတော်တွေ လုပ်နေတာ သာသနာနဲ့ဟာ တခြားစီဖြစ်နေတဲ့အတွက် ၀တ်ဖြူစင်ကြယ် ဘိုးတော်သာသနာပြုချိန် ဘယ်အခါမှ ရောက်မှာ မဟုတ်ပါဘူး။
ဘိုတော်ဆိုသူတွေ အခုလုပ်နေကြတာက အထက်အမိန့်အရဆိုပြီး ဟိုဘုရား သည်ဘုရားသွား၊ ဟိုတောဝင် သည်တောင်တက်၊ အဓိဋ္ဌာန် ၀င်တယ်ဆိုပြီး ရက်ပိုင်း လပိုင်းနဲ့ဂူအောင်း၊ သူတို့ထင်ရာ မြင်ရာ တရားအားထုတ်၊ အသေထွက် အရှင်ထွက် ထွက်ရအောင်ဆိုပြီးကျင့်၊ ဆေးကု၊ အကြားအမြင်ဟော၊ အဂ္ဂိရတ်ထိုး စသည်စသည် အလုပ်မျိုးစုံတွေ လျှောက်လုပ်နေကြတာကို မြင်ရ ကြားရ သိနေရတာပဲ။

ဒါတွေဟာ ဘုရားသာသနာတော်နဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတဲ့အတွက် သူတို့တတွေဟာ ဘုရား သာသနာတော် ကျောပေးပြီး ခရီးဝေးကြီး ချီတက်သွားနေကြသူတွေလို့ ဆိုရမှာပဲ။ သူတို့ဟာ သာသနာတော်နဲ့ ကြာလေ ဝေးလေသာ ဖြစ်စရာ ရှိပါတယ်။ (၁) သာသနာဆိုတာဘာ၊(၂)သာသနာပြုတယ်ဆိုတာဘယ်လို လုပ်တာကို ခေါ်တယ်ဆိုတာတောင် ကျကျနန သိပုံမရဘူး။ သည်အကြောင်း အနည်းငယ် အရိပ်အမြွက်မျှ ပြောပြရရင်..........................

၁။သာသနာတော်ဆိုတာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမတော် ဖြစ်တဲ့ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ အားဖြင့် ၃-မျိုး ၊ တစ်နည်း သီလ၊ သမာဓိ၊ ပညာ အားဖြင့် ၃-မျိုး တို့ပဲ ဖြစ်ပါတယ်။

အဲသည်မှာ ပရိယတ္တိဆိုတာ သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာ ဆိုတဲ့ ပိဋကသုံးပုံ (၀ါ) ဓမ္မက္ခန္ဓပေါင်း ရှစ်သောင်းလေးထောင်နဲ့ အဲသည် ပိဋိကသုံးပုံ၊ ဓမက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို မိမိတို့ စွမ်းနိုင်သလောက် သင်ကြားပို့ချခြင်း၊ နာယူသင်ကြား မှတ်သားခြင်းများပဲ ဖြစ်ပါတယ်။

ပဋိပတ္တိသာသနာဆိုတာက အဲသည် ပိဋိကသုံးပုံဆိုတဲ့ ပရိယတ္တိမှာလာတဲ့ နည်းနာနိဿယ အတိုင်း နည်းလမ်း မှန်ကန်စွာ ကျင့်ကြံအားထုတ်ခြင်းပဲ ဖြစ်ပါတယ်။

ပဋိဝေဒ သာသနာဆိုတာက သည်ကျင့်ကြံ အားထုတ်ခြင်းဖြင့် ရရှိအပ်တဲ့ ဈန်တရား၊ ၀ိပဿနာတရား၊ မဂ်တရား၊ ဖိုလ်တရားတွေပဲ ဖြစ်ပါတယ်။

၂။သာသနာပြုတယ်ဆိုတာ အထက်ဖော်ပြပါ အတိုင်း ပိဋကသုံးဖြာ၊သိက္ခာ ၃-ရပ် သာသနာတော်မြတ်ကို သင်ကြားပို့ချခြင်း၊ နာယူမှတ်သားခြင်း၊ ကျင့်ကြံကြိုးကုတ်အားထုတ်ခြင်း၊ သီလ, သမာဓိ, ပညာ သိက္ခာ ၃-ရပ်ကို မိမိသန္တာန်၊ သူတစ်ပါးသန္တာန်မှာ ထင်စေခြင်းဖြင့် သာသနာတော်ကို တည်တံ့ပြန့်ပွားစေခြင်းများပဲ ဖြစ်ပါတယ်။

သာသနာတော်ကို ကြည်ညိုတဲ့ သဒ္ဒါတရားနဲ့ ပြည့်စုံသူ ဒကာ,ဒကာမ အပေါင်းတို့က သံဃာတော်များအား ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ လှူဒါန်းပူဇော်ကြခြင်း စသည်များဟာလည်း သာသနာ ပြုခြင်းများပဲ ဖြစ်ပါတယ်။

သည်ဖော်ပြပြီး အကြောင်းအရာများကို ကြည့်ရင် ယခု သာသနာတော် ၂၅၃၉ ခုနှစ်အထိ ဘယ်သူတွေ သာသနာ ပြုလာခဲ့ကြတယ်ဆိုတာ ကွက်ကွက်ကွင်းကွင်း အမြင်ရှင်းလောက်ပါပြီ။ သည်လို ဖြစ်ပါလျှက် လူပုဂ္ဂိုလ် ၀တ်ဖြူစင်ကြယ် ဘိုးတော်က သာသနာပြုမယ် ဆိုတာဟာ ရိုးသားတဲ့စကားလို့ ဘယ်လို ယုံကြည်ရမယ်ဆိုတာ မစဉ်းစားတတ်အောင် ဖြစ်ရတယ်လို့ ပြောချင်ပါတယ်။

အဲသည် ပုဂ္ဂိုလ်တွေဟာ မိမိတို့ လုပ်ငန်းကို သာသနာတော်နဲ့ ရောမွှေ၊ သာသနာ့အရှိန်အ၀ါကို ယူပြီး သာသနာတော်ကို မိမိတို့အတွက် အသုံးချဖို့ လုပ်နေတဲ့သူတွေ ဖြစ်တယ်လို့သာ ယူဆပြီး သူတို့ကို ဝေးဝေးက ရှောင်ကြဉ်ခြင်းသာ အကောင်းဆုံးဖြစ်တယ်လို့ ပြောလိုပါတယ်။
အ၀တ်ဖြူဝတ်တာဟာ သာသနာတော်ကွယ်ခြင်းတစ်မျိုးနဲ့ ဆက်စပ်နေတာကြောင့် သည်နေရာမှာ သာသနာတော်ကွယ်ခြင်း ငါးမျိုးကို အကျဉ်းချုံး ဖော်ပြလိုက်ပါတယ်။

၁။မဂ်လေးပါး၊ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊ ၀ိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါးတို့ ကွယ်ပျောက်ခြင်း - အဓိဂမအန္တရဓာတု

၂။သာသနာတော်မှာ ပါရာဇိက မကျသေးဘဲ နောက်ဆုံးကျန်နေတဲ့ ရဟန်းတစ်ပါး ပါရာဇိက ကျသွားရင်ဖြစ်စေ။ ပါရာဇိက မကျဘဲ ပျံလွန်တော်မူသွားရင် ဖြစ်စေ ပဋိပတ္တိ ကွယ်ပျောက်သွားပြီလို့ ဆိုရတဲ့ ပဋိပတ္တိအန္တရဓာတု။

၃။ပိဋကသုံးပုံထဲက လေးပါဒမျှရှိတဲ့ ဂါထာလေးတစ်ခုလောက်မျှ မကျန်အောင် ပိဋကသုံးပုံ ကွယ်ပျောက်သွားခြင်း၊ ပဋိယတ္တိအန္တရဓာတု။(လေးပါဒ မျှ ရှိတဲ့ ဂါထာလေးတစ်ပုဒ်မျှ ရှိနေသေးရင် ပရိယတ္တိ မကွယ်ပျောက်သေးဘူးလို့ မှတ်ရပါမယ်။

၎။ခေါင်းတုံးရိတ်ထားခြင်း၊ သင်္ကန်းဝတ်ရုံထားခြင်းကို သာသနာတော်ရဲ့ ထူးခြားတဲ့ အသွင်သဏ္ဍာန် ပုံဟန်လို့ ဆိုပါတယ်။(ဆံရှည်ကိုယ်တော် ဆိုတာတွေကို သတိထားပါ)

နောင်အခါ ရဟန်းတော်များဟာ သင်္ကန်းကို သေခိယသိက္ခာပုဒ်တော်များနဲ့အညီ ၀တ်ရုံကာ ပုံမှန်သွားလာမှုမျိုး မရှိတော့ဘဲ ပုံပျက်ပန်းပျက် ၀တ်ရုံ သွားလာ နေထိုင်ရာက ကာလအတော်ကြာလာတဲ့အခါ သည်သင်္ကန်းကြီး ၀တ်ရုံရတာ လေးလံ ရှုပ်ထွေး ၀န်လေးလှပါတယ်ဆိုပြီး သင်္ကန်း အပိုင်းအစကလေးတစ်ခုကို လက်မှာဖြစ်စေ၊ လည်ပင်းမှာဖြစ်စေ၊ ဆံပင်မှာဖြစ်စေ ရစ်ပတ်ချည်နှောင်ထားကြပြီး အိမ်ထောင် သားမွေး လယ်ယာစသည် လုပ်ကိုင် အသက်မွေးပြီး လှည့်လည်သွားလာ နေထိုင်ကြလိမ့်မယ်။ သည်အချိန်ထိ ရဟန်းအသွင် ကွယ်ပျောက်မသွားသေးပါဘူး။

နောက်ဆုံးတော သည်သင်္ကန်းအစလေးရှိနေတာ လူမဟုတ်။ ရဟန်းမဟုတ်၊ တယ်ရှုပ်လှတယ်ဆိုပြီး အဲသည် လည်ပင်း၊ လက်၊ ဆံပင်က သင်္ကန်းစကလေးတွေကို ဆွဲဖြုတ်ဖြတ်တောက်ပြီး တောထဲ လွှင့်ပစ် လိုက်ကြပါကုန်ရောတဲ့။ အဲသည်အခါကျရင်တော့ဖြင့် ရဟန်းအသွင်သဏ္ဌာန်ဟာ သာသနာတော်က လုံးဝ ကွယ်ပျောက်သွားပြီလို့ ဆိုရပါမယ်။ အဲဒါဟာ လိင်္ဂအန္တရဓာနပါပဲ။
သည်အခါမှာ ရဟန်းအသွင်ကို စွန့်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အ၀တ်ဖြူတွေကို ၀တ်ကြတယ်လို့ ယူဆစရာ ရှိပါတယ်။

ဧတသ္မိံကာလေ လိင်္ဂံ အန္တရဟိတံ နာမ ဟောတိ။ ကဿပ ဒသဗလဿ ကိရ ကာလတော ပဋ္ဌာယ ယောနကာနံ သေတ၀တ္တံ ပါရုပိတွာ စရဏံ စာရိတ္တံ ဇာတန္တိ။ (အင်္ဂုတ္ထိုရ် အဋ္ဌကထာ၊ပ၊၇၀)

ကဿပဗုဒ္ဓရှင်တော်ဘုရား လက်ထက်တော်ကစပြီး ရဟန်းအသွင်ကို စွန့်ခွာသွားကြတဲ့ ယောနက တိုင်းသားတွေဟာ အ၀တ်ဖြူတွေကို ၀တ်ပြီး လှည့်လည်သွားလာ နေကြတဲ့ အလေ့အထဟာ ဖြစ်ပေါ်လာခဲ့တယ်ဆိုတဲ့ အဋ္ဌကထာကို သာဓကပြပြီး ဆိုလိုက်တာဖြစ်ပါတယ်။

သည်အထောက်အထားသာဓက စကားတွေအရ အ၀တ်ဖြူဝတ်ကြတဲ့ လူဘိုးတော်တွေဟာ သာသနာကို ကျောခိုင်း ကိုယ်ထင်ရာကိုယ်စိုင်းနေကြပြီး သူတို့သာသနာပြုချိန်ရောက်ပြီလို့ ပြောတာကို ယုံတဲ့ပုဂ္ဂိုလ် ရှိရင် အဲသည်ပုဂ္ဂိုလ်အောက် ညံ့တဲ့လူသား ဘယ်မှာများ ရှိပါတော့မလဲ။

၅။နောက်ဆုံး ငါးခုမြောက် သာသနာတော် ကွယ်ပျောက်ခြင်း ဓာတုအန္တရဓာနကို ပြောပါမယ်။ အကျဉ်းချုပ်မျှသာ ဖြစ်ပါတယ်။ သည်ကွယ်ပျောက်ခြင်း ငါးမျိုးကို လေ့လာရတာ ကြည်ညိုစရာ၊ ၀မ်းမြောက်စရာ၊ ၀မ်းနည်းစရာ စသည်တွေ စုံလင်လှတာကြောင့် သည်ငါးမျိုးအကျယ်ကို အခွင့်သင့်တဲ့အခါ ရေးသားတင်ပြမယ် ရည်ရွယ်ထားပါတယ်။

ဗုဒ္ဓရှင်တော်ဘုရားရဲ့ ဓာတ်တော်တွေဟာ အပူဇော်ခံရတဲ့ နေရာမှာသာနေပါတယ်။ ပူဇော်သူ မရှိတဲ့နေရာမှာ မနေဘဲ ပူဇော်သူရှိတဲ့နေရာကို ပြောင်းရွှေ့သွားကြပါတယ်။ ဒါဟာ ရှင်တော်ဘုရားရဲ့ အဓိဋ္ဌာန် တန်ခိုးကြောင့်လို့ အဋ္ဌကထာမှာ ဆိုပါတယ်။

သာသနာကွယ်ပလို့ ပူဇော်မည့်သူ မရှိတော့တဲ့အခါကျရင် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ၊နဂါးပြည်တို့မှာ ရှိတဲ့ ဓာတ်တော်မှန်သမျှတွေဟာ မုံညှင်းစေ့လေးလောက်တောင် မကျန်တော့ဘဲ မူလ ဗုဒ္ဓပွင့်တော်မူရာ ဗောဓိမဏ္ဍိုင်မှာ အကုန်စုပြီး တေဇောဓာတ်လောင်ကျွမ်းကာ ဓာတုပရိနိဗ္ဗာန် စံဝင်သွားပါလိမ့်မယ်။ အဲဒါဟာ ဓာတုအန္တရဓာနပဲ ဖြစ်ပါတယ်။

သည်လို ပရိနိဗ္ဗာန် ၀င်စံပုံကို တချို့က ဓာတ်တော်တွေ ဗောဓိမဏ္ဍိုင်မှာ စုပေါင်းပြီး တေဇောဓာတ် လောင်ကျွမ်း သွားတာပဲ ဆိုပြီး တချို့က ဓာတ်တော်တွေ စုပေါင်းပြီး လက္ခဏာတော် ကြီးငယ် အသွယ်သွယ်တို့ဖြင့် သပ္ပာယ်တော်မူလှသော ဗုဒ္ဓပုံတော်အတိုင်းဖြစ်ကာ ရေမီးအစုံစုံ အစရှိတဲ့ တန်ခိုးပြာဋိဟာတွေ ပြပြီးမှ တေဇောဓာတ် လောင်ကျွမ်းသွားတယ်။ တရားတော့ မဟောဘူးလို့ ဆိုပါတယ်။

လယ်တီဆရာတော်ဘုရားကြီးက နောက်အယူအဆကို လက်ခံသဘောတူပုံ ရပါတယ်။ အကြောင်းကတော့ ဆရာတော်ဘုရားကြီး ရေးသားတော်မူထားတဲ့ ဆုတောင်းပြည့်ဘုရားကြီး မေတ္တာစာမှာ ..............
'သဗ္ဗညူဘုရား ပြည်နိဗ္ဗူအလားတွင် မိုးသကြားဣန္ဒာသည် သာသနာကိစ္စကို စိတ်ချတော်မူပါဟု ပဋိညာ ၀န်ခံကြောင်းနှင့် ကျမ်းဟောင်းက ထွက်ပါလျက် သက်သက်မဲ့နေသည်ကို စိတ်ကြေဖို့မရှိ မြတ်မုနိမွေရှင်သည် ရွှေပလ္လင်ဇေယျာ၌ တေဇာတော်ဖွင့်လှစ် ရွှေကိုယ်တော် တစ်ဖန်ဖြစ်ကာမှ ဒေ၀ရာဇ်သိကြား နေနိုင်သည့်ဖြစ်လားကို ဇယားပုံလွှာသ၍ မြတ်ဘုရားရှေ့တော်ပြင်ဝယ် ကိုယ်ပင်နှင့်အတင်း မညှာတန်းငြင်းရန်ဖို့ အခင်းသာလိုတော့သည်' ဟု ရေးသာတာ တွေ့ရလို့ပဲဖြစ်ပါသည်။

ဒါကတော့ ဘိုးတော်တွေ အ၀တ်ဖြူဝတ်တာနှင့် ပတ်သက် ဆက်စပ်နေတဲ့အတွက် (ပဉ္စအန္တရဓာန) သာသနာတော်နဲ့ ပတ်သက်တဲ့ ကွယ်ပျောက်ခြင်း ငါးမျိုးကို တင်ပြလိုက်တာဖြစ်ပါတယ်။

ဒါလောက်ဆိုရင် အ၀တ်ဖြူဝတ် လူပုဂ္ဂိုလ် ဘိုးတော်တွေ သာသနာပြုမပြုနဲ့ ပတ်သက်တဲ့ကိစ္စ ရှင်းလောက်ပြီလို့ ယူဆမိပါတယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ကိုယ်တွေ့ဝိပဿနာ


မေး။ ။ အာနာပါနကို အားထုတ်ရာမှာ ၀င်လေကို ရှုတဲ့အခါ အာရုံက ပိုပြီး ထင်ရှားနေတာ ကျွန်တော် တွေ့ရတယ်။ ဒီလို ဖြစ်နေတာဟာ ကျွန်တော့်အတွက် သမာဓိပျက်အောင် လုပ်နေသလိုပဲ။ ကျွန်တော် ဘယ်လို လုပ်ရမလဲ။ (လုပ်နိုင်တာ ရှိသေးလား)

ဖြေ။ ။ ၀င်သက်ထွက်သက်ကို မှတ်တာဟာ ကမ္မဋ္ဌာန်း အားထုတ်ရာမှာ အလွန်စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိစ္စပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အသက်ရှုတာမှာ အလေးအပေါ့၊ အပျော့အပြင်း ကွာခြားမှု နယ် အလွန် ကျယ်လို့ ပါပဲ။ တစ်ခါတစ်ရံ အသက်ရှုရတာ ပြင်းပြီး လေးလံသလိုပဲ။ တစ်ခါတစ်ရံကျတော့ ပေါ့ပါးပြီး အဆင်ပြေပါတယ်။ ဒီလို အပြောင်းအလဲ ဖြစ်တာဟာ ၀င်လေမှာ ဖြစ်ချင်လည်း ဖြစ်တယ်။ ထွက်လေမှာ ဖြစ်ချင်လည်း ဖြစ်တယ်။ အချိန် အပိုင်းအခြားကို လိုက်ပြီးလည်းပဲ အပြောင်းအလဲ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံများဆို အသက်ရှု မှန်းတောင် မသိရလောက်အောင် ညင်သာသွားတဲ့ အခါလည်း ရှိတတ်တာပဲ။ ကမ္မဋ္ဌာန်း ဘာဝနာတရား အားထုတ်ရာမှာ အာနာပါန အလုပ်ရဲ့ တန်ဖိုးဟာ ဘယ်မှာဖြစ်လာသလဲ ဆိုရင်တော့ ထွက်သက် ၀င်သက်လေ သိတ်ပြီး သိမ်မွေ့လွန်းမက သိမ်မွေ့ပြီး ညင်သာလွန်းမက ညင်သာလာပြီဆိုရင် စိတ်ဟာ သတိနှင့် သိမှုပေါ်မှာ ကြာကြာတည်နိုင်ဖို့ရာ လုံလောက်တဲ့ နူးညံ့သိမ်မွေ့မှု (ချောမွတ်မှု) အနေအထားကို ရောက်သွာတော့တာပါပဲ။ ဒီအခါကျတော့ ထပ်ဆင့်ပြီး စိတ်မှာ စွမ်းအင် တစ်ခု ရလာပြန်တယ်။ ဒါက ဘာမှ လုပ်ရတာ မဟုတ်ဘူး။ စိတ်က တိတ်ဆိတ် ငြိမ်သက် သွားတော့တာပါပဲ။

မေး။ ။လူတစ်ယောက် မဂ်ဥာဏ်ရပြီ ဆိုတာကို ဆရာ ဘယ်လိုလုပ်ပြီး ပြောနိုင်မလဲ။

ဖြေ။ ။မဂ်ဥာဏ် ရတယ်ဆိုတာကို ခြေရာခံ လိုက်လံ စုံစမ်းလို့တော့ မရဘူး။ လွတ်မြောက်သွားတဲ့ စိတ်တစ်ခုကို အာရုံတစ်ခုခုနှင့် ထိတွေ့ သိမြင်နိုင်တဲ့ နည်းလမ်းမျိုးလည်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ စိတ်ဆိုတဲ့ ရိုးရိုး သိနိုင်တဲ့ အသိနယ်ကို ကျော်လွန် သွားလို့ပဲဖြစ်တယ်။ ဒါဟာ ငြိမ်သွားတဲ့ မီးတောက် မီးလျှံကို ဘယ်ရောက်သွားပြီလို့ တထစ်ချ နေရာကို သတ်မှတ်ပြောဖို့ ကြိုးစားတာမျိုးလို ဖြစ်နေတယ်။ အဲဒီ ငြိမ်းသွားတဲ့ မီးကို ခင်ဗျား ဘယ်မှာ သွားရှာမှာလဲ။ ဒီလိုပဲ မဂ်ဥာဏ်ကို ဘယ်နေရာမှာ ဘယ်ဋ္ဌာနမှာ တည်နေတယ်ဆိုတဲ့ နေရာဋ္ဌာန သဘောမျိုးနှင့် စဉ်းစားလို့မရဘူး။ နဖူးပေါ်မှာလည်း မဂ်ဥာဏ်ရဲ့ အထူး ထင်ရှားတဲ့ အမှတ်အသားက ပေါ်လာတာ မဟုတ်ဘူး။ ဒါပေမယ့် လူတွေမှာ ဖြစ်ပေါ်လာတဲ့ ပညာနှင့် ကရုဏာ ဂုဏ်သတ္တိတွေကိုပဲ အသိအမှတ်ပြုပြီး ပူဇော်ကြရတာပဲ။

မေး။ ။မိဘများကို ကျေးဇူးဆပ်ရာမှာ မဂ်လမ်းကို ဖော်ဆောင်ပြီး ကျေးဇူးဆပ်ရမယ်ဆိုတဲ့ သားသမီးများရဲ့ တာဝန်ပိုင်းကို ပြောချင်ပါတယ်။ ကျွန်တော့်မိဘများဟာ ကျွန်တော်ဒီရိပ်သာကို ရောက်နေတာကို အံ့သြနေကြတာ။ ဘာကြောင့် ကျွန်တော် ဒီကို ရောက်နေတာလဲ ၊ ကျွန်တော် ဒီမှာ ဘာလုပ်နေတာလဲဆိုပြီး ဖြစ်နေကြပါတယ်။ ဒါပေမယ့် သူတို့ကို နားလည်သဘောပေါက်အောင် လုပ်ဖို့နည်းလမ်း မမြင်ဘူး။ အဲဒါ ဘယ့်နှယ့် လုပ်မလဲ။

ဖြေ။ ။ဆက်သွယ်ရေးမှာ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ စကားနှင့်ပြောမှ မဟုတ်ပါဘူး။ စကားနှင့်ပြောတာဟာလည်း အခါခပ်သိမ်း အကောင်းဆုံးနည်းလမ်း မဖြစ်ပါဘူး။ အကယ်၍ ခင်ဗျားဟာ မိဘတွေနှင့် အတူတကွ နေနေတဲ့အခါဖြစ်ဖြစ် ၊ ဒါမှမဟုတ် အခြား လူတွေနှင့် နေတဲ့အခါဖြစ်ဖြစ် သိပ်ပြီး ဆက်ဆံရေးမှာ အေးစက်စက် ဖြစ်နေတယ်။ပြီးတော့ စဉ်းစဉ်းစားစားနှင့် ချိန်ချိန်ဆဆလည်း မရှိဘူးထား။ အဲဒါကို ခင်ဗျားက မေတ္တာ အပြည့်အ၀ ပေးကမ်းစွန့်ကြဲမှု ရက်ရောမှု အပြည့်အ၀နှင့်သာ လက်ခံကြည့်ပါလား။ ခင်ဗျားအနေနှင့် စကား တစ်ခွန်းတောင် ပြောစရာမလိုဘူး။ ခင်ဗျား ကိုယ်တိုင်က ငြိမ်းချမ်းတဲ့ကိုယ် ဖြစ်နေရင် သူတို့အတွက်လည်း ကောင်းဖို့ရာ နယ်ပယ်တစ်ခု ဖန်တီးဖြစ်ပေါ် လာစေမှာပါပဲ။ အချိန်တော့ကြာတတ်ပါတယ်။ လူတွေမှာ သူတို့နည်းနှင့်သူတို့ စွဲလမ်းနေတဲ့ ၀ါဒစွဲတွေ၊ ဥပါဒါန်စွဲတွေ ရှိတတ် ကြပါတယ်။ ခင်ဗျားက ပြောတဲ့ စကားက သူတို့ရဲ့ အယူစွဲ ၊ ၀ါဒစွဲတွေကို ခြိမ်းခြောက်လာရင် သူတို့ကလည်း ခုခံ ကာကွယ်ကြမှာပဲ။ ဒီတော့ နည်းလမ်းက သူတို့ကို ခြိမ်းခြောက်သလို မဖြစ်စေနှင့်။ မိမိတရားနှင့်သာ မိမိနေပါ။ ဓမ္မက သူ့ဘာသာ သူ ဖွင့်လှစ် ပြပါလိမ့်မယ်။ ငြိမ်းချမ်းတဲ့ စိတ်နှလုံးဟာ ပတ်ဝန်းကျင် အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ အချိန်ရယ်၊ သည်းခံစိတ်ရယ်၊ မေတ္တာစိတ်ရယ် အများကြီး ရှိဖို့တော့ လိုတယ်။ (စိတ်ရှည် ဇွဲသန် သည်းညည်းခံ ပြုရန်သာသနာ)

မေး။ ။တရားထိုင်နေတုန်းမှာ ၀င်လေ ထွက်လေဟာ ရေတွေ ရှေ့တိုးနောက်ငင် စီးဆင်းသလိုပဲ ကျွန်တော့် အာရုံထဲမှာ မြင်နေရတယ်။ ဒီလို မမြင်ဘဲ တရားထိုင်နိုင်ရင် ပိုပြီး သမာဓိ မဖြစ်ဘူးလား။

ဖြေ။ ။ မှန်ပါတယ်။ တရားအားထုတ်တယ်ဆိုတာ ကြံစည်တွေးတောတဲ့ ပညတ် အဆင့်ကနေ စိတ်ကို ကိုယ်တွေ့ အတွေ့အကြုံ ဖြစ်ပေါ်တဲ့အဆင့်ကို ရောက်အောင် လုပ်တာပါပဲ။ အာနာပါနမှာ နိမိတ် ဖြစ်ပေါ်တယ် ဆိုတာဟာလည်း ပညတ်သဘောတွေပဲ။ တကယ် လုပ်ရမှာက ၀င်လေ ထွက်လေ အာရုံ (အထိ အတွေ့) ကိုသာ ထိတွေ့ သိမြင်နေအောင် လုပ်ရမှာ။ ပညတ် မ၀င်ရဘူး။

ဆရာဦးဆန်းလွင် နှင့် ဦးဟန်ဌေး တို့ ဘာသာပြန်သော ဂိုလ်စတိန်း ၏ ကိုယ်တွေ့ဝိပဿနာ မှ...........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, November 28, 2009

ဘ၀ဆိုတာဘာလဲ


ဘ၀ဆိုတာဘာလဲ။ ဘ၀ဆိုတာ အိပ်မက် ပါပဲ။ အိပ်မက်ဟာ ဘ၀ပါပဲ။ ဘ၀ဆိုတာ အိပ်မက်ဆိုတာကို သက်သေ ပြမယ်။

အတိတ်ဘ၀က ဖြစ်ပျက်တွေ့ ကြုံတာတွေ မရှိတော့ဘူး။ တကယ် မဟုတ်တော့ဘူး။ အနာဂတ်ဘ၀မှာ ဖြစ်ပျက်မှာ ကလဲ တကယ် မဟုတ်သေးပါဘူး။ အနာဂတ်ဘ၀ အတိတ်ဘ၀မှာ နေထိုင်လို့မရသလို ၊ပစ္စုပ္ပန် ဘ၀လဲ ဖြစ်ပျက် နေလို့ တကယ်နေထိုင်လို့ မရဘူး။ အတိတ်ဘ၀နဲ့ အနာဂတ်ဘ၀လိုပဲ ပစ္စုပ္ပန် ဘ၀ဟာလဲ အိပ်မက်ပါပဲ။ ဘယ်ဘ၀ မဆို အစစ်အမှန် ခိုင်မြဲတည်တံ့နေတာ မဟုတ်။

ပစ္စုပ္ပန် ဘ၀မှာ နေထိုင်မှုဆိုတာလဲ ချက်ချင်းအတိတ်ဘ၀ ဖြစ်သွားနေတယ်။ ယခု အတိတ်ဘ၀ ဖြစ်နေတဲ့ ပစ္စုပ္ပန် ဘ၀မှာ နေရတဲ့ဘ၀ဟာလဲ အိပ်မက်ပါပဲ။ တကယ်မရှိဘူး။ အတ္တ ပုဂ္ဂလ ဇီဝ မရှိလို့ ဘယ်ဘ၀မဆို အိပ်မက်ပါပဲ။ စိတ်ခဏတိုင်း ပြောင်းလဲနေမှုပါပဲ။

ဘ၀ဟာ အတ္တ ဇီဝ ပုဂ္ဂလ ယောင်္ကျား၊ မိန်းမ၊ မရှိလို့ “သုညတ” လို့ ခေါ်တယ်။ အဲဒီ အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရား သုညတ တရားဟာ ဘ၀ပါပဲ။ ဘ၀ဟာ သုညတလို့ သတိပဋ္ဌာန် အလုပ်နဲ့ တကယ်သိရင် အမြင့်ဆုံး ပညာဥာဏ်၊ ၀ိမုတ္တိ သုခ လွတ်မြောက်တဲ့ ချမ်းသာ သစ္စာသိမှု ချမ်းသာမြတ်ကြီးကို ရပါတယ်။ သုညတ သိမှ နိဗ္ဗာန်ရတယ်။

ဘ၀ဟာ အိပ်မက်ဖြစ်လို့ ချစ်စရာ မုန်းစရာလဲမရှိ၊ အထင်အမြင်မှားစရာ မရှိဘူး။ အိပ်မက်ထဲမှာ တစ္ဆေချောက် ခံရရင် ချက်ချင်းနိုးရင်နိုးတယ်။ နိုးပြီးရင် ဒါ အိပ်မက်ပဲ။ သူရဲတစ္တေ တကယ်ခြောက်လှန့်တာ မဟုတ်ပါလားလို့ သိရင် စိတ်ပေါ့ပါးသွက်လက်တယ်။ ရီတောင် ရီမောရသေးတယ်။

ဘ၀ဟာ အိပ်မက်ဆိုတာကို နောက်တစ်ခု သက်သေပြမယ်။

ဘ၀ဟာ စိတ်ပါပဲ။ စိတ်ရဲ့အမူအယာတွေပဲ။ အိပ်မက်ဆိုတာလဲ စိတ်ရဲ့အမူအယာပဲ။ ဒါ့ကြောင့် ဘ၀ဟာ အိပ်မက်ပါပဲ။ စိတ်ကဖြစ်ပေါ်မှု၊ စိတ်ရဲ့အမြင်သက်သက်ပါပဲ။ အိပ်မက်စိတ်မှာ ကြောက်စရာအာရုံတွေ ကြုံရသလို ၊ နိုးနေတဲ့ စိတ်မှာလဲ ကြောက်စရာအာရုံတွေ ကြုံရတယ်။ အိပ်မက်စိတ်နဲ့ အမြင်ဟာ ဘ၀ပါပဲ။ မျက်မြင်လောကထဲ ဘာမှ မထူးခြားဘူး။ စိတ်ရဲ့ထင်မြင်မှုပါပဲ။ အိပ်မက်ကို ပထမတော့ အစစ်အမှန် တကယ့် ဖြစ်ရပ်လို့ ထင်ခဲ့ကြရတယ်။ အိပ်မက်ဆိုးဟာ အိပ်ရာက နိုးရင် ပျောက်သွားတယ်။ ဒါကြောင့် သတိပညာ ၀ိပဿနာစိတ် မဂ်စိတ်ရရင် ကိလေသာ စိတ်အမြင်တွေ ပျောက်သွားတယ်။ အိပ်မက်ဆိုးတွေ မရှိတော့ဘူး။

မျက်စိဟာ ရူပါရုံအဆင်းကြည့်ရာမှာ မရောင့်ရဲနိုင်ဘူး။ နားကလဲ ကောင်းတဲ့အသံကို ကြားရာမှာ ကျေနပ်ရောင့်ရဲခြင်း မရှိဘူး။ မျက်စိက အဆင်းလှလှကို ထပ်မံ ကြည့်ချင်နေတယ်။ နားက အသံသာယာတာကို ထပ်မံ ကြားချင်နေတယ်။ သောက်လေ သောက်လေ ငတ်မပြေတဲ့ ဆားငန်ရေပါပဲ။ ဒါကြောင့် မြတ်စွာဘုရားက မျက်စိ, နား , နှာ , လျှာ, ကိုယ် , စိတ် ဒွါရ ခြောက်ပါးမှာ တဏှာ , မာန , ဒိဋ္ဌိ မီးလောင်နေတယ်လို့ ဟောတော်မူတယ်။ ဒွါရ ခြောက်ပါးမှာလဲ မီး ၁၁-ပါး လောင်နေတာကို တွေ့မြင်နိုင်တယ်။



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Friday, November 27, 2009

မမြဲခြင်းသဘော၏အရေးပါမှု


တရားဓမ္မ လက်တွေ့ကျင့်သုံးရာတွင် အရေးပါပုံ

မမြဲခြင်းသဘောကို သိမြင်သဘောပေါက်မှုသည် တရားဓမ္မ လက်တွေ့ကျင့်သုံးမှုအတွက် အကူအပံ့ရရန် ထူးထူးခြားခြား အကျိုးပြုပေသည်။

မမြဲခြင်းသဘောကို သိမြင်သဘောပေါက်မှုသည် အလိုလောဘနှင့် မကောင်းသောစိတ်ထားတို့အတွက် ဖြေဆေးပင် ဖြစ်သည်။ တရားဓမ္မ လက်တွေ့ကျင့်သုံးရေးအတွက် သတ္တိမွေးပေးခြင်းလည်း ဖြစ်သည်။ ထို့ပြင် အရာခပ်သိမ်းတို့ အမှန်အတိုင်း ပကတိအတိုင်း ဖြစ်တည်နေပုံ ၊အရာခပ်သိမ်းတို့၏ အဆုံးစွန်သော သဘာဝကို သိမြင်သဘောပေါက်ရေးအတွက် ပဓာန သော့ချက်လည်းဖြစ်ပေသည်။


သေခြင်းသဘောကို သတိရဆင်ခြင်ခြင်းသည် တရားဓမ္မကို လက်တွေ့ကျင့်သုံးလိုသူအတွက် မိတ်ဆွေကောင်း ၊ ဆရာကောင်းနှင့် အလားတူသည်။ သေခြင်းသဘောကို သတိရဆင်ခြင်ခြင်းသည် အလိုလောဘ ကြီးလွန်းခြင်းနှင့် စိတ်ထားမကောင်းခြင်းတို့ကို ဟန့်တားချက်တစ်မျိုးပမာ ဖြစ်သည်။ မည်မျှပင် အကြိမ်ကြိမ် ရန်ဖြစ်ထားသည်ဖြစ်စေ၊ သဘောထားမတိုက်ဆိုင်မှုများသည် မည်မျှပင် များပြားနေသည်ဖြစ်စေ တစ်သက်လုံး ရည်မှန်း ရန်ငြိုးဖွဲ့ထားမှုများပင် ဖြစ်စေ မလွဲမသွေ သေရမည်ဟူသော သဘောကို သတိရဆင်ခြင်မိသောအခါ မှေးမှိန် ပျောက်ကွယ်သွားရပေသည်။ သေခြင်းတရားကို နက်နဲစွာ သုံးသပ်ဆင်ခြင်ခြင်မှာလည်း အလွန်ပင် အကျိုးထူးသည်။

မိမိသည် တစ်နေ့တွင် သေချာပေါက် သေရမည်ဟူသော အချက်ကို လူတိုင်းပင် သတိရ ဆင်ခြင်မိရန် လိုအပ်သည်။ မွေးဖွားသော အချိန်မှစပြီး သေခြင်းဆီသို့ ဦးတည်ကာ မရပ်မနား တရွေ့ရွေ့ ရွေ့ရှားနေကြရသည်။ ဤအချက်ကို သတိရ ဆင်ခြင်မိခြင်းဖြင့်လည်းကောင်း၊ မိမိသေဆုံးသွားသော် စည်းစိမ်ဥစ္စာ ၊ မိသားစု၊ ကျော်စောမှု အားလုံးသည် မိမိအတွက် ဘာမျှ အသုံးမကျတော့ကြောင်းကို သတိရ ဆင်ခြင်မိခြင်းဖြင့်လည်းကောင်း၊ တရားဓမ္မ လက်တွေ့ ကျင့်သုံးရေးသို့ စိတ်အာရုံ လှည့်ပြောင်းမိအောင် ကြိုးစားကြရပေမည်။ သေဆုံးရမည်မှာ မြေကြီးလက်ခတ်မလွဲ၊ သေချာကြောင်း သိကြရပေမည်။ သေခြင်းမှ လွတ်မြောက်နိုင်သူ တစ်ဦးတစ်ယောက်မျှ လုံးဝ မရှိပါချေ။

သို့ရာတွင် သေရမည်မှာ မလွဲသေချာသော်လည်း မည်သည့်အချိန်အခါတွင် သေရမည်ကား မသေချာပါ။ အချိန်မရွေး သေသွားနိုင်၏ ။ အသက်ရှင်ခြင်း(ဘ၀)သည် လေတိုက်ရာတွင် ထွန်းညှိထားသော ဖယောင်းတိုင် မီးနှင့် တူသည်။ သို့မဟုတ် ရေမြုပ်နှင့် တူသည်ဟု ဆို၏ ။ လေတိုက်ထဲတွင် ရှိသော ဖယောင်းတိုင်မီး အချိန်မရွေး ငြိမ်းသွားနိုင်သကဲ့သို့ အသက်သည် အချိန်မရွေး ချုပ်ပျောက်သေဆုံးသွားနိုင်၏။ ရေမြုပ်ပေါက်ကွဲ သွားသကဲ့သို့ အချိန်မရွေး ပေါက်ကွဲပျက်စီးသွားနိုင်သည်။

မည်သည့်အချိန်သေရမည်ဆိုတာ မသေချာကြောင်း၊ အချိန်မရွေး သေဆုံးသွားနိုင်ကြောင်း သိမြင် သဘောပေါက်ခြင်းဖြင့်သော်လည်းကောင်း ၊တရားဓမ္မကို လက်တွေ့ကျင့်သုံးနိုင်ရန် မိမိတို့တွင် အခြေအနေ ကောင်း အခွင့်ကောင်း ရှိနေခြင်းကို သိမြင်သဘောပေါက်ခြင်းဖြင့်သော်လည်းကောင်း ၊ ဤအခွင့်ကောင်းကို လက်လွတ်မသွားရလေအောင် ၊ အဖိုးတန်လှသော လူ့ဘ၀ကို ဖြုန်းတီးပစ်ရာ မရောက်အောင် တရားဓမ္မကို အမြန်ဆုံး လက်တွေ့ကျင့်သုံးသင့်ပေသည်။

ဆရာကြီးဦးသိန်းလှိုင် ၏ လူမှုဘ၀အတွက် အခြေခံ ဗုဒ္ဓအယူဝါဒများ မှ...........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Tuesday, November 24, 2009

လူသားဘယ်တော့ လိမ္မာမလဲ


ဗုဒ္ဓ၏ ရှေးကျသော ပါဠိစာပေကျမ်းဂန်များတွင် တချို့သော မိန့်ဆိုချက်များ၌ အောက်ပါအတိုင်း တွေ့ရှိရသည်။
အလိမ္မာပညာဖြင့်နေသောဘ၀သည် အကြီးကျယ်ဆုံးဘ၀ဖြစ်သည်။
"ပညာဏဇီဝ ဇီဝိတံ အဟု သေတ္တံ"
အသိပညာ အလိမ္မာသည် လူသားအတွက် ရတနာ ဖြစ်သည်။
"ပညာ နာရနံ ရတနံ"
ပညာနှင့်တူသော အလင်းရောင်သည်မရှိ။
"နတ္တိ ပညာ သမာ အာဘာ"

ဗုဒ္ဓ၏ အဆုံးအမအရ ဘ၀၏ရည်မှန်းချက်သည် ပညာသို့ပေါက်မြောက်ရေးပင်ဖြစ်သည်။ ပညာဆိုသော ပါဠိ စကားကို အများအားဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသောအခါ Wisdom ဟု ပြန်ဆိုတတ်ကြသည်။ သို့သော် ပါဠိစကားလုံး ပညာ၊ သက္ကတစကားလုံး Prajna သည် အင်္ဂလိပ်စကားလုံး Wisdom ထက် ပိုနက်ရှိုင်းသည်။ ပို၍အ၀ှန်းကျယ်သည်။ ဗုဒ္ဓ၏ သဘောအရ ပညာ၏သဘောသည် အရာဝတ္ထုတို့ကို ရှိအတိုင်းတိုင်းသဘာဝ ကျကျ ဓမ္မဓိဌာန်သဘောဖြင့် သိမြင်ခြင်းဖြစ်ရုံမျှမက ၊ သစ္စာတရားကို သိမြင်ရုံမျှမက ၊ လောဘ ၊ ဒေါသ ၊ မောဟ တရားတို့မှ လုံးဝလွန်မြောက်ပြီးလျှင် သတ္တ၀ါမှန်သမျှအား ကျောသားရင်သား မခွဲခြားဘဲ မေတ္တာကရုဏာ ထားနိုင်ရေးလည်း ဖြစ်ပေသည်။ ဤအလိမ္မာ ပညာ၏ သဘောကို လူသာမန်အသိဖြင့် လည်းကောင်း ၊ လောကီအသုံးချ အသိဥာဏ်ပညာဖြင့်လည်းကောင်း ၊ စမ်းသပ်စစ်ဆေးနိုင်သော လက်တွေ့ သိပ္ပံပညာလောက်ဖြင့်လည်းကောင်း ရောထွေး၍ မစဉ်းစားသင့်ပေ။
ဗုဒ္ဓ၏ စည်းကမ်းနည်းလမ်းများသည် လူသားကိုတစ်ဖက်စောင်းနင်း တိုးတက်ဖွံဖြိုးစေသော နည်းလမ်းစည်းကမ်းများ မဟုတ်ကြချေ။ လူသားကို ဘက်စုံပြည့်ဝစေသော လူသားအဖြစ် တိုးတက် ဖွံဖြိုးစေသော စည်းကမ်း နည်းလမ်းများသာ ဖြစ်ကြသည်။ လူသားတွင် ရုပ်ပိုင်းဘ၀ သာယာဝပြောရေးသည် အခြေခံကျသော လိုအပ်ချက်ဖြစ်သည်။ ထိုရုပ်ဘ၀ လိုအပ်ချက်အပြင် လူသားမှာ ပြည့်ဝသော လူသားဖြစ်ရေး အတွက် အခြားလိုအပ်ချက် နှစ်ခုလည်းရှိသေးသည်။ ထိုလိုအပ်ချက် နှစ်ခုကိုလည်း ရုပ်ဘ၀ဖွံဖြိုး တိုးတက်အောင် လုပ်သလို၊ တစ်ပြိုင်နက်မှာပင် အလားတူ ဖွံဖြိုးတိုးတက်အောင် ပြုလုပ်ကြရပေမည်။ ထို အရာနှစ်ခုမှာ တခြားမဟုတ် ၊ လူသား၏ နှလုံးသားနှင့် လူသား၏ ဦးနှောက်ဖြစ်သည်။ ဤစကားလုံးနှစ်ခုကို ကျွန်ုပ်သည် သင်္ကေတသဘောဖြင့် သုံးနှုန်းလိုက်ခြင်းသာဖြစ်၏ ။ အသည်းနှလုံးသည် ချစ်ခြင်းမေတ္တာကို ကိုယ်စားပြု၏ ။ ထိုစကားထဲတွင် ကရုဏာတရား၊ ကိုယ်ချင်းစာတရား၊ စွန့်ကြဲခြင်း စာဂ နှင့် အလားတူ မွန်မြတ်သော စိတ်လှုပ်ရှားစဖွယ် အရည်အသွေးများအားလုံး အကျုံးဝင်ပေသည်။ ဦးနှောက်ဆိုသော စကားသည် လူသား၏ အသိဥာဏ်ပညာပိုင်းကို သင်္ကေတပြု၍ ဖော်ပြသော စကားဖြစ်သည်။ ဆင်ခြင်ဥာဏ်၊ ဝေဖန်ပိုင်းခြား ဆုံးဖြတ်စီရင်သောဥာဏ်၊ ကြံစည်စိတ်ကူးသောဥာဏ်နှင့် အခြားသော စိတ်ပိုင်းဆိုင်ရာ အရည် အသွေးများအားလုံး ပါဝင်ပေသည်။

အကြင်သူသည် စိတ်လှုပ်ရှား (ခံစားမှု) အပိုင်းကိုသာ တိုးတက်ဖွံဖြိုးအောင်ပြုလုပ်ပြီး၊ ဆင်ခြင်စဉ်းစား ဝေဖန်သုံးသပ် ဆုံးဖြတ်သော အပိုင်းကို အားကောင်းအောင်၊ ဖွံဖြိုးတိုးတက်အောင် မပြုလုပ်ဘဲ နေလျှင်၊ ထိုလူသည် စိတ်ကောင်းနှလုံးကောင်း ရှိသော လူပေါ၊ လူမိုက်ကြီးဖြစ်နေပေလိမ့်မည်။ သို့မဟုတ်ဘဲ ဆင်ခြင် သုံးသပ်ဆုံးဖြတ်တတ်သော အသိဥာဏ်ပိုင်းကိုသာ တိုးတက်ဖွံဖြိုးအောင် ပြုလုပ်ပြီး လျစ်လျူရှု့ထားလျှင် ထိုသူသည် တစ်ကိုယ်ကောင်းဆန်သော အတ္တသမား ၊ အသည်းမာသော ပညာရှိပဏ္ဍိတကြီး ဖြစ်သွားပေလိမ့်မည်။

ထိုသူသည် ပညာကားရှိ၏ ။ သို့သော် ဘ၀တူ လူသားချင်းအပေါ်၌ ထားအပ်သော မေတ္တာကရုဏာတရားကား ခေါင်းပါးသူဖြစ်၏ ။ သို့ဖြစ်ရာ လူသား၏ ဘက်စုံ မျှမျှတတ တိုးတက်ဖွံဖြိုးရေး ၊ ပြည့်ဝသော လူသားတစ်ယောက် ဖြစ်မြောက်ရေးမှာ နှလုံးသားဘက်ရော ဦးနှောက်ဘက်ပါ အညီအမျှ တစ်ပြိုင်နက် တိုးတက် ဖွံဖြိုးအောင် ပြုလုပ်မှသာ ဖြစ်နိုင်ပေသည်။ ဤကားဗုဒ္ဓ၏ ပညာနှင့်ပတ်သက်သော ရည်မှန်းချက်ဖြစ်၏ ။
ကမ္ဘာတစ်ဝန်းလုံးရှိ မျက်မှောက်ခေတ်ပညာရေးစနစ်၏ ယေဘူယျ ရည်မှန်းချက်သည် အသက်မွေးမှုအတွက် ကျွမ်းကျင်သော အသိပညာရှိသည့် အမျိုးသား၊ အမျိုးသမီးများကို ထုတ်လုပ်ရေးသာ ဖြစ်နေပေသေးသည်။ ယေဘူယျ ကျွမ်းကျင်မှု ၊ အဆင့်မြင့်(အထူး) ကျွမ်းကျင်မှုကိုသာ ဦးစားပေးနေ၏ ။

ထိုပညာရေးစနစ်သည် အတတ်ပညာအရည်အသွေး ထူးချွန်ထက်မြက်ရေးကိုသာ အလေးထားသော၊ အထူးအလေးထားသော စနစ်ဖြစ်သည်။ လူသား၏ ကိုယ်ကျင့်တရားနှင့် စိတ်ဝိညာဉ်ဆိုင်ရာ အရည်အသွေးများ တိုးတက်ဖွံဖြိုးရေးကိုကား လျစ်လျူရှု့ထားသော ပညာရေးဖြစ်၏ ။ ထို့ကြောင့် ထိုပညာရေးစနစ်ဖြင့် မွေးထုတ်လိုက်သော လူသားများသည်ကား တည်ငြိမ်မှုနှင့် သဘောထားညီမျှမှု ကင်းသော လူသားများ ဖြစ်လာကြလေသည်။ ထို့ကြောင့် ထိုလူသားများ ရင်ထဲတွင် အမြဲတမ်းကျေနပ်ရောင့်ရဲခြင်းကင်းသော ၀ိရောဓိများ ဖြစ်ပေါ်လျှက်ရှိသည့်ပြင် ပုဂ္ဂလိကလူသားနှင့် လူ့အဖွဲ့အစည်းများ၏ အကျိုးစီးပွားအကြားမှာလည်း အစဉ် ပဋိပက္ခဖြစ်ပွားနေရပေတော့သည်။ ထိုသို့မဟုတ်လျှင်လည်း ထိုလူသားများသည် စဉ်းစားဝေဖန်ခြင်း မရှိဘဲ ဖြစ်ရာဘ၀မှာ ရောင့်ရဲနေကြသူများ ဖြစ်နေတတ်ပေသည်။

လူသား၏ ကိုယ်ကျင့်သီလကောင်းမွန် တိုးတက်ရေး စိတ်ဝိညာဉ်ပိုင်း ဖွံဖြိုးတိုးတက်ရေးအပိုင်းသည် ဘာသာတရားများမှာသာ တာဝန်ရှိသည်ဟု ယူဆခြင်းသည် အလွန်ဆိုးဝါးသော အမှားဖြစ်သည်။"Religion" ဘာသာကိုးကွယ် ဆိုသောစကားသည် မျက်မှောက်ခေတ် လူသားအများစုအတွက် ခံတွင်းတွေ့လောက်သော စကားမဟုတ်၊ ထိုသို့ဖြစ်ရခြင်းမှာ ဘာသာကိုးကွယ်မှုဆိုသော သဘောကို ခေတ်မစားတော့သည့် သေးသိမ်သော ပူဇော်ပသမှုဓလေ့ထုံးစံများနှင့် ထပ်တူပြုကြသော အကြောင်းကြောင့် ဖြစ်ပေသည်။

ခေတ်သိပ္ပံပညာနှင့် အတတ်ပညာများက လူထက်အဘက်ဘက်က အဆပေါင်းများစွာတိကျ၍ သာလွန် စွမ်းဆောင်နိုင်သော စက်ကရိယာယန္တရားများ တီထွင်ထုတ်လုပ်ပေးခဲ့ပြီး ဖြစ်ပေသည်။ သို့ရာတွင် ထိုယန္တရားများမှာ အသိဥာဏ်ပညာကင်းမဲ့သော စက်ယန္တရားများသာ ဖြစ်ကြပေသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့ကျင့်သုံးနေသော လက်ရှိပညာရေးစနစ်သည်လည်း အသိဥာဏ်ပညာပါသော စက်နှင့်တူသော လူသားများကို မွေးထုတ်ပေးနေသော စနစ်ကြီးဖြစ်နေလေပြီလားဟု စဉ်းစားစရာ ဖြစ်နေပေသည်။

ထိုပညာရေးစနစ်က မွေးထုတ်ပေးသော လူသားများသည် ကာလပေါ်စက်ယန္တရားများလောက် စွမ်းဆောင်နိုင်မှု တိကျမှုလည်း မရှိချေ။ ထိုကဲ့သို့သော ဥာဏ်ပညာကင်းမဲ့သော လူသားယန္တရားများကပင် ကမ္ဘာ့အရေးအခင်းများကို ကိုင်တွယ်ဖြေရှင်းနေကြသည်ဖြစ်ရာ ကမ္ဘာကြီးမှာ မည်မျှ အန္တရာယ်ကြီးမားနေပြီ ဆိုသည်ကို စဉ်းစားဖို့ကောင်းပြီ။

ဗုဒ္ဓ၏ ဘ၀နှင့်ပတ်သက်သော ရည်မှန်းချက်မှာ ပညာစခန်းသို့ တက်လှမ်းရေးပင်ဖြစ်ကြောင်းကို အကျွန်ုပ် ဆိုခဲ့ပြီးပြီ။ ယခု " ပညာ" ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ရှင်းရပေဦးမည်။ မဂ္ဂင်တရားတော်အရ ပညာဆိုသည်မှာ သမာဒိဋ္ဌိ နှင့် သမာသင်္ကပ္ပ ပင်ဖြစ်သည်။ မှန်သောအမြင် နှင့် မှန်သောအတွေး ကိုဆိုလိုသည်။

ဤတွင် သမာဒိဋ္ဌိ (မှန်သောအမြင်) ရရှိအောင် ပြုစုပျိုးထောင်ရာတွင် အဆင့်လေးဆင့်ရှိသည်။ ပထမအဆင့်သည် ကျွန်ုပ်တို့၏ ဘ၀ကို ရှိအတိုင်းတိုင်း သိရေးပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ဒေသနာကို အမှန်အကန် သိရေးပင် ဖြစ်သည်။ ၄င်းမှာ လူသား၏ ကြုံတွေ့နေရသော သုခ၊ ဒုက္ခအားလုံးကို မှန်မှန်ကန်ကန် သိနားလည်ဖို့ လိုအပ်ပေသည်။

အကျွန်ုပ်တို့၏ ဘ၀သည် ခြောက်ပစ်ကင်း မဟုတ်။ မမြဲ ၊ အနိစ္စ ဖြစ်သည်ဆိုသောအချက်ကို သိမြင်ဖို့လိုသည်။ ဘ၀ထဲမှာ အလိုမကျ၊ မကျေနပ်မှုနှင့် ပဋိပက္ခတွေ ဒင်းကြမ်းပြည့်နေသည်ကို သိရမည်။ ထို့ပြင် ဤဘ၀သည် သည်အတိုင်းပစ်ထား၍ မရ။ အစဉ်သဖြင့် တိုးတက်နေအောင် ကြိုးပမ်းဆောင်ရွက်နေမှသာ အဆင်ပြေသည် ဆိုသော အချက်များကို မှန်မှန်ကန်ကန် ရှု့မြင်သုံးသပ်တတ်ခြင်းသည် သမာဒိဋ္ဌိ (Right Understanding) ဖြစ်သည်။ ဤကား ဒုက္ခသစ္စာကို သိခြင်းဖြစ်၏ ။

ဒုတိယအချက်သည် ကျွန်ုပ်တို့ ဘ၀၌ ကြုံတွေ့လာရသမျှသော ပြဿနာများ ၊ပဋိပက္ခများ အားလုံးသည် တခြားကြောင့် ဖြစ်ပေါ်လာသည်မဟုတ်။ ကျွန်ုပ်တို့ကိုယ်မှဖြစ်သော တစ်ကိုယ်ကောင်းဆန်သော အတ္တဆန္ဒကြောင့် ဖြစ်ရသည်။ မှားယွင်းသော ငါစွဲ သက္ကာယ ဒိဋ္ဌိကို အခြေခံ၍ ဖြစ်ရသည်။ ထိုသက္ကာယဒိဋ္ဌိကိုပင် ဘ၀၏ ဘက်ပေါင်းစုံသို့ ချဲ့ထွင်မှုကြောင့် ဖြစ်ရသည် ဆိုသောအချက်ကို နားလည်ခြင်းပင် ဖြစ်သည်။

တတိယအချက်သည် ဤဆင်းရဲခြင်း အတိဒုက္ခအပေါင်းမှ လွတ်မြောက်အောင် ရုန်းထွက်နိုင်လျှင် ငြိမ်းချမ်း သာယာသော၊ ဆင်းရဲကင်းသော ဘ၀ကို ရရှိနိုင်သည် ဆိုသောအချက်ကို အသိအမှတ်ပြုရေးပင် ဖြစ်သည်။ ကျွန်ုပ်တို့ဘ၀သည် ဒုက္ခထောင်ချောက်ထဲမှာ မျှော်လင့်ချက်ကင်းစွာ ပိတ်မိနေသည်ကား မဟုတ်ကြချေ။ ဒုက္ခမှ ကင်းဝေးသော သဘောရှိသည်ဆိုသည်ကို သိရမည်။

စတုတ္ထအချက်မှာ ထိုဒုက္ခကင်းဝေးသော အဖြစ်သို့ ဆိုက်ရောက်အောင် သွားနိုင်သော လမ်းသည်ရှိသည်။ ဘ၀ လွတ်မြောက်ခြင်းအတွက် ထွက်ရပ်လမ်းရှိသည်။ ထိုလမ်းစဉ်တွင် ကိုယ်ကျင့်တရားပိုင်းရော၊ စိတ်ဝိညာဉ်ပိုင်းနှင့် ပညာပိုင်းပါ ဖွံဖြိုးအောင်လုပ်သော နည်းများပါရှိသည်။

ဤသို့ ကျင့်အပ်သော အဆင့်လေးဆင့်ကိုပင် အရိယာသစ္စာလေးပါးဟုခေါ်သည်။ ဤအရိယာသစ္စာလေးပါးကို ကျွန်ုပ်တို့ဘ၀၌ ကြုံတွေ့နေရသော ပြဿနာအားလုံးတွင် အသုံးချ ဖြေရှင်းနိုင်သည်။ ပထမအချက်မှာ ကျွန်ုပ်တို့ အနေနှင့် ပြဿနာ (၀ါ) ပဋိပက္ခကို မှန်မှန်ကန်ကန် နားလည်ရေးပင်ဖြစ်သည်။ ထို့နောက် ထိုပြဿနာ စတင်ဖြစ်ပေါ်လာရသော အကြောင်းရင်း မူလကို ရှာဖွေရပေသည်။ တတိယအနေအားဖြင့် ဤပြဿနာ ဤအခက်အခဲမှ ကျွတ်နိုင်၊ လွတ်နိုင်သော အလားအလာ ရှိသလားဆိုသည်ကို ကြည့်ရမည်။ နောက်ဆုံးအနေနှင့်မူ ထွက်မြောက်နိုင်သော အခြေအနေ ရှိသည်မှန်လျှင် ထိုအခြေအနေသို့ ရောက်အောင်သွားနိုင်မည့် အဖြစ်နိုင်ဆုံးနည်းလမ်းကို ရှာကြံကြရပေမည်။

ယခု မှန်သောအတွေး (သမာကမ္မန္တ) သည် အဘယ်နည်း။ ကိုယ်ကျိုးဆန္ဒ သက္ကာယဒိဋ္ဌိမှ လွတ်မြောက်ရေး အတွက် တွေးတောကြံစည်ခြင်းလည်းကောင်း၊ ငါ ၊ငါ့ဥစ္စာ ဟု တွေးတောသော၊ အတ္တဆန်သော အတွေးကို ငြင်းပယ်ခြင်း၊ အကြမ်းမဖက် ချစ်ခြင်းမေတ္တာဖြင့် သတ္တ၀ါအားလုံးအပေါ် မေတ္တာထားခြင်း စသည်တို့သည် သမာကမ္မန္တ တွင် အကျုံးဝင်သည်။ ဤသို့ ကြံစည်တွေးတောရာ၌ ငါစွဲ၊ အတ္တပြုတ်သွားသည်။ စစ်မှန်သော မေတ္တာတရား၌ ငါအတ္တစွဲအတွက် နေရာမရှိချေ။

ဤတွင် အကျဉ်းချုပ်၍ ဖြေပြခဲ့သော ရှင်းလင်းချက်များကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓရှု့မြင်သော အလိမ္မာဥာဏ် ပညာသဘောတွင် အရိယသစ္စာတရားကို ထိုးထွင်းသိမြင်မှုသာမက ငါစွဲ (သက္ကာယဒိဋ္ဌိ) ပြုတ်ရေးကိစ္စ၊ မေတ္တာထားရေး ကိစ္စပါ ပါဝင်နေကြောင်းတွေ့ရှိရပေသည်။ ဤတွင် ငါစွဲ ၊ ဒေါသ နှင့် အကြမ်းဖက်မှုများမှ ကင်းရှင်းသော တွေးတောကြံစည်မှုအားလုံး ပါဝင်နေပေသည်။

ထို့ကြောင့် ပါဠိစကားလုံး ပညာကို အဓိပ္ပါယ်ငုံမိအောင် အင်္ဂလိပ်စကားလုံးဖြင့် ပြည့်ပြည့်စုံစုံ ဖော်ပြရလျှင် Wisdom-Love ဟုဆိုသင့်လေသည်။ အလုံးစုံသော ကိုယ်ကျိုးအတ္တဆန်သောအတွေး၊ ဣသာမစ္ဆရိယ၊ ဒေါမနဿ၊ အကြမ်းဖက်မှု အားလုံးတို့သည် ဤလူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ရေးကိစ္စများမှာ ပါသောကြောင့် မေတ္တာကင်းမဲ့ခြင်းကြောင့် ဖြစ်ရသည်ချည်းသာဖြစ်၏ ။

ဤပညာ၏ ထင်ရှားသော လက္ခဏာတစ်ရပ်မှာ လွတ်လပ်စွာ တွေးခေါ်မှု၊ အာဃာတကင်းမှု၊ နိုင်ငံရေး စီးပွားရေး လူမှုရေး စနစ်တစ်ခုအောက်တွင် ကျေးကျွန်ဖြစ်ရခြင်းမှ ကင်းလွတ်မှုဖြစ်သည်။

ထို့ထက်ပို၍ဆိုးသောအချက်မှာ အသိဥာဏ်၏ ကျေးကျွန် (အယူဝါဒ ကျေးကျွန်) ဖြစ်ရခြင်းပင်ဖြစ်သည်။ ထိုအသိဥာဏ် (အယူဝါဒ) ကျွန်ဖြစ်ရခြင်းကား သိရလည်းခက်၏ ။ ထိုကျွန်ဘ၀မှ လွတ်မြောက်အောင် လုပ်ဖို့လည်း ခက်သည်။

ယခုခေတ်တွင် ဤအယူဝါဒ ကျွန်ပြုသောစနစ်သည် လူသာမန်တို့ လောကမှာသာ ပြန့်ပွားနေသည်မဟုတ်။ အသိပညာရှင်၊ အတတ်ပညာရှင် ဟု ဆိုသူများ လောကမှာလည်း ပြန့်ပွားလျှက် ရှိပေသည်။ လူထုဆက်သွယ်ရေးစနစ်များဖြစ်သော သတင်းစာ၊ ရေဒီယို၊ တယ်လီဗီးရှင်း၊ ရုပ်ရှင်နှင့် အချို့စာအုပ်များသည် ထိုစနစ်ကို ပြန့်ပွားအောင် ဖြန့်ဖြူးနေကြသော အရာများဖြစ်ကြပေသည်။

လွတ်လပ်စွာတွေးခေါ်မှု၊ လွတ်လပ်စွာ စူးစမ်းလေ့လာမှု သဘောတို့ကို ကာလာမသုတ်တွင် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားထားခဲ့ပေသည်။ ထိုသဘောတရားမျိုးကို အခြားသော မည်သည့်အယူဝါဒမှာမှ တွေ့မြင်နိုင်မည် မဟုတ်ပေ။ ထိုသဘောကို ပါဠိစကား၌ ဧဟိပဿိကော ဟု ဖော်ပြ၏ ။ အဓိပ္ပါယ်မှာ “လာပါ ကိုယ်တိုင်လေ့လာ ဆန်းစစ်ကြည့်ပါ” ဟု ဖိတ်ခေါ်ခြင်းဖြစ်၏ ။ “လာယုံကြစမ်းပါ” ဟု ခိုင်းထားခြင်း မဟုတ်ပေ။

ပညာကိုရှာသောသူ၏စိတ်သည် တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်း၊ ကပ်ငြိခြင်း ကင်းရမည်။ တစ်စုံတစ်ခုကို အယူအစွဲသန်နေလျှင် အခြားသော အယူအဆများကို အထင်သေးပေတော့မည်။ ဤတစ်ခုတည်းသာ အမှန်ဖြစ်သည်။ ကျန်သောအရာအားလုံး မှားသည်ဟု ဆိုပေတော့မည်။

ဤလွတ်လပ်စွာတွေးခေါ်မှု၏ ထောက်ကူသဘော အယူအဆမှာ သည်းခံစိတ်ရှိခြင်း၊ နားလည်မှုရှိခြင်းပင် ဖြစ်သည်။ ဗုဒ္ဓဘာသာနိုင်ငံများ ၊ နိုင်ငံရေးအရ စစ်တိုက်သည်ကားရှိသည်၊ သို့သော် ဘာသာရေးအတွက် ညဉ်းဆဲ သတ်ဖြတ်ခြင်းမျိုးကား လုံးဝမရှိပေ။

လွတ်လပ်စွာတွေးခေါ်ခြင်း၊ သည်းခံခြင်း၊ ကိုယ်ချင်းစာခြင်း သဘောတို့သည် ပညာ၏ သဘောပင်ဖြစ်သည်။ နောက်အရေးပါသော ပညာ၏သဘောတစ်ခုမှာ အနိစ္စဆိုသော လောကနိယာမ တရားကြီးကို သိမြင် သဘောပေါက်ခြင်းပင် ဖြစ်သည်။

ဗုဒ္ဓ၏အတွေးအခေါ်အရ တည်တံ့ခိုင်မြဲသော အရာဟူ၍ ဘာဆိုဘာမျှ မရှိချေ။ မပြောင်းလဲသောတရားဟူ၍ လုံးဝမရှိချေ။ ဘ၀အပါအ၀င် အားလုံးသော အရာခပ်သိမ်းတို့သည် သင်္ခါရတရားများချည်းသာ ဖြစ်ကြသည်။ ပြုပြင်၍ ဖြစ်ရသော အရာချည်းသာပင်။ အချင်းချင်း အမှီပြု၍ အမြဲတစေ ပြောင်းလဲဖောက်ပြန်နေသော သမုတိသစ္စာချည်းသာ ဖြစ်ကြကုန်သည်။

ဤပြောင်းလဲခြင်းတရားကို ဘယ်တန်ခိုးတော်ရှင်မှ တားဆီး၍ ရကောင်းသည် မဟုတ်ချေ။ ထိုတရားကို နားမလည်သူများသည် ၀မ်းနည်းကြ၊ ပူဆွေးကြ၊ သောကရောက်ကြရသည်။

အသိ အလိမ္မာ ဥာဏ်ပညာရှိသူတို့သည် ယေဘူယျသစ္စာတရားဖြစ်သော ဤအနိစ္စတရားကို ရှု့မြင် နားလည် ကြသည်။ ထို့ကြောင့် မမြဲ၊ ဖောက်ပြန်သော သဘောတို့နှင့် ကြုံတွေ့ကြရသောအခါ ၀မ်းနည်းခြင်း၊ ပူဆွေးခြင်း၊ သောကပရိဒေ၀ ရောက်ခြင်း မရှိကြတော့ပေ။ ပညာ၏သဘောမှာ မရှောင်မလွှဲသာသော ကိစ္စများနှင့် အလိုက်သင့် နေနိုင်ခြင်းလည်းဖြစ်ပေသည်။

လောက၏အရှုပ်အထွေးများကို ဘယ်သူသည် ဖြေရှင်းနိုင်ပါမည်နည်းဟု ဗုဒ္ဓအား တစ်ခါက မေးဖူးလေသည်။ ဗုဒ္ဓက သီလ ၊ သမာဓိ၊ ပညာဖြင့် အားကြီးသော ပုဂ္ဂိုလ်သည် လောက၏အရှုပ်အထွေးများကို ဖြေရှင်းနိုင်သည်ဟု ဖြေတော်မူခဲ့ဖူးလေသည်။

ဆရာဦးဆန်းလွင်၏ ဒဿနစာစုများ မှ..........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Sunday, November 22, 2009

သမုဒ္ဒ၀ါဏိဇဇာတ်

အို...ဗုဒ္ဓဘာသာဝင် အပေါင်းတို့၊ ငါတို့ လေးမြတ် ကိုးကွယ်အပ်သော ဗုဒ္ဓရှင်တော်ဘုရားဟူသည် ဘာသာခြား ဘုရားကဲ့သို့ အရေးပေါ်မှ ကိုယ်တော်တိုင် ကယ်ဆယ်မည်ဟု တာဝန်ခံထားသော ဘုရားမဟုတ်၊ စောစောစီးစီးက ကိုယ်စီကိုယ်င၊ ကျင့်ကြဖို့ရန် လမ်းမှန် ကမ်းမှန် ညွှန်ပြတော်မူသော ဘုရားဖြစ်သည်။ ထိုသို့ ညွှန်ပြတော်မူသဖြင့် အားရသင့်သော အချက်ကို အမြွက်မျှ ပြဦးအံ့။

ရှေးတုန်းက ကုန်သည်တစ်ထောင်ကို ခေါင်းဆောင်နှစ်ယောက်ခွဲ၍ ငါးရာစီ အုပ်ချုပ်ပြီးလျှင် သမုဒ္ဒရာအလယ် ကျွန်းငယ်တစ်ခုကိုတွေ့၍ ပျော်မွေ့စွာ နေထိုင်စဉ် အတော်ကြာလျှင် ကျွန်းပေါ်မှာ အညစ်အကြေးတွေ ပြန့်နှံ့လျက် မသန့်မရှင်း နေထိုင်ကြခြင်းကြောင့် ကျွန်းစောင့်နတ်တို့ အမျက်ထွက်သဖြင့် စည်းဝေးတိုင်ပင်သောအခါ ပင်လယ်ရေကို လွှမ်းမိုးစေပြီးလျှင် တစ်ကျွန်းလုံး ဆေးကြောလျက် လူတွေကို မျှောပစ်ဖို့ ဆုံးဖြတ်ကြလေသည်။

ထို့ကြောင့် တရားစောင့်သော ဓမ္မနတ်သားက မြောက်ဘက်ကောင်းကင်က ကိုယ်ထင်ပြ၍ " နောက် ၁၅ ရက် လောက် ကြာလျှင် ပင်လယ်ရေလွှမ်းသဖြင့် နစ်မွန်းမျောပါကုန်လိမ့်မည်။ စောစောက တင်ကြိုလျက် လှေများ တက်များကို အဆင်သင့်ပြင်ထားကြကုန်လော့ " ဟု ပြောဆို၍ ကွယ်သွားပြီးနောက် လူအများလည်း ညှိုးငယ်စွာ ကျန်ရစ်ကြလေသည်။

ထို့နောက် အဓမ္မနတ်သားက တောင်အရပ်၌ ကိုယ်ထင်ပြ၍ " ယခင်နတ်သား ပြောသွားတဲ့စကားဟာ မဟုတ်ဘူး အသင်တို့ ပျော်ပျော်ပါးပါး နေမြဲတိုင်းသာ နေကြပါ " ဟု ပြောဆိုပြီး နောက် ပျောက်ကွယ်သွားလေသော် ခေါင်းဆောင် လူကြီးနှစ်ယောက်တွင် တစ်ယောက်က " ပထမ နတ်သားသည် ငါတို့ကို သက်သက်လာ၍ ခြောက်လှန့်ခြင်းဖြစ်သည်၊ သင်တို့ ပျော်ပျော်ပါးပါးသာ နေကြ " ဟု ပြောဆိုလျက် မည်သည့်ကိစ္စကိုမျှ မဆောင်ရွက်ဘဲ နောက်လိုက် ငါးရာနှင့်အတူ နေမြဲတိုင်း နေလေသည်။

ခေါင်းဆောင်တစ်ယောက်ကမူ မိမိနောက်လိုက်များကို ပြောဆိုသည်မှာ " အမောင်တို့ လှေများတက်များကို အဆင်သင့် ရှာထားကြစို့ရဲ့၊ ဒုတိယ နတ်သား၏စကား မှန်လျှင်လည်း လှေတက်များကို ရှာရသည့်အတွက် ငါတို့မှာ တာဝန်မတက်လှပါ ၊ အလိုရှိသောအခါ အသုံးချစရာ ဖြစ်ပါလိမ့်မည်၊ ပထမ နတ်သား၏ စကားမှန်လျှင် ပြင်ဆင်ထားသော လှေ , တက်များဖြင့် အဆင်သင့် ထွက်သွားကြရပါလိမ့်မည်။"
ဤသို့ ပြောဆိုပြီလျှင် လပြည့်နေ့အချိန်ခါဝယ် ခါတိုင်ထက် ပို၍ ရေတက်လာကတည်းက အသင့်ရှာထားသော လှေပေါ်သို့ တက်ကြပြီလျှင် ရေလွှမ်း၍အလာတွင်လွတ်ရာသို့ထွက်သွားကြလေသည်။ အခြားခေါင်းဆောင်နှင့် နောက်လိုက် ငါးရာတို့ကား ရေပို၍တက်အလာတွင် မျက်လုံးပြူးကာ ကိုးကွယ်ရာမရဘဲ သမုဒ္ဒရာထဲသို့ မျောရှာ ကြလေသည်။

ွှဤဇာတ်တော်၌ ဓမ္မနတ်သားက လမ်းမှန်ကို ညွှန်ပြမှု အတွက် မည်မျှ ချမ်းသာခွင့်ရ၍ အဓမ္မနတ်သား၏ လမ်းမှားညွှန်ပြမှု အတွက် မည်မျှအသက်ဆုံးရှုံးရပုံကို စဉ်းစားပြီးလျှင် ဘာသာခြားတို့ ဘုရားက "ကယ်တင်မည်" ဟု ၀န်ခံရာ ၀န်ခံသည့်အတိုင်း ကယ်တင်မည် မှန်ပါလျှင် တော်တန်ဖို့ ရှိပါသေး၏။ အချက်ကျမှ မကယ်နိုင်လျှင် အားလုံးပင် ခက်ရှာကြတော့မည်။

ငါတို့ဘုရားကား " ကယ်တင်မည် " ဟု ၀န်မခံပေ။ ကိုယ်တိုင် ကျင့်လျှင် ရနိုင်သော အကျိုးများကို အဆင့်ဆင့် ညွှန်ပြတော်မူ၏ ။ လူချမ်းသာ , နတ်ချမ်းသာ , ဗြဟ္မာချမ်းသာတို့အပြင် နိဗ္ဗာန်ကိုပင် လိုချင်သော ဆုထူးဖြင့် ရနိုင်သော လမ်းစဉ်ကို ညွှန်ပြတော်မူသည်။ အပါယ်လေးပါး သွားရမည့် လမ်းဆိုးများကိုလည်း မသွားမိအောင် ညွှန်ပြတော်မူ၏ ။ ကယ်တင်မည်ဟု ၀န်ခံထားသောဘုရား ကယ်တင်နိုင်တယ် ဆိုပါဦးတော့၊ သူနှင့် အလားတူဖြစ်အောင် ဘယ်တော့မှ မကယ်၊ သူ့အောက်ရောက်ရုံသာ ကယ်တင်မည်။ ငါတို့ဘုရားကား တကယ်ကျင့်နိုင်လျှင် ကိုယ်တော်နှင့် အလားတူ ဘုရားတစ်ဆူ ဖြစ်အောင်ပင် ညွှန်ပြတော်မူ၏ ။ ထိုမျှလောက် အဆိုးအကောင်းကို အကျိုးအကြောင်းကို စုံစွာဖြင့် ညွှန်ပြတော်မူခြင်းထက် သာလွန်လုံလောက်သောအချက် ရှိဦးမည်လော။

ယခုကာလ၌ သေမည့်ဘေးမှ တစ်ခါလောက် ကယ်ဆယ်ဖူးလျှင် " အင်မတန် အသက်သခင်ကျေးဇူးရှင်ကြီးပေ " ဟု ပြောဆိုကာ လွန်စွာ အားထားကြ , မြတ်နိုးကြ , အသက်ကိုပင် အပ်နိုင်ကြ၏ ။ ဘုရားရှင်ကား တစ်သက် တစ်ဘ၀လောက်ကိုသာ ကယ်ဆယ်သည် မဟုတ်သေး။ ဘ၀ပေါင်းများစွာ၊ တစ်သံသရာလုံး ကယ်မ၍ နိဗ္ဗာန်ရသည့် ဘ၀တိုင်အောင် စောင့်ရှောက်ရာကျသဖြင့် အသက်ပေါင်း များစွာ၏ ကျေးဇူးရှင်ကြီးပေတည်း။

ဤနေရာ၌" ကယ်တင်မည် " ဆိုသည့်စကား နှင့် " ကိုယ်တိုင်ကျင့် " ဟူသော စကားနှစ်ရပ်ကို လေးနက်စွာ စဉ်းစားပြန်လျှင် ကယ်တင်မည်ဆိုသော စကားက အဓမ္မနတ်သား၏ " အေးအေးနေကြ " ဟူသော စကားမျိုး ဖြစ်၍ ကိုယ်တိုင်ကျင့်ခြင်းသည် လှေ , တက်များကို အဆင်သင့်ရှာထားခြင်းနှင့် တူ၏ ။ ထိုကဲ့သို့ ကိုယ်တိုင် ကျင့်ကြရသည့်အတွက် တာဝန်လည်း မတက်လှပါ။

လှေ , တက် များကို ရှာကြရသကဲ့သို့ မကောင်းမှုတို့မှ ရှောင်ရ၊ ကောင်းမှုတို့ကို ပြုကျင့်နေရသောကြောင့် အနည်းငယ် တာဝန်တက်သည်မှာ မှန်ပါ၏ ။ သို့သော် ထိုတာဝန်တက်မှုသည်ကား ဤဘ၀အတွက် လူကောင်း သူကောင်းဖြစ်ဖို့ အချက်သာဖြစ်၍ အချည်းနှီး အကျိုးမဲ့ မဖြစ်ဘဲ ကောင်းကျိုးရဖို့ အကြောင်းသာ ဖြစ်ပါပေသည်။ ထို့ကြောင့် ဘုရားရှင်၏ အလိုတော်ကျ ဤကျမ်းက ညွှန်ပြချက်ကို ဦးထိပ်ရွက်ပန်ဆင်ကာ မိမိလိုရာဆုထူးဖြင့် နိဗ္ဗာန်ကူးလိုလျှင် ကယ်တင်မည့်သူကို အားမကိုးဘဲ အဖိုးတန်ပါရမီတရား သင်္ဘော၊ လှေ ၊တက်များကိုသာ သားနားသည်ထက် သားနားအောင် အပြီးအစီး တည်ထောင်ထားနှင့်ကြစေခလို။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ရတနာ့ဂုဏ်ရည်ကျမ်း မှ..........


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

မီးဆယ့်တစ်ပါး


ရာဂဂ္ဂိကြီး ဆယ့်တစ်မီး ဆိုသည်မှာ



(၁)လောဘမီး=တပ်နှစ်သက်ရသဖြင့် ပူလောင်ခြင်း။

(၂)ဒေါသမီး= စိတ်ဆိုးရသဖြင့် ပူလောင်ရခြင်း။

(၃)မောဟမီး= အဟုတ် , အမှန်ကို မသိရသဖြင့် ပူလောင်ခြင်း။

(၄)ဇာတိမီး= ဘ၀သစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း။

(၅)ဇရာမီး= အိုမင်းရသဖြင့် ပူလောင်ရခြင်း။

(၆)မရဏမီး=သေပျက်ရသဖြင့် ပူလောင်ရခြင်း။

(၇)သောကမီး=စိုးရိမ်ကြောင့်ကြရသဖြင့် ပူလောင်ရခြင်း။

(၈)ပရိဒေ၀မီး=ငိုကြွေးရသဖြင့် ပူလောင်ရခြင်း။

(၉)ဒုက္ခမီး=ဒုက္ခဆင်းရဲကြောင့် မသာယာခြင်းဖြင့် ပူလောင်ခြင်း။

(၁၀)ဒေါမနဿမီး=စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ခြင်း။

(၁၁)ဥပါယာသမီး=စိတ်ပင်ပန်း ဆင်းရဲရသဖြင့် ပူလောင်ခြင်း။


ဆရာကြီး ဦးသုခ ၏ ရတနသုတ် မှ............


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

နိမိတ်ကြီး ၃၂ပါး


ဓမ္မစကြာတရားဟောရာတွင် ဖြစ်ပေါ်သော နိမိတ်ကြီး ၃၂ -ပါး မှာ

(၁)လောကဓာတ်တစ်သောင်းတုန်လှုပ်ခြင်း။

(၂)အပူ , အအေးမျှတခြင်း။

(၃)တစ်သောင်းသော လောကဓာတ်၌ ရုတ်တရက် အသံတိတ်၍ ငြိမ်သက်သွားခြင်း။

(၄)လေပြင်း , မုန်တိုင်း မလာခြင်း။

(၅)လေပြည် , လေညှင်းတိုက်ခတ်ခြင်း။

(၆)မြစ်အပေါင်းတို့၌ ရေမစီးဘဲ တန့်ရပ်ခြင်း။

(၇)ပန်း , သစ်ပင် အပေါင်းတို့ တစ်ပြိုင်နက် ပွင့်ခြင်း။

(၈)ကောင်းကင်၌ တည်သော အာကာသဋ္ဌရတနာတို့ ရောင်ဝါဖြင့် ကွန့်မြူးခြင်း။

(၉)လူ့ပြည် , နတ်ပြည် တို့၌ ရှိသော တူရိယာအပေါင်းတို့ တစ်ပြိုင်နက် အလိုလိုမြည်ခြင်း။

(၁၀)ကောင်းကင်မှ နတ်ပန်းမိုးရွာချခြင်း။

(၁၁)တစ်ပြိုင်နက် ပဲ့တင်ဟည်းခြင်း။

(၁၂)ငရဲကြီး ရှစ်ထပ်၌ ငရဲမီးငြိမ်းခြင်း။

(၁၃)အညစ်အကြေးကင်းစင်လျက် ကောင်းကင်ကနေ၀န်း အထူးသဖြင့်ထွန်းလင်းခြင်း။

(၁၄)နေ့အခါ၌ ကြယ်တာရာတို့ကို မြင်ရခြင်း။

(၁၅)မိုးမရွာဘဲ ကောင်းကင်မှ နတ်ရေစင် သွန်းချခြင်း။

(၁၆)ဂြိုလ်ကြီး ခုနှစ်လုံး ကြည်လင်ထင်ရှားစွာ ပေါ်လာခြင်း။

(၁၇)သတ္တ၀ီသနက္ခတ်များလည်း ထင်ရှားစွာ ပေါ်လာခြင်း။

(၁၈)လ၀န်းသည် ပြုဗ္ဗာသဠ် နက္ခတ် နှင့် ယှဉ်၍ ပေါ်လာခြင်း။

(၁၉)တွင်း , ဂူ , လှိုဏ်ခေါင်း အောင်း၍ နေသော သတ္တ၀ါတို့ ထွက်လာခြင်း။

(၂၀)လူအပေါင်းတို့ အလိုခပ်သိမ်း ငြိမ်း၍ ရောင့်ရဲခြင်း။

(၂၁)ကိုးဆယ့်ခြောက်ဖြာ ဝေဒနာ စွဲကပ်နေသူတို့ ပျောက်ကင်းခြင်း။

(၂၂)ဆာလောင် မွတ်သိပ်မှု ပြေခြင်း။

(၂၃)ပြိတ္တာအပေါင်း ၀ , ပြောခြင်း။

(၂၄)ကိလေသာတရား ငြိမ်းခြင်း။

(၂၅)အပါယ်လေးပါး၌ ဒုက္ခဘေး ကင်းခြင်း။

(၂၆)တစ်လောကလုံး၌ မြူ , အညစ်အကြေး ကင်း၍ သန့်ရှင်း ကြည်လင်ခြင်း။

(၂၇)မကောင်းသောရနံ့ပျောက်ခြင်း။

(၂၈)နတ်ပန်း , နံ့သာ ကြိုင်ခြင်း။

(၂၉)နတ်ပြည် ခြောက်ဘုံ နှင့် ရူပဗြဟ္မာ ၁၆ ဘုံကို အကုန်မြင်ရခြင်း။

(၃၀)ငရဲကြီး ရှစ်ထပ်၌ ခံနေရသော သတ္တ၀ါ အလုံးစုံကို အကုန်မြင်ရခြင်း။

(၃၁)မြို့တံခါး , အိမ်တံခါးမှ စ , ၍ ပိတ်ထားသမျှ အလုံးစုံ အကုန်ပွင့်ခြင်း။

(၃၂)သတ္တ၀ါ အပေါင်းတို့၌ သေမှု , ပဋိသန္ဓေ နေမှု , ဖွားမြင်မှု မရှိခြင်း။


ဆရာကြီးဦးသုခ ၏ ရတနသုတ် မှ......

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

မာရ်ငါးပါး



(၁)ဒေ၀ပုတ္တမာရ် - ကိုယ်တိုင်ထင်ရှား လာတိုက်ခိုက်သောမာရ်နတ်။

(၂)ကိလေသမာရ် - တစ်ထောင့်ငါးရာ ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်တော်မူနိုင်ခြင်း။

(၃)ခန္ဓမာရ် - ဘ၀အသစ် , ခန္ဓာအသစ် မဖြစ်အောင် ပယ်ဖျက် နိုင်နင်းတော်မူခြင်း။

(၄)မစ္စုမာရ် - နောင်တစ်ဘ၀ ခန္ဓာအစဉ်မရှိတော့၍ သေခြင်းကို အနိုင်ရယူခြင်း။

(၅)အဘိသင်္ခါရမာရ် - ပြုပြင်မှု သင်္ခါရတရားတို့ကို နိုင်နင်းတော်မူလိုက်ခြင်း။



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, November 21, 2009

ရတနသုတ်အမွှမ်း

အခြားသော ပရိတ်အမွမ်းများမှာ ထိုပရိတ်တော်ရဲ့ အကြောင်းများကို အကျဉ်းချုံးရေးထားတာများပါတယ်။ ရတနသုတ် အမွှမ်းကျတော့ ဘုရားအလောင်းတော်ကြီး သုမေဓာရှင်ရသေ့ ဘ၀က ဒီပင်္ကရာမြတ်စွာဘုရား ထံတော်မှောက်မှာ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းတော်မူပုံမှ အစပြု၍ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလ ပတ်လုံး ပါရမီ အမျိုးမျိုး ဖြည့်ကျင့်ခဲ့ပုံ၊ အဆုံးစွန်သော ဘ၀အဖြစ် မယ်တော်မဟာမာယာဒေ၀ီ ၀မ်းကြာတိုက်မှာ ပဋိသန္ဓေ ယူခဲ့ပုံ၊ ထိုမှ မွေးဖွားတော်မူခဲ့ပုံ၊ အရွယ်တော်ရောက်လာသည့်အခါ၊ မဟာနိက္ခမ တောထွက်တော်မူပုံ၊ အလွန်ဆင်းရဲ ငြိုငြင်စွာ ၆ နှစ်ကြာမျှ ၊ ဒုက္ကရစရိယ ကျင့်တော်မူပုံ၊ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ် ရောက်တော်မူခဲ့ပုံ၊
ဓမ္မစက္ကပ၀တ္တန သုတ်ကို တရားဦးအဖြစ်ဟောတော်မူခဲ့ပုံတို့ကို အရှင်အာနန္ဒာမထေရ်က ဆင်ခြင်ကြည်ညို မိသည့်အတိုင်း ရှေးဆရာတော်ကြီးများက ဗုဒ္ဓ၀င် အကျဉ်းချုပ်ကဲ့သို့ ရေးသားတော်မူတာဟာ ရတနသုတ် တစ်ခုမှာသာ ဖတ်ရကြည်ညိုရပါတယ်။

အဲသည်နောက် ဝေသာလီပြည်၌ဖြစ်သော ဘေး ၃ ပါးတို့ကို လွတ်ကင်းစိမ့်သောငှာ၊ အရှင်အာနန္ဒာအား ညဉ့်သုံးယံ ပတ်လုံး ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးတော်တို့ကို သစ္စာဆို မြွက်စေကြောင်း ရေးသားထား ပါတယ်။ အဲဒီ အမွှမ်းကို ရွတ်ဆိုတိုင်း ဗုဒ္ဓ၀င် အကျဉ်းချုပ်ကို ကြည်ညိုရှိခိုးနေရသလို ခံစားနိုင်ကြပါတယ်။
အဲဒါဟာ ရတနသုတ်အမွှမ်းရဲ့ ပထမထူးခြားချက်ပါပဲ။ မြင်းခြံ ၉ ဆောင်တိုက် ဆရာတော်ဘုရားကြီဟာ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးနှင့် ခေတ်ပြိုင် ကျမ်းတတ် အကျော်အမော် ဆရာတော်ကြီး ဖြစ်တော်မူပါတယ်။ ဆရာတော်ကြီးရဲ့အနက်မြန်မာပြန်အဖွင့်ဟာ ဘယ်လောက် အနှစ်သာရ ရှိတယ်လို့ တို့ကမပြောဝံ့လောက်အောင် ဖြစ်ပါတယ်။ မင်းကွန်း တိပိဋကဓရ ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီး ဦးစီးပြုစုတော်မူတဲ့ မဟာဗုဒ္ဓ၀င် ပဉ္စမတွဲ၊ ဓမ္မရတနာအခန်း၊ ရတနသုတ် အပိုင်းမှာ ပြန်လည်ဖော်ပြထည့်သွင်း ရေးသားတော်မူတာကိုပဲ ချင့်ကြည့်ပါတော့။ အဲဒီ ပရိတ်ကြီး ပါဠိအနက် ၀တ်ရွတ်စဉ်ဟာ ' မြင်ခြံ ၉ ဆောင်တိုက်မူ မဟာပရိတ်တော်ကြီး နိဿယသစ် ' ရယ်လို့ ထင်ရှားတယ်။

ပဏိဓာနတော=သာရမဏ္ဍ၊ ကမ္ဘာမ,ထက်၊ စတုတ္ထမင်းတရားကြီး၏ ရွှေဖ၀ါးတော်မြတ်အောက်၊ လျားမှောက်ဝပ်စင်း၊ ကိုယ်ဖြင့်ခင်း၍၊ ကျင်းကျင်းသန်စွမ်း၊ မှုထမ်းအားကြီး၊ အရင်းနှီးခဲ့သဖြင့်၊ ချီးမြှောက် ပေးသနားတော်မူအပ်သော၊ နိယတ ဗျာဒိတ်ပန်းကို၊ မွမ်းမွမ်းထိပ်ပြင်၊ ပန်ဆင်တော်မူပြီးသည်မှ။
ပဋ္ဌာယ=စ၍ ။ တထာဂတဿ=ဂင်္ဂါ ၀ါဠု၊ သဲစုအတူ၊ လွန်တော်မူသော၊ တစ်ဆူမကြွင်း၊ တရားမင်းတို့ကဲ့သို့၊ လာခြင်းကောင်းတော်မူသော အစိန္တေယျ မြတ်စွာဘုရား၏။ ဒသပါရမီယော= ဥစ္စာ၊ သား , မယား၊ ပြည်တိုင်းကား တို့ကို၊ ပယ်ရှားစွန့်လှူ၊ ဖြည့်ကျင့်တော်မူသော ဒသပါရမီတော် တို့လည်းကောင်း။ ဒသဥပပါရမီယော= မျက်စိ, နား, နှာ၊ အင်္ဂါ , ခြေ , လက် တို့ကို၊ ရက်ရက်စွန့်လှူ၊ ဖြည့်ကျင့်တော်မူသော ဒသဥပပါရမီတော်တို့လည်းကောင်း။ ဒသ ပရမတ္ထပါရမီယော=အသက်ကိုစင်း၊ မခင်မမက်၊ ရက်ရက်စွန့်လှူ၊ ဖြည့်ကျင့်တော်မူသော ဒသပရမတ္ထ ပါရမီတော်တို့လည်းကောင်း။ ဣတိ=ဤသို့။ သမတ္တိံသ ပါရမီယော၊ ဆယ်ပါး ၃ လီ၊ အမျှ ၃၀ သော ပါရမီတော်တို့ကိုလည်းကောင်း။ ပဉ္စမဟာပရိစ္စာဂေ= ကိုယ်ခန္ဓာနှင့်၊ ပြည်ရွာ သား, မယား၊ ဥစ္စာအားဖြင့် ငါးပါးသော စွန့်ခြင်းကြီးတို့ကို လည်းကောင်း။ လောကတ္ထစရိယံ=သတ္တလောကဓာတ်၊ သူကျိုးမြတ်စေခြင်းငှာ၊ ရိုးမတ်စွာ ကျင့်တော်မူခြင်းလည်းကောင်း။ ဥာတတ္ထစရိယံ=ဆွေတော်မျိုးတော်၊ သူ ကျိုးမြှော်၍၊ ကျင့်တော်မူခြင်းလည်းကောင်း။ ဗုဒ္ဓတ္ထစရိယံ=ကိုယ်ကျိုးစင်စစ်၊ ဘုရားဖြစ်စေခြင်းငှာ၊ သစ်သစ်အားယူ၊ ကျင့်တော်မူခြင်းလည်းကောင်း။ ဣတိ=ဤသို့။ တိေဿာ စရိယာ ယော=သုံးပါးသင့်လျော် အကျင့်တော်တို့ကိုလည်းကောင်း။ ပစ္ဆိမဘဝေ=ပဋိစ္စသမုပ္ပါဒ် ရဟတ်စက်ကြီး၊ ပျက်စီးယုတ်သိမ်း၊ ချုပ်ငြိမ်းရာခေတ်၊ အဆုံးစွန်သော ကိုယ်တော်၏ အဖြစ်၌။ ဂဗ္ဘဝေါက္ကန္တိံ= ဖလ်သား၊ မှန်သား၊ ရံတားသိင်္ဂီ၊ စေတီတော်တွင်း၊ ရွှေဆင်းတု သွင်းသကဲ့သို့၊ သနင်းတောင်ညာ၊ မယ်မာယာ၏ ၊ ရတနာပလ္လင်၊ တိုက်ဝမ်းဝင်၍၊ မြန်းရွှင်သန္ဓေ၊ တည်စံနေခြင်းကို လည်းကောင်း။ ဇာတိံ= လုမ္ဗနီဟု၊ ဂုဏ်ဆီသင်းကြိုင်၊ အင်ကြင်းမြိုင်၌၊ တစ်ပြိုင်စက္က၀ါ၊ ဘ၀ဂ်ငြာထိ၊ ထောမနာကြီး၊ သြဘာချီးလျက်၊ မီးရှုးသန့်စင်၊ ဖွားမြော်မြင်ခြင်းကိုလည်းကောင်း။ အဘိနိက္ခမနံ=သံယောဇဉ်နှင့် မယှဉ်မစပ်၊ အစဉ် ဖြတ်လျက် မြတ်သောတောထွက်တော်မူခြင်းကိုလည်းကောင်း ပဓာနစရိယံ= တစ်နေ့တာတွက်၊ သစ်တစ်ရွက်နှင့်၊ နှစ်သက်စေပြီး၊ သစ်တစ်သီးမျှ၊ ကြီးလျှင်တစ်ခြမ်း၊ နှမ်းတစ်စေ့ ဆန်တစ်စေ့၊ ရံခါလည်း မတွေ့ရဘဲ၊ နေ့ဆက် ရက်ဆက်၊ ထက်မြက်သောဥဿာဟ၊ ဒုက္ကရစရိယာ၊ ခြောက်နှစ်ကြာပင်၊ ငြိုငြင်စွာ ကျင့်တော်မူခြင်းကိုလည်းကောင်း။ ဗောဓိပလ္လင်္ကေ= ရတနာပလ္လင်၊ ဗောဓိပင်၌။ မာရ၀ိဇယံ= ဒေ၀ပုတ္တ စသည် အပြား၊ မာရ် ငါးပါးကို ၊ လှံ , ဓား မဖက် ၊ ဥာဏ်လက်နက်ဖြင့်၊ ပယ်ဖျက်ကုန်စင်၊ ပြီးအောင်မြင်ခြင်းကိုလည်းကောင်း။ သဗ္ဗညုတညာဏပဋိဝေဓံ= သစ္စာလေးဝ၊ ဉေယျငါးပါး၊ တရားမူလ၊ ဟူသမျှကို၊ မြူမျှမကျန်၊ ဘူသယံဖြင့်၊ သူမဆံဘိ၊ ထိုးထွင်း၍သိတော်မူခြင်းကိုလည်းကောင်း။ ဓမ္မစက္ကပ္ပ၀တ္တနံ=မိဂဒါဝုန်၊ တောရဂုံ၌၊ ဘုံ ပထ၀ီ၊ သုန်သုန်ဟီအောင်၊ ဂုဏ်ဆီပြည့်နှက်၊ ပဉ္စ၀ဂ်တို့အား၊ ဓမ္မစက်ထူး၊ တရားဦးကို၊ ဖြန့်ဖြူးဟောကြားတော်မူခြင်းကိုလည်းကောင်း။ န၀ လောကုတ္တရဓမ္မေ= မဂ် , ဖိုလ် ရှစ်တန်၊ နေရဗာန်နှင့်၊ ဝေဖန်ပိုင်းခြား၊ ၉ ပါးသော လောကုတ္တရာ တရားတော်တို့ကိုလည်းကောင်း။ ဣတိဧ၀မာဒိကေ= ဤသို့ အစရှိကုန်သော။ သဗ္ဗေပိ= အလုံးစုံလည်းဖြစ်ကုန်သော။ ဣမေဗုဒ္ဓဂုဏေ=ဤစရိယစာဂီ ၊ ပါရမီအဆင့်ဆင့်၊ ရင့်ထက်ရင့်၍၊ ပွင့်ခြင်းသို့ ရောက်တော်မူသော အစိန္တေယျ မြတ်စွာဘုရား၏၊ များစွာသော ကျေးဇူးတော် ဂုဏ်တော်တို့ကို။ အာဝဇ္ဇေတွာ= ဥာဏ်သမ္ပဇဉ် ၊ ကြံဆင်ခြင်တော်မူ၍ ။ ဝေသာလိယာ= တံတိုင်း သုံးရပ်၊ ထပ်လျက် , ထပ်လျက် ၊ ပတ်ယှက် ဆူဝေ၊ လူနေ အိမ်ခြေ ၊ မရေ မတွက်သာ၊ ကျယ်ဝန်းစွာကြောင့်၊ ဝေသာလီ အမည်ရှိသော ပြည်ကြီး၌။
တီသုပါ ကာရန္တရေသု= မီးတား ရံဆိုင်း၊ ထပ်ထပ် ၀ိုင်းသား၊ တံတိုင်း သုံးရပ်တို့၏ အကြားတို့၌။
တိယာမရတ္တိံ = ညဉ့်ဦးသန်းခေါင်၊ သောက်ရောင်ဝိုးဝင်း၊ မိုး အလင်းဟူသော ယင်းညဉ့်သုံးယံ ကာလပတ်လုံး။
ပရိတ္တံ= ရတနသုတ်၊ ရွှေနှုတ်မြွက်ဖော်၊ ပရိတ်တော်ကို၊ ကရောန္တော= သဒ္ဒါမပျက်၊ အနက်မမှား၊ သနားရှေးရှု့ ၊ ဟောရွတ်တော်မူပေသော။ အာယသ္မာ အာနန္ဒတ္ထေရောဝိယ= ဗဟုသုတ၊ စသည် ဧတဒဂ်၊ ပွားတက်အစဉ်၊ ငါးချက်တင်သော အရှင်အာနန္ဒာ မထေရ်မြတ်ကဲ့သို့။ ကာရုညစိတ္တံ= ဒုက္ခိတ သတ္တ၀ါ၊ ဝေနေယျတို့အား၊ ကြင်နာသနားခြင်းနှင့် ယှဉ်သောစိတ်ကို။ ဥပဋ္ဌ ပေတွာ= ဖြစ်စေ၍ ။
ကောဋိသတ သဟဿသု= ထောင် , သောင်း , သိန်း , သန်း၊ ဂဏန်းခြေပေါင်း၊ မရေကောင်းမျှ၊ ကုဋေပေါင်း တစ်သိန်းကုန်သော။ စက္က၀ါဋ္ဌေသု= ယူဇနာပေါင်း၊ ရှစ်သောင်းနှစ်ထောင် အမြင်ဆောင်သား၊ တောင်စကြ၀ဠာ၊ ကာရံ ကျောက်စိုက်၊ ၀န်း၍ ၀ှိုက်သော၊ တိုက်လောကဓာတ်တို့၌။ ၀သန္တာ= ဘုံ အသီးသီး၊ ကြီးကြီး , ငယ်ငယ်၊ သွယ်သွယ် ၀၀၊ နေထိုင်ကြကုန်သော။ ဒေ၀တာ= အာဏာလွှမ်းမိုး၊ တန်ခိုး ကြီးမြတ်၊ အနတ်နတ်တို့သည်။
ယဿ= အကြင် ရတနသုတ်၊ ရွှေနှုတ် မြွက်ဖော်၊ ပရိတ်တော်၏ ။ အာဏံ= သိန်းကုဋေကုန်၊ ဘုံစက္က၀ါ၊ တုန်သွက်ခါမျှသော အာဏာတော်စက်ရိပ်ကို။ ပဋိဂ္ဂဏှန္တိ= ၀မ်းသာကြည်နူး ၊ လွန်ရွင်မြူးလှ၍ ၊ ဦးဖြင့် ခံယူကြကုန်၏ ။ ယဉ္စံ ယံဧ၀ ပရိတ္တံ= အကြင်ရတနသုတ်၊ ရွှေနှုတ်မြွက်ဖော်၊ ပရိတ်တော်သည် သာလျှင်။
ဝေသာလိယာ= ဝေသာလီ အမည်ရှိသော။ ပုရေ= ရာဇဌာနီ၊ ကျူးသည်အောင်စည်၊ မင်းနေပြည်၌။
ရောဂါမနုဿဒုဗ္ဘိက္ခသမ္ဘူတံ= ရောဂါသောင်းကျန်း၊ ဘီလူးဖမ်းနှင့်၊ ကုန်ခမ်း ခေါင်းပါးသော ထမင်းကြောင့်ဖြစ်သော။ တိဝိဓံဘယံ= ကပ်ကြီးသုံးကပ်၊ မရပ်တည်နိုင်၊ အပြိုင်တိုက်ရေး၊သုံးပါး အပြားရှိသော ဘေးကို ။ ခိပ္ပံ= အလျင်အမြန်။ အန္တရဓာပေသိ= ကွယ်စေ , ပျောက်စေ , ငြိမ်းစေ၏ ။
တံပရိတ္တံ= ထို မဟပ္ဖလမျိုး၊ အကျိုးအာနိသံသ၊ ကြီးမားလှသော၊ ရတနသုတ်၊ ရွှေနှုတ်မြွက်ဖော်၊ ပရိတ်တော်ကို။ ဟေ= သီတင်းသုံးဖက်၊ သမဂ္ဂပေါင်း၊ သူတော်ကောင်းတို့။ မယံ= ငါတို့သည်။ ဘဏာမ= သဒ္ဒါမပျက်၊ အနက်မယိမ်း၊ ဘေးခပ်သိမ်းတို့၊ ကင်းငြိမ်း စိမ့်ငှာ၊ ရွတ်ဖတ်သရဇ္ဇျာယ်ကြပါကုန်အံ့။

ဆရာကြီးဦးသုခ ၏ ရတနသုတ် မှ.......

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

သေနည်းသင်တန်းတက်ထားပါ


ဘ၀သံသရာ မျောပါနေကြတဲ့ သူသူငါငါ သတ္တ၀ါတွေအတွက် သေနည်းကိုပြောမယ်။ သေနည်းသင်တန်း တက်ထားဖို့ လိုတယ်။ ဒါ အရေးကြီးဆုံးပဲ။

လူတိုင်းတစ်နေ့မှာ မုချ သေရမှာ မလွဲဘူး။ ကြောက်ဖို့ မလိုဘူး။ ကြောက်လို့လဲ မရဘူး။
ကြိုတင်ပြင်ဆင်ထားရအောင် သေနည်းသုံးမျိုး ပြောမယ်။

(၁)' ငါတော့ ဒီတောင်က မကျော်တော့ဘူးလို့ ' ကိုယ့်ဟာကိုယ် သိလာပြီဆိုလျှင် အနားမှာ ဘယ်သူမှ မလာစေနှင့်။ မိမိတစ်သက်တာအတွင်း ပြုလုပ်ဖူးတဲ့ အလှူတွေကို စဉ်းစားကြည့်။ ဒါနကို လူတိုင်း လုပ်ဖူးကြတာချည်းပဲ။ တန်ဖိုး နည်းတာများတာ လိုရင်း မဟုတ်ဘူး။ ဒုဋ္ဌဂါမဏိ မင်းကြီးလို မိမိစိတ် အကြည်လင်ဆုံး ၊ အကျေနပ်ဆုံး အလှူတစ်ခုကိုပဲ ဆင်ခြင်နေ။

(၂)ဒါမှမဟုတ်၊ ကိုယ်ရှု့မှတ်နေကျ ဘာဝနာ တစ်ခုခုကို နှလုံးသွင်းနေ။ ဒါမှ မဟုတ်လဲ

(၃)ရောဂါကပြင်းထန်လို့၊ ဆေးတွေလွန်နေလို့ သတိမရတစ်ချက် ရတစ်ချက် ၊ ကယောင်ကတမ်း ဖြစ်တယ်ပဲထား သတိရလာတာနဲ့ ' ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ ရွတ်နေ။ ဒါ လူတိုင်း ရပြီးသား။ ဒီ ၃-နည်း ၊ တစ်နည်းနည်းနှင့် သေရင် အနည်းဆုံး နတ်ပြည်ရောက်မှာ သေချာပါတယ်။

ကျေးဇူးရှင် နယ်ခြားတောင်တန်းသာသနာပြု အရှင်ဦးဥတ္တမသာရ ဆရာတော်ဘုရားကြီး

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

သံယောဇဉ် ၁၀-ပါးလင်္ကာ

(၁)အာရုံငါးဝ၊ တပ်စွဲက၊ ကာမ သံယောဇဉ်။
(၂)သုံးပါးဘ၀၊ တပ်စွဲက၊ ဘ၀ သံယောဇဉ်။
(၃)အမျက် ဒေါသ၊ စိတ်ဆိုးက၊ ပဋိဃ သံယောဇဉ်။
(၄)ကိုယ်သာတော်လှ၊ ထင်မှတ်က၊ မာန သံယောဇဉ်။
(၅)ရုပ်နာမ်ကိုပဲ၊ ငါကောင်စွဲ၊ ယူလွဲဒိဋ္ဌိပင်။
(၆)တရားမှန်တွင်၊ မယုံချင်၍၊ ဆင်ခြင်နှိုင်းညှိ၊ ဝေဖန်ကြည့်၊ ၀ိစိကိစ္ဆာပင်။
(၇)နွားခွေးတူစွာ၊ ကျင့်တာကောင်းမြတ်၊ ယူစွဲမှတ်၊ သီလဗ္ဗတပင်။
(၈)ကိုယ်ထက်သူများ၊ ကောင်းစားသည်ကို၊ မနာလို၊ ခေါ်ဆို ဣဿာပင်။
(၉)ကိုယ်လိုသူများ၊ ကောင်းစားမည်မှ၊ ၀န်တိုက၊ မစ္ဆရိယပင်။
(၁၀) သစ္စာလေးတန်၊ ပြောင်းပြန်ထင်ကာ၊ မသိတာ၊ အ၀ိဇ္ဇာ သံယောဇဉ်။

  • ၀ဋ်ဆင်းရဲမှ၊ မလွတ်ရအောင် ၊ ချည်နှောင်တတ်စွာ၊ ဤဆယ်ဖြာ၊ အဘိဓမ္မာ သံယောဇဉ်။
ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Friday, November 20, 2009

သိပ္ပံဆရာတို့ပြောသော စကြာဝဠာအနိစ္စတရားတော်


ကျွန်ုပ်တို့၏ အသက်ရှင်မှု့သည် မည်မျှကျဉ်းမြောင်းကျပ်တည်း၍ ကျွန်ုပ်တို့၏ ထောက်တည်ရာ ဤကမ္ဘာမြေ၏ ခိုင်မာသော အာမခံချက် မရှိပုံကို ဤနေရာ၌ ပြဆိုရန် ရှိပါသေးသည်။

အဏုမြူစသော ကမ္ဘာဖျက်လက်နက်ကြီးများ မရှိစေကာမူ ဤ ' စကြာဝဠာ ကမ္ဘာမြေ ' ကိုယ်၌ကပင် တစ်ဆံချည်မျှ စိတ်ချရသော အခြေအနေ မရှိပါပေ။ ၍စကြာဝဠာကြီး ဖြစ်ပေါ် ရပ်တည်နေပုံကိုသာ စဉ်းစားမိပါလျှင် လူသားတို့၏ မခိုင်မာသောဘ၀၊ မရေရာသော ကာလအတွင်း မတည်မြဲသောဒေသ၌ ထာဝရထင်ကာ ' မိုက်တွင်းနက် ' နေကြပုံမှာ ရယ်ရွှင်ဖွယ် ပုံပြင်တစ်ခုနှင့်သာ တူလေတော့သည်။

ဈေးတွင် ကုလား၏ စဉ်းတီတုံးနား၌ ချထားသော ခြင်းကြားထဲမှ ကြက်များသည် တစ်ကောင်နှင့်တစ်ကောင် ဆိတ်နေကြ၊ ခွပ်နေကြ၏ ။ ကြက်တို့အတွက် ခြင်းကြားကမ္ဘာသည် ခိုင်မာ၏ ။ ကျယ်ဝန်းလှ၏ ။ ခြင်းကြားမှသည် စဉ်းတီတုံးသို့ သွားရသည့် ကာလကလည်း ရှည်လျားလှသည်။

တိရစ္ဆာန်ပုံပြင်၌ တစ်တီတူးသည် မိုးပြိုမည်စိုး၍ မိုးကိုခြေကန်ကာ ပက်လက်လှန် အိပ်၏ ။ မိုးကို စိတ်မချ။ မြင်းကလည်း အိပ်သောအခါ ခြေလက် သုံးဖက်သာ ထောက်၍ အိပ်၏ ။ တစ်ဖက်ကြွထားသည်။ မြေကြီးပြိုမှာ စိုးသောကြောင့် ဖြစ်၏ ။ မျောက်ကလည်း သစ်ပင်ပေါ် အိပ်နေရာမှ မြေပျောက်မည်စိုး၍ တစ်ညသုံးခါ ဆင်းပြီး လက်နှင့်ပုတ်စမ်း၏ ။ ဤမိုး နှင့် ဤမြေ အကြောင်းကိုသာ လေ့လာလျှင် ဤလူတွေလည်း ခြေကို ဖော့ဖော့နင်း၍ မကြာခဏ ခေါင်းကို စမ်းကြည့်နေမိပေလိမ့်မည်။

ဤ၌ ဤကမ္ဘာမြေ အပါအ၀င် စကြာဝဠာကြီး ရပ်တည်နေပုံကို အကျဉ်းချုပ် ပုံကြမ်းသဘောမျှ ဖော်ပြပါဦးအံ့။

ကျွန်ုပ်တို့ ခိုင်မာတောင့်တင်းလှပြီ၊ ကျယ်ပြောလှပြီဟု အထင်ရောက်နေသော ဤကမ္ဘာမြေသည် ပူစီဖောင်း ကဲ့သို့ လဟာပြင်၌ ပေါလောမျောနေသော အလုံးတစ်လုံးသာဖြစ်သည်။ နေ နှင့် လကို လဟာ၌ အလုံးကြီးများ အဖြစ် မြင်နေရသကဲ့သို့ နေကမ္ဘာ လကမ္ဘာက ကြည့်လျှင်လည်း ဤကမ္ဘာကို လဟာပြင်၌ နေလတို့ကဲ့သို့ မျောနေသော အလုံးကြီးတစ်လုံး ဟုမြင်ကြရ၏။ အခိုင်အမာ ရပ်တည်ရာ မရှိချေ။ ကျွန်ုပ်တို့ထင်သကဲ့သို့ ရပ်၍လည်း မနေ။ စနစ်တကျ လည်ပတ်နေသော အလုံးကြီးသာ ဖြစ်၏ ။ ဝေးလွန်းလှသဖြင့် မှုန်မှုန် မွှားမွှားသာ မြင်ရသည့် မရေမတွင်နိုင်သော ကမ္ဘာများ ကြယ်များလည်း ထိုကဲ့သို့ ဘ၀တူ အလုံးများသာ ဖြစ်ကြသည်။ စကြာဝဠာအနန္တခေါ် သဟာပင်တည်း။

လဟာပြင်၌ ထင်ရှားသော အလုံးကြီးများမှာ ၁၁လုံး ရှိ၏ ။ ဤကမ္ဘာမြေလည်း ကြယ်တစ်လုံး၊ ဂြိုလ်တစ်လုံး ပင်တည်း။ ထိုတွင် နေသည် အကြီးဆုံး ဆွဲအားအများဆုံး မီးဟုန်းဟုန်းလောင်နေသော ဂြိုလ်ကြီးတစ်လုံးဖြစ်သည်။ သူ့ကို ဗဟိုထား၍ ကျန် ဂြိုလ်ကိုးလုံးမှာ ဘဲဥ စက်ဝိုင်းကဲ့သို့ နေကို လှည့်ပတ်ရွေ့လျား နေကြရ၏ ။ သူ့လမ်းနှင့်သူ ၊ သူ့လည်ပတ်နှုန်း နှင့် သူ စနစ်တကျ လည်ပတ်နေ၏ ။ တစ်ခုနှင့် တစ်ခု ဆက်စပ်နေသော ခွေးသွားစိတ်ကဲ့သို့ဖြစ်သည်။ တစ်ခုနှင့်တစ်ခု ဆွဲအား ၊ ရွေ့လျားအားနှစ်မျိုး အပေးအယူလုပ်ကာ ဆက်သွယ်နေကြရသည်။ တစ်ခုခုက တာဝန် ၀တ္တရားပျက်ကွက်ခဲ့သော် အားလုံး ကိစ္စချော နိုင်၏ ။

ဓမ္မာစရိယ ဦးဌေးလှိုင် ၏ ကမ္ဘာကိုချုပ်ကိုင်မည့်သူ မှ.........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Wednesday, November 18, 2009

ဗုဒ္ဓဘာသာဝင်နှစ်မျိုး


ဗုဒ္ဓဘာသာဝင်သည် နှစ်မျိုးရှိ၏ ။ တစ်မျိုးမှာ မြတ်စွာဘုရား၌ 'ကြည်ညိုခြင်း'ကို ပဓာနပြု၏ ။ အခြားတစ်မျိုးမှာ မြတ်စွာဘုရား၌ ' ကျေးဇူးတင်ခြင်း ' ကို ပဓာနပြု၏ ။
မြတ်စွာဘုရား၌ ကြည်ညိုခြင်းကို ပဓာနပြုသူများသည် မြတ်စွာဘုရား၏ အတိုင်းအဆ မရှိသော ဂုဏ်တော်များကို အာရုံပြု၏ ။ ထုတ်ဖော် ချီးကျူး၏ ။ သူ့ဘ၀အတွက် ဟူသော ရည်ရွယ်ချက်ဖြင့် ကုသိုလ်ကောင်းမှု့များကို ပြု၏ ။ 'ကံ' ကို အမိ ' ကံ ' ကို အဖ ဟူ၍ ခံယူ၏ ။
ထိုပုဂ္ဂိုလ်မျိုးသည် သေခါနီးကာလ၌ မကောင်းသောအာရုံများ မထင်ခဲ့သော် မိမိပြုခဲ့သော ' ကံ ' အားလျှော်စွာ လူချမ်းသာ ၊ နတ်ချမ်းသာ ၊ ဗြဟ္မာချမ်းသာများကို ရ၏ ။ အကယ်၍ သေခါနီးကာလ၌ မကောင်းသော အာရုံများ ထင်ခဲ့သော် ' အသဒိသ ' အလှူရှင် မလ္လိကာမိဖုရားကြီး ငရဲကျသကဲ့သို့ မိမိတို့ တောင့်တသည့်အတိုင်း ဖြစ်မလာဘဲ အပါယ်လေးပါး သို့လည်း ကျရောက်တတ်၏ ။
ဘ၀ချမ်းသာကို ပွားစီးအောင်လုပ်သော ကုသိုလ်ဟူသမျှသည် ' အတ္တ ' အပေါ် အခြေခံ၍လုပ်သော ကုသိုလ်မျိုး ဖြစ်ခြင်းကြောင့် တကယ်လက်တွေ့တွင် အားမကိုးလောက်သော ကုသိုလ်မျိုးသာဖြစ်၏ ။ ပရမ်းပတာ ကျချင် သလို ကျသွားနိုင်သော ' ၀ိနိပါတ ' ဘေး၏ အုပ်ချုပ်မှု့အောက်၌ ရှိသော ကုသိုလ်မျိုးဖြစ်၏ ။ဤကုသိုလ်မျိုးကို ' ၀ဋနိဿတ ' ကုသိုလ်မျိုးဟူ၍လည်း ဆိုရ၏ ။
' အတ္တ ' ကို ပယ်သတ်ရန် မကြိုးပမ်းဘဲ မိမိလှည့်လည် ကျက်စားရာ သံသရာတွင်း၌ ချမ်းသာသုခ ရရှိနိုင်ရေး အတွက် ' ကံ ' များကို ပွားစီးသည်ထက် ပွားစီးအောက် အားထုတ်ကြိုးပမ်းခြင်းသည် မြတ်စွာဘုရား၌ 'ကြည်ညိုခြင်း ' ကို ပဓာနပြုသော ဗုဒ္ဓဘာသာဝင်တို့၏ လုပ်ငန်းစဉ်ဖြစ်၏ ။
မြတ်စွာဘုရားကို ကျေးဇူးတင်ခြင်းကို ပဓာန ပြုသူများသည် သံသရာမှ လွတ်မြောက်ရေးအတွက် ' ကံ ' များကို ပွားအောင်မလုပ်ဘဲ 'ကံ' ဟူသမျှကို ပါးသည်ထက်ပါးအောင်၊ နောက်ဆုံး၌ ကုသိုလ်ကံ ဖြစ်စေ ၊ အကုသိုလ်ကံ ဖြစ်စေ ' ကံ ' ဟူသမျှကို ချုပ်ငြိမ်းသွားအောင် သမ္မာဝါယမ မဂ္ဂင်ဖြင့် အားထုတ်ကြသူများ ဖြစ်၏ ။ ဥာဏ်သာ ' အမိ ' ဥာဏ်သာ ' အဖ' ဟူ၍ ခံယူ၏ ။
'ကံ' ဟူသမျှကို ချုပ်ငြိမ်းအောင် အားထုတ်ခြင်းဟူသည် ၀ိပဿနာ မဂ္ဂင်ငါးပါးကို ပွားသည်ထက်ပွားအောင် ရုပ်-နာမ် ခန္ဓာတို့၏ ဖြစ်-ပျက်ကို ရှု့ခြင်းဖြစ်၏ ။ ဖြစ်-ပျက်၌ ' အနိစ္စ ' သဘောလည်းပါ၏ ။ ' ဒုက္ခ ' သဘောလည်း ပါ၏ ။ ' အနတ္တ ' သဘောလည်း ပါ၏ ။
' အနိစ္စ ' ကိုမြင်သောအခါ ' မာန ' ပျောက်၏ ။ ' ဒုက္ခ ' ကိုမြင်သောအခါ ' တဏှာ ' ပျောက်၏ ။ ' အနတ္တ ' ကိုမြင် သောအခါ ' ဒိဋ္ဌိ ' ပျောက်၏ ။ တဏှာ ၊ မာန ၊ ဒိဋ္ဌိ တို့ ပါးသည်နှင့်အမျှ စစ်မှန်သော ချမ်းသာကို ရ၏ ။
' အတ္တ ' ဟူသည် တဏှာဖြင့်စွဲသော ' အတ္တ ' လည်း ရှိ၏ ။ မာန ဖြင့် စွဲသော ဒိဋ္ဌိ လည်းရှိ၏ ။ ဒိဋ္ဌိ ဖြင့် စွဲသော ' အတ္တ ' လည်းရှိ၏ ။ ထို့ကြောင့် တဏှာ ၊ မာန ၊ ဒိဋ္ဌိ တို့ ချုပ်လေသောအခါ ' အတ္တ ' လည်း ချုပ်လေ၏ ။ 'အတ္တ ' ချုပ်လျှင် စစ်မှန်သော ချမ်းသာကို ကိုယ်တိုင် မျက်မှောက်ပြုရ၏ ။
ဤနည်းမှာ မြတ်စွာဘုရား ဟောတော်မူမှ သိရသော နည်းဖြစ်၏ ။ ထို့ကြောင့် မြတ်စွာဘုရားသည် အလွန် ကျေးဇူးတင်ထိုက်သော ' လောကသုံးပါး၏ ကျေးဇူးရှင် ဖြစ်၏ ' ဟုဆိုရ၏ ။
မြတ်စွာဘုရားကလည်း ' တရား ' ကိုမြင်သူသည် ' ငါ့ ' ကို မြင်သူမည်၏ ။ ' တရား ' ကို မမြင်သူသည် ' ငါ့ ' ကို မမြင်သူပင် ဖြစ်၏ ဟူ၍ ဟောတော်မူခဲ့ရာ စစ်မှန်သော ဗုဒ္ဓဘာသာဝင် ဖြစ်ပါက မြတ်စွာဘုရား ဟောကြားတော် မူထားသည့်အတိုင်း သမုဒယ သစ္စာကို ပယ်သတ်နိုင်ရန် ကြိုးပမ်းအပ်ပါ၏ ။ ' သမုဒယသစ္စာ ' ကို ပယ်သတ်နိုင်သည်နှင့် အမျှ ဒုစရိုက်တရားများကိုလည်း ပယ်ပြီးဖြစ်၏ ။ ဒုစရိုက်ကင်းသော လူ့ဘောင်သည် မည်မျှ ငြိမ်းချမ်းပေလိမ့်မည်နည်း။

ဆရာကြီး ဦးရွှေအောင် ၏ ချမ်းသာကို ရှာဖွေခြင်း မှ.........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Tuesday, November 17, 2009

သဿတဒိဋ္ဌိနဲ့ဥစ္ဆေဒဒိဋ္ဌိ


ဒီနေရာမှာ သတိထားကြပါ၊ ဆရာကောင်းအလွန်လိုအပ်ပါတယ်၊ ဆရာနည်းမရရင် အံချော်တတ်ကြပါတယ်၊ "ပြုလုပ်သမျှ ကုသိုလ်ကံ-အကုသိုလ်ကံတွေဟာ ပြုလုပ်ပြီးရင် ပျောက်ကုန်တာပဲ၊ ဘာတစ်ခုမှ နောက်ဘ၀သို့ မလိုက်ပါကြဘူး" လို့ ယူဆထားရင် ဥစ္ဆေဒိဋ္ဌိ( ပြတ်ကုန်တယ်လို့ ယူတဲ့ဒိဋ္ဌိပေါ့) မှားတယ်။
တစ်ခါပြုလုပ်သမျှ ကုသိုလ်ကံ-အကုသိုလ်ကံတွေဟာ ပျောက်ပျက်မကုန်ဘဲ နောက်ဘ၀သို့ (အရိပ်ပမာ တကောက်ကောက် ) လိုက်ပါသည်လို့ ယူဆပြန်ရင်လဲ သဿတဒိဋ္ဌိ ( မြဲတယ် ခိုင်ခန့်တယ်လို့ ယူဆတဲ့ ဒိဋ္ဌိပေါ့) ဒါလဲ မှားပြန်တာပဲ။
နည်းနည်းချဲ့ပြောပါဦးမယ်၊ ဒါအရေးကြီးတယ်၊ ကိုသိုလ်ကံ-အကုသိုလ်ကံတွေဟာ (ဆာယာဝ အနုပါယိနီ) အရိပ်ပမာ အစဉ်တစိုက် နောက်ကလိုက်ပါသည်ဆိုတဲ့စကား။ (စက္ကံဝ ၀ဟတော ပဒံ) လှည်းရုန်းသော နွား၏ ခြေရာနောက်သို့ လှည်းဘီးက တကောက်ကောက်လိုက်ပါသကဲ့သို့ လိုက်ပါသည်ဆိုတဲ့စကားတွေဟာ ဘုရားဟောပါပဲ၊ ဘုရားနှုတ်ထွက်တော်တွေပါပဲ၊ ဓမ္မပဒမှာ ပါတယ်။



ဒေသနာအမျိုးအစားကနှစ်-ပါး
ဒါပေမယ့် ဒီနေရာမှာက လူတွေ မြင်လွယ်ထင်လွယ်အောင် ဟောရတာ၊ ဥာဏ်နုံ့တဲ့သူတွေဆိုတော့ သဘော ပေါက်လွယ်အောင် ဥပမာဆောင်ဟောရတာ၊ ဒါကြောင့် ဘုရားဟောဒေသနာက ၂မျိုး ရှိတယ်လို့ မှတ်ပါ။
(က)နီတတ္တဒေသနာ=တိုက်ရိုက် သိမှတ်ရတဲ့တရားက တစ်မျိုး
(ခ)နေယျတ္တဒေသနာ= ဆောင်၍ သွယ်ဝှိုက်၍ သိမှတ်ရတဲ့ တရားတစ်မျိုးလို့ (၂) မျိုးရှိတယ်။
ဥပမာ အဘိဓမ္မာတွေထဲမှာ မြတ်စွာဘုရားက "ခန္ဓာငါးပါးရှိတယ်၊ ရူပက္ခန္ဓာ -ဝေဒနာက္ခန္ဓာ - သညာက္ခန္ဓာ-သင်္ခါရက္ခန္ဓာ-၀ိညာဏက္ခန္ဓာ လို့ ငါးပါး" အဲသည်လိုဟောရင် ဟောထားတဲ့အတိုင်း ဖြောင့်ဖြောင့် အဓိပ္ပါယ် ယူလိုက်ရုံပဲ၊ အဲလို ယူရတာမျိုးဟာ (က) နီတတ္တဒေသနာ=တိုက်ရိုက် သိမှတ်ရတဲ့တရား မျိုးထဲမှာ ပါတာပေါ့။
(ဆာယာဝ အနုပါယိနီ) တို့လို၊ (စက္ကံဝ ၀ဟတောပဒံ ) တို့လို တရားမျိုးကျတော့ တိုက်ရိုက်ယူလို့မရဘူး၊ ယူရင် မှားကုန်မယ်၊ ဒါက သိလွယ်မြင်လွယ်အောင်လို့ ဥပမာဆောင်ပြီး ဟောရတာ၊ အဲသည်လို တရားမျိုးကျတော့ (ခ)နေယျတ္တဒေသနာ= ဆောင်၍ သွယ်ဝှိုက်၍ သိမှတ်ရတဲ့ တရားမျိုးထဲ ပါသွားတယ်။

အချုပ်မှတ်သားရမှာက

ဒီတော့ ဒကာတို့ ဒီလိုမှတ်ပါ၊ အများပြောနေကြသလို ကုသိုလ်ကံ-အကုသိုလ်ကံတွေဟာ အရိပ်ပမာ နောက်ဘ၀ကို လိုက်ပါတယ်ဆိုတဲ့စကားလဲ မှားတယ်၊ အခု ဒကာတို့ ပြောနေကြသလို ရုပ်အစု နာမ်အစုတွေဟာ ဖြစ်ပြီး ပျက်ကုန်ကြတာပဲ၊ ဘာတစ်ခုမှ ကျန်တာမဟုတ်ဘူး၊ နောက်ဘ၀ကို လိုက်စရာ မရှိဘူး-လို့ ယူတဲ့ စကားလဲ မှားတယ်။
ယူရမှာက ရုပ်အစု၊ နာမ်အစုတွေ မလိုက်သည်ကားမှန်၏၊ ဖြစ်ပြီးပျက်ကုန်သည်မှာ မှန်၏၊ သို့သော် အကျိုး ပေးဖို့ရာ သတ္တိကား ကျန်ရစ်သည်သာ၊ ထိုသတ္တိ က အကျိုးပေးသည်-လို့ ယူရမယ်၊ ဒါနဲ့ ပတ်သက်လို့ ကျမ်းဂန်တွေထဲမှာ မိန့်ဆိုထားချက်တွေ ရှိပါတယ်၊ ဘယ်လိုလဲဆိုတော့

သန္တောနေဒံ ကမ္မံ နာမ၊
န နိရုဇ္ဈတိ သဗ္ဗနော၊
ဝိသေသံ နိဒေတွာ ဟိ၊
သမယမှိ ၀ိပစ္စိတုံ။
သန္တောနေ - ပြုလုပ်သော ပုဂ္ဂိုလ်၏ သန္တာန်၌၊ ဣဒံ ကမ္မံ နာမ - ဤကောင်းကံ - မကောင်ကံ အမျိုးအမျိုးသည် သဗ္ဗသော - ကြွင်းမဲ့ဥဿုံ အလုံးစုံ အကုန်မကျန်၊ န နိရုဇ္ဈတိ - ပြီးပြီးပျောက်ပျောက် အနေရောက်အောင် ချုပ်ပျောက်၍သွားကြသည် မဟုတ်ပေ။
ဟိ - မှန်၏ ။ သမယမှိ - အကျိုးပေးဖို့ အချိန်ကျသောအခါ၌၊ ၀ိပစ္ဆိတုံ - အကျိုးပေးဖို့ရာ၊ ၀ိသေသံ - အကျိုးပေးဖို့ သတ္တိထူးကို၊ နိဒေတွာ - မြုပ်နှံထားပြီး၍၊ (၀ါ) မြုပ်နှံပြီးမှသာ၊ နိရုဇ္ဈတိ - သဘာဝအလျောက် ချုပ်ပျောက်၍ သွားတော့၏ ။

လက်တွေ့ဥပမာပြ၍ ရှင်းလင်း

"ကဲ..... ဘုန်းကြီးက လက်တွေ့ဥပမာတစ်ခုပြပါအုံးမယ်၊ " ဟု ဆိုပြီးလျှင် နောက်ပါကိုယ်တော် ဦးသုမနထံမှ လက်နှိပ်ဓါတ်မီး တောင်းလိုက်၏ ၊ ပြီးလျှင် " ဟော .... ကြည့်ကြ" ဟုဆို၍ အတွင်းဘက် အနည်းငယ်မှောင်သော နံရံသို့ အလင်းရောင် ထိုးပြလိုက်သည် ၊ ပြီးလျှင် ဆရာတော်လေးက
"ဒကာတို့ ...... တွေ့ရဲ့လား ၊ ဟောဟို နံရံမှာ အလင်းရောင်၊ (တွေ့ပါတယ်ဘုရား)၊ အဲဒီ အလင်းဟာ ဟောဒီ လက်နှိပ်ဓါတ်မီးကြီး နံရံကို သွားကပ်လို့ လင်းတာလား၊ (မဟုတ်ပါဘုရား) ၊ မီးသီးရောက်သွားလို့ လင်းတာလား (ဒါလဲ မဟုတ်ပါဘုရား) ၊ ဒါဖြင့် ဓါတ်ခဲတွေ ရောက်သွားလို့ လင်းတာလား၊ (အဲလို ဓါတ်ခဲတွေ လိုက်ပါသွားတာ မဟုတ်ပါဘုရား) အေး.... ပစ္စည်းအထည်ဒြပ်တွေ နံရံကို လိုက်ပါသွားတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဟောဒီ ဓာတ်ခဲ အတွင်းက အလင်းရောင်သတ္တိတွေတော့ နံရံကို ရောက်သွားတယ်၊ (မှန်ပါ ဘုရား)၊ အထည်ဝတ္ထုတွေတော့ လိုက်ပါမသွားဘူး၊ သတ္တိပဲ လိုက်ပါသွားတယ် ၊ (မှန်ပါ ဘုရား) အေး....အဲဒီအတိုင်းပဲ ဒကာတို့ ....ကုသိုလ်ကံ -အကုသိုလ်ကံ ဆိုတာတွေဟာ သင်္ခတ တရားတွေမို့ ဖြစ်ပြီး ပျက်ကုန်ကြရတာ မှန်ပါတယ် ။ ကုသိုလ်စေတနာ - အကုသိုလ် စေတနာတွေဟာ ဖြစ်ပေါ်လာပြီး ပျောက်ကုန်ရတာမှန်ပါတယ်၊ နောက်ဘ၀ကို လိုက်နေချိန် မရလိုက်ပါဘူး (မှန်ပါ ဘုရား)
သို့သော်လဲ ပျက်ကုန်တဲ့ နေရာလေးတွေမှာ အရှိန်အ၀ါ သတ္တိကလေးများ ကျန်ရစ်ပါသေးတယ် -တဲ့ ၊ သတ္တိ ကလေးများ ထားခဲ့ပါသေးတယ် - တဲ့ ၊(မှန်ပါ ဘုရား) အဲဒီ အရှိန်အ၀ါ သတ္တိကလေးက အကျိုးပေးတာ ။

အဲလိုယူမှ အစွန်း၂-ဘက်လွတ်

ဖော်ပြပြီးခဲ့တဲ့အတိုင်းယူမှ သဿတဒိဋ္ဌိကလဲ လွတ်မယ် ၊ ဥစ္ဆေဒဒိဋ္ဌိ ကလဲ လွတ်နိုင်မယ် ၊ (မှန်ပါ ဘုရား) ၊ ကံတွေ လိုက်သွားတယ်ဆိုရင် သဿတဒိဋ္ဌိ ဖြစ်နေမယ် ၊ (မှန်ပါ့) မလိုက်ဘူး လုံးဝပြတ်သွားတယ် ၊ ဘာမှ မကျန် တော့ဘူး ဆိုပြန်ရင်လဲ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်နေပြန်အုံးမယ် ၊ (မှန်ပါ ဘုရား)
သဿတက တစ်ဘက် အစွန်း ၊ ဥစ္ဆေဒကလဲ တစ်ဘက်အစွန်းပဲ ၊ (မှန်ပါ) အဲဒီ အစွန်းနှစ်ပါးကို မငြိစေဘဲ အခုလို အလယ်က သွားမှသာ (မဇ္ဈိမာ ပဋိပဒါ) ဘုရားလမ်းစဉ်ကျတယ် (မှန်ပါ ဘုရား)
ကဲ...... ရှင်းကြပြီလား ၊ ရှင်းလောက်ပါပြီနော် (မှန်ပါ - ရှင်းပါတယ်ဘုရား) အားလုံးလိုလိုပင် တစ်ပြိုင်နက် အားတက်ရွှင်လန်းစွာ ဖြေကြ၏ ။


အရှင်ဃောသိတ ၏ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာမှ........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Sunday, November 15, 2009

ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး


စာချုပ်မိပြီး အပြစ်ဒဏ်ခံနေရတာနဲ့တူတယ်

သတ္တ၀ါတွေဟာ မအိုချင်ဘဲနဲ့လဲ အိုနေရတယ်၊ မနာချင်ဘဲနဲ့လဲ နာနေရတယ်၊ မသေချင်ဘဲနဲ့လဲ သေနေရတယ်။ အိုလို့ နာလို့ သေလို့ မဆုံးနိုင်ဘူး။ တစ်ဘ၀က သေပြီးရင် နောက်တစ်ဘ၀ ထပ်ပြီးဖြစ်ရတယ်။ အဲဒီ ဘ၀မှာလဲ အိုရ နာရ သေရပြန်တယ်။ နောက်တစ်ဘ၀လဲ ထပ်ပြီး ဖြစ်ရပြန်တယ်။ အဲဒီ နောက်ဘ၀မှာလဲ အိုရ နာရ သေရပြန်တယ်ဒီနည်းဖြင့် အိုလို့ နာလို့ သေလို့ မဆုံးနိုင်ဘူး။ ဒီလို တစ်ဘ၀ပြီး တစ်ဘ၀ မပြတ်ဆက်ပြီးဖြစ်နေတဲ့ ဘ၀ဖြစ်စဉ် တွေကို ဥာဏ်အမြင်သန်သန်နဲ့ မျှော်ပြီး ကြည့်လိုက်မယ်ဆိုရင် သတ္တ၀ါတွေဟာ စာချုပ်မိပြီး အပြစ်ဒဏ် ခံနေရတာနဲ့တူတယ်။ ကိုယ့်တစ်ယောက်တည်းရဲ့ ဖြစ်စဉ်ကိုပင် အရုပ်ကားတွေ ရေးပြီး ကြည့်လိုက်မယ်ဆိုရင်လဲ မကုန် မဆုံးနိုင်အောင် ရှိနေပါတယ်။


ကြက်ကလေး ဘဲကလေးတွေရဲ့ဖြစ်ပုံကိုကြည့်

ဘ၀အသစ်ဖြစ်လာလိုက်ရင်း သေသွားလိုက်ရင်း၊ ဘ၀အသစ် ဖြစ်လာလိုက်ရင်း သေသွားလိုက်ရင်းနဲ့ တစဉ် တတန်းကြီးဖြစ်နေတယ်။ လူတွေရဲ့အမြင်နဲ့ ကြည့်မယ်ဆိုရင် ကြက်ကလေးတွေ ဘဲကလေးတွေရဲ့ ဖြစ်ပုံဟာ အင်မတန်ကြောက်စရာကောင်းပါတယ်။ ဒီလို အကောင်လေးတွေဟာ တချို့များ ကြက်ဘ၀ ဘဲဘ၀ရောက်လာ ခါစရှိသေးတယ်၊ အကောင်တောင် မပေါက်လိုက်ရသေးဘူး၊ ဥအဖြစ်ကတည်းက လူတွေက ပြုတ်စားလိုစား ကြော်စားလိုစားနဲ့ အဲဒီမှာ သေကုန်ရှာကြတယ်။ အဲဒါက အကောင်မဖြစ်ရသေးခင် သေသွားကြရရှာတာ။ အကောင်ကလေး ဖြစ်လာပြန်တော့လဲ တယ်ကြာကြာ မနေကြရရှာဘူး။ တော်တော်ကလေး ကြီးလာတယ် ဆိုရင်ပဲ လူတွေက သတ်ပြီး စားလိုက်ကြတာနဲ့ သေသွားကြရရှာပြန်တယ်။ အဲဒီအကောင်ကလေးတွေရဲ့ ဖြစ်ပုံကို ကြည့်ပြီးစဉ်းစားလိုက်ရင် ဒီ ကြက်ကလေး ဘဲကလေးတွေဟာ ဖြစ်လာလိုက်ရင်း သေသွားရရင်းနဲ့ အင်မတန် ရင်လေးစရာကောင်းပါတယ်။ တကောင်တည်းသာ ဒီလို ထပ်ခါ ထပ်ခါ ဖြစ်နေမယ်ဆိုရင်တော့ တော်တော့်ကို စိတ်ပျက်စရာ ကြောက်စရာကောင်းတာဘဲ။ ဒါကတော့ လူ့အမြင်နဲ့ကြည့်ပြီး တွေ့ရပုံကို ပြောရတာပါ။


သူတို့အမြင်နဲ့တော့ နေသာမှာပါဘဲ

သို့ပေမယ့် သူတို့ ကြက်တွေ ဘဲတွေအနေနဲ့ ကြည့်လို့ရှိရင်တော့ သူတို့ရနေတဲ့ဘ၀ဟာ တော်တော်နေသာ ထိုင်သာ ရှိကောင်း ရှိပါလိမ့်မယ်။ သေမှသာသေရော၊ မသေခင်တော့ သူတို့မှာ ပျော်စရာလေးတွေ ရှိဦးမှာ ပါဘဲ ဒါကြောင့် သူတို့ဟာ မြည်လိုက်၊ တွန်လိုက်နဲ့ ပျော်နေကြတယ်။ စားလိုက်သောက်လိုက်နဲ့လဲ ပျော်နေကြတယ်။ တစ်ကောင်နဲ့တစ်ကောင် ခွပ်လိုက်၊ ဆိတ်လိုက်နဲ့လဲ အနိုင်ကျင့်နေကြတယ်။ ဒါဟာ သူတို့ အမြင်နဲ့တော့ အသက်ရှင်နေရမည့် အချိန်တွေ အများကြီး ရှိနေတယ် ထင်နေကြလို့ နေမှာပါပဲ။ လူ့အမြင်နဲ့ဆိုရင်တော့ ဒီအကောင်လေးတွေဟာ ဘာမှ ပျော်ရွှင်နိုင်စရာ အချိန်မရှိဘူး။ ရက်ပိုင်း လပိုင်းလောက် ခဏကလေးပဲ။ ဖြစ်လာလိုက်ရင်း မကြာခင်သေသွားရရင်း ၊ ဖြစ်လာလိုက်ရင်း မကြာခင် သေသွားရရင်းနဲ့ ဒီလိုချည်းသာ ဖြစ်နေ ရမယ်ဆိုရင် ကြောက်စရာ မကောင်းကြပေဘူးလား။ အလွန်ကြောက်စရာ ကောင်းတာပေါ့။

လူတွေရဲ့အသက်ဟာလဲ သိပ်မရှည်လှပါဘူး

အမြှော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်အနေနဲ့ ကြည့်လိုက်ရင် လူ့အသက်ကလဲ သိပ်ရှည်တာမဟုတ်ပါဘူး။ ယခုအသက် လေးငါးခြောက်ဆယ် ရှိတဲ့သူက လွန်ခဲ့တဲ့ အသက်ပိုင်းကာလကို ပြန်ကြည့်ပါ။ မနေ့တစ်နေ့ကလိုပဲ ဘာမျှ မကြာသေးဘူးလို့ ထင်ရမှာပဲ။ နတ်တွေက ကြည့်လိုက်မယ်ဆိုရင် လူတွေရဲ့ အနှစ်လေးငါးခြောက်ဆယ် ခုနှစ်ဆယ်လောက်ဟာ သူတို့နတ်တွေရဲ့ တစ်ရက်ပဲ ရှိတယ်။ တချို့နတ်တွေရဲ့ ရက်နဲ့ဆိုရင် တစ်ရက်တောင် မရှိပါဘူး။ ဒါကြောင့် လူ့အသက်ဟာ နတ်တွေရဲ့ အမြင်နဲ့ဆိုရင် အင်မတန်တိုနေပါတယ်။ ဗြဟ္မာ့အမြင်နဲ့ ကြည့်မယ်ဆိုရင် နတ်အသက်ဟာလဲ တိုတိုကလေးဘဲ။ ဗြဟ္မာက ကမ္ဘာနဲ့ ချီပြီး အသက်ရှည်တယ်။ ဒါပေမဲ့ ကမ္ဘာထောင်သောင်းများစွာ အသက်ရှည်တဲ့ ဗြဟ္မာ့အသက်ဟာလဲ သံသရာ ကာလကြီးထဲ ချကြည့်လိုက်ရင် ဘာမှ မပြောပလောက်ဘူး၊ တိုတို ကလေးဖြစ်နေတယ်။ ဒါကြောင့် နတ်တွေ ဗြဟ္မာတွေလဲ တစ်နေ့ကျတော့ အိုရသေရတာပဲ။ ထူးတာကတော့ ဗြဟ္မာတွေနဲ့ တချို့နတ်တွေမှာ လူများလို မကျန်းမမာ နာဖျားရခြင်းဆို တာတော့ မရှိပါဘူး။ ဒါလောက်ပဲ ထူးပါတယ်။ အိုခြင်းဆိုတာကတော့ ပါကဋဇရာဆိုတဲ့ အထင်အရှား အိုခြင်းက မရှိပေမယ့် အချိန်ကာလ ကြာမြင့်ပြီး ရင့်ရော်ခြင်းဆိုတဲ့ မထင်မရှားအိုခြင်းကတော့ ရှိနေတာပါပဲ။ ဒါ့ကြောင့် နာခြင်းဆိုတာမရှိတောင်မှ သတ္တ၀ါတိုင်း၊ သတ္တ၀ါတိုင်းဟာ အိုရတယ်၊ သေရတယ်၊ အိုခြင်း သေခြင်းဆိုတဲ့ တရားဆိုးတွေနဲ့ ဘ၀တိုင်း ဘ၀တိုင်း တွေ့နေရတယ်။ ဒီတရားဆိုးတွေမှ လွတ်ကို မလွတ်နိုင်ဘူး။
မဟာစည်ဆရာတော်ဘုရားကြီး ၏ ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီး (ပထမပိုင်း) မှ.........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, November 14, 2009

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ကမ္မဋ္ဌာန်းသံပေါက်လင်္ကာ


  • သဗ္ဗေသတ္တာ၊ ဝေနေယျာ၊ သံသာရှည်လှပြီ။
  • အတည်ကျကျ၊ ဘယ်ဘ၀၊ ရကြမရှိပြီ။
  • ရအံ့နိုးနိုး၊ လောဘမျိုး၊ အကျိုးယုတ်လှပြီ။
  • သုံးပါးညီးညီး၊ လောင်မီးကြီး၊ ဖိစီးလှလေပြီ။
  • လောင်မှန်းမသိ၊ မောဟဖိ၊ မိုက်မိလှလေပြီ။
  • ပိုးဖလံမျိုး၊ မီးကိုတိုး၊ ကိုယ်ကျိုးနဲလှပြီ။
  • ကာမဂုဏ်မွဲ၊ သည်မိုက်ခဲ၊ မခွဲနိုင်ကြပြီ။
  • မခွဲနိုင်ကြ၊ လူ့ဗာလ၊ မိုက်စသိမ်းသင့်ပြီ။
  • ဂင်္ဂါသဲတူ၊ ပွင့်တော်မူ၊ ဆူဆူများလှပြီ။
  • များအင်္သချေ၊ ရှင်စောထွေ၊ ရှောင်သွေလွဲခဲ့ပြီ။
  • တဆူမသင့်၊ တဆူသင့်၊ ဖူးခွင့်တွေ့ထိုက်ပြီ။
  • မတော်မတရား၊ကျင့်ဖောက်ပြား၊ မိုက်အားကြီးလှပြီ။
  • အလိုမလိုက်၊ သည်အမိုက်၊ ပယ်ထိုက်သင့်လှပြီ။
  • မပယ်မချိုး၊ ဆင်ကန်းတိုး၊ ဟုတ်နိုးထင်လှပြီ။
  • ဟုတ်နိုးသမှု့၊ ထင်တိုင်းပြု၊ ယခုတိုင်ခဲ့ပြီ။
  • တရားလက်လွတ်၊ ဌက်တောင်ကျွတ်၊ ၀ဋ်နှင့်မကင်းပြီ။
  • မနုဿတ္တ၊ ဒုလ္လဘ၊ မရများလေပြီ။
  • အရတော်စွ၊ သည်ဘ၀၊ လှလှကျင့်ထိုက်ပြီ။
  • ကြုံကြိုက်တော်စွာ၊ သာသနာ၊ ရောင်ဝါထွန်းလှပြီ။
  • သတိရရ၊ မြတ်ပုည၊ ပြုရကောင်းသင့်ပြီ။
  • တနေ့တနေ့၊ နက်ဖြန်ရွေ့၊ မမေ့ကောင်းသင့်ပြီ။
  • ငါ့ကိုယ်ငါ့သား၊ ငါ့မယား၊ ထင်မှားလှလေပြီ။
  • ထင်မှားတတ်စွာ၊ သက္ကာယာ၊ မိစ္ဆာကင်းသင့်ပြီ။
  • ငါးခုခန္ဓာ၊ ရုပ်နာမ်မှာ၊ မှန်စွာမှတ်သင့်ပြီ။
  • သမ္မသန၊ ဥာဏ်အစ၊ ထင်လှသင့်ကြပြီ။
  • နင်ဖြင့်နင့်ကိုယ်၊ ဆုံးမဆို၊ နင့်ကိုယ်အမှု့သည်။
  • နင်မဆုံးမ၊ နင့်တာပ၊ ဘယ်ကခံလိမ့်မည်။
  • နှလုံးဖုံဖုံ၊ ထုံတုံတုံ၊ နင့်ပုံကြော့ကြမ်းသည်။
  • နင်နှင့်နင့်ကံ၊ စီရင်ဖန်၊ အမှန်ဖြစ်တော့သည်။
  • ယခုနင့်ကိုယ်၊ နင့်အလို၊ ဘယ်ကိုပြည့်စုံသည်။
  • နင့်ကိုယ်နင်နှစ်၊ နင့်အပြစ်၊ နင်ဖြစ်ခံရမည်။
  • နင့်ကိုယ်နင်အား၊ နင်မသနား၊ နင်မှားရှာတော့သည်။
  • ဒါနသီလာ၊ ဘာဝနာ၊ နင်သာပြုသင့်သည်။
  • ဇာတိဇရာ၊ မရဏာ၊ မကြာနင်တွေ့မည်။
  • မျက်တောင်တယှက်၊ လျှပ်တပြက်၊ နင့်သက်သေလိမ့်မည်။
  • ဘယ်နှစ်ဘယ်လ၊ ရောက်ခါမှ၊ ကာလမရွေးပြီ။
  • ကြီးငယ်မဟူ၊ ကိုယ့်ရွယ်တူ၊ ခုမူသေလှပြီ။
  • အမှန်သေရိုး၊ ထိုလူမျိုး၊ ကြောက်စိုးရွှံ့သင့်ပြီ။
  • မသွင်းနှလုံး၊ အသင့်ရှုံး၊ ပျက်ပြုန်းလှလေပြီ။
  • ခန္ဓာကြွေလျှော်၊ ရှိပြန်သော်၊ ပူဇော်ကောင်းလှပြီ။
  • သွားကျိုးဆံဖြူ၊ ရှိပါမူ၊ ဘယ်သူမကြောက်ပြီ။
  • ဤသည့်မယား၊ ဤသည့်သား၊ မီးဖွားမှန်တော့သည်။
  • ခယ၀ယ၊ ဘိဇ္ဇန၊ ပျက်ကြလှလေပြီ။
  • အပ္ပိယေဟိ၊ ပိယေဟိ၊ ဒုက္ခိကြုံလေပြီ။
  • ဒုက္ခထွေထွေ၊ တပေပေ၊ ခံနေရလေပြီ။
  • နိဗ္ဗာန်သာခေါင်၊ ဘေးမဲ့သောင်၊ ရောက်အောင်ပြုသင့်ပြီ။
  • မပြုပါပဲ၊ နင်ရှောင်လွဲ၊ နင်ဘဲမိုက်လှသည်။
  • ယုတ္တိယုတ္တာ၊ နင်ဆင်ကာ၊ ဟန်သာနင်များသည်။
  • ဘုရားသွားသွား၊ ကျောင်းသွားသွား၊ စိတ်ထားနင်မကြည်။
  • ဒါနသီလာ၊ နင်ပြုခါ၊ စေတနာဇောမကြည်။
  • သို့ပင်ပြုလို၊ နင့်ကုသိုလ်၊ ဘယ်ကိုသွားလိမ့်မည်။
  • လောကုတ္တရာ၊ မြိုက်သြဇာ၊ နင်သာဝေးလှသည်။
  • ဇောစိတ်သန်သန်၊ ကုသိုလ်မှန်၊ နင်ကြံပြုရမည်။
  • သို့ပြုမှသာ၊ သည်ခေမာ၊ နင်သာနီးရမည်။
  • ဤသို့စုံစေ့၊ ပြန်လှန်၍၊ စေ့စေ့နှလုံးတည်။
  • အနမတဂ္ဂ၊ သံသာရ၊ ကြာလှလေကုန်ပြီ။
  • ဂင်္ဂါဝါလု၊ ပမာပြု၊ သဲစုမကပြီ။
  • တဏှာ၏နောက်၊ တကောက်ကောက်၊ လိုက်ထောက်မသင့်ပြီ။
  • တဏှာမြစ်မ၊ ပင်လယ်ဝ၊ နစ်ကြလေကုန်ပြီ။
  • တဏှာလည်းပွား၊ ဒုက္ခများ၊ သွား၍မဆုံးပြီ။
  • တဏှာပို့တင်၊ ပါယ်လေးခွင်၊ လျှင်စွာရောက်လေပြီ။
  • သေမင်းနိုင်ငံ၊ အဖန်ဖန်၊ လိုက်ပြန်ရလေပြီ။
  • ဝေဘူတောင်မျှ၊ ပမာပြ၊ အရိုးမကပြီ။
  • နစ်တုံပေါ်တုံ၊ သုံးပါးဘုံ၊ ကြုံရပြန်လေပြီ။
  • ချမ်းသာမငွေ့၊ ဆင်းရဲတွေ့၊ ငြီးငွေ့သင့်လှပြီ။
  • အ၀ိဇ္ဇန္ဓ၊ သည်မောဟ၊ ညှဉ်းဆဲလှလေပြီ။
  • နီဝရဏ၊ ဆီးတားကြ၊ လမ်းစမဆုံးပြီ။
  • ဂတိငါးပါး၊ ဆုံလည်နွား၊ သွား၍မဆုံးပြီ။
  • ဘ၀တိုင်းသေ၊ သင်္ချိုင်းမြေ၊ ပွားစေလှလေပြီ။
  • လမ်းကောက်လည်းသွား၊ လူအများ၊ အမှားကြိုက်ခဲ့ပြီ။
  • လမ်းကြောင်းမမှန်၊ မြတ်နိဗ္ဗာန်၊ ဧကန်လွဲခဲ့ပြီ။
  • ဘ၀မဆုံး၊ ဒုက္ခတုံး၊ လုံးလုံးမရပြီ။
  • လောကမျက်ရှု့၊ သဗ္ဗညု၊ ယခုရှိရဲ့မင်း။
  • ဘုရားဖြစ်ခါ၊ သာသနာ၊ ရောင်ဝါတ၀င်းဝင်း။
  • မနုဿတ္တ၊ ဒုလ္လဘ၊ ရအောင်ခဲကြမင်း။
  • ဗြဟ္မာ့ပြည်က၊ အပ်ကိုချ၊ မြေကအပ်တစင်း။
  • အပ်သွားချင်းသာ၊ ထိဘွယ်ရာ၊ ပမာမှတ်ကြမင်း။
  • နိယျာနိက၊ မြတ်ဓမ္မ၊ ကြားရခဲ၏မင်း။
  • သဒ္ဒါဗလ၀၊ ဒုလ္လဘ၊ ရအောင်ခဲကြမင်း။
  • အရတော်ခိုက်၊ လူတ၀ိုက်၊ ခဲလိုက်ကြကုန်မင်း။
  • ကိုယ့်ဘို့မရ၊ သည်နောင်တ၊ ဖြစ်တတ်ကြ၏မင်း။
  • ဤသို့ဘ၀၊ ဖြစ်သမျှ၊ ရမည် ခဲ၏မင်း။
  • ထူးမြတ်စွာလှ၊ လူ့ဘ၀၊ နှမြောကြကုန်မင်း။
  • မြတ်သည်ကိုမှ၊ မသိကြ၊ ဗာလနှလုံးသွင်း။
  • ဗာလဖြစ်က၊ လူ့ပါပ၊ ကြာကြကုန်ပြီမင်း။
  • လူဖြစ်ကျိုးမှ၊ မခံရ၊ ရှုံးလှချေ၏မင်း။
  • ဘ၀တိုင်းရှုံး၊ လူ့ကျောက်တုံး၊ စုန်းစုန်းမြုပ်၏မင်း။
  • စုန်းစုန်းမြုပ်ခါ၊ မပေါ်လှာ၊ ကြမ္မာမှောက်၏မင်း။
  • နိဗ္ဗာန်လမ်းစ၊ ဤသို့ပြ၊ မှတ်ကြနှလုံးသွင်း။
  • ကလျာဏမိတ္တ၊ ပဏ္ဍိတ၊ ပေါင်းဖော်ရ၏မင်း။
  • ထိုကလျာဏ၊ ဆိုဆုံးမ၊ လိုက်နာရ၏မင်း။
  • ယောနိသောမန၊ သိကာရ၊ နေ့ည နှလုံးသွင်း။
  • သီလဓုတင်၊ ဆောက်တည်လျှင်၊ သည်တွင်အစမင်း။
  • အလောဘ အဒေါသ အမောဟ နက္ခမ ၀ိဝေက နိဿရဏ၊ ဤခြောက်ဝ၊ အလိုရှိကြမင်း။
  • ရွှေပြည်သနစ်၊ သာသည့်ခေတ်၊ စိစစ်ကြကုန်မင်း။
  • ရွှေပြည်ချမ်းသာ၊ စံချင်ရှာ၊ ဆိတ်ငြိမ်ရာသို့ချဉ်း။
  • အနိစ္စကောင် ဒုက္ခကောင် အနတ္တကောင် အသုဘကောင်၊ ထင်အောင်နှလုံးသွင်း။
  • အနိစ္စတုံး၊ ဒုက္ခတုံး၊ အနတ္တတုံး၊ အသုဘတုံး၊ လုံးလုံးနှလုံးသွင်း။
  • ဤသို့ထင်မှ၊ မဂ်လမ်းစ၊ ရမည်မှတ်စင်းစင်း။
  • မဂ္ဂင်ဖောင်ကြီး၊ တင်၍စီးမှ၊ ပြည်ကြီးအမတ၊ နိရောဓ၊ ရမည်မှတ်ကြမင်း။
  • ယခုဘ၀၊ မသိကြမူ၊ အမတမည်ခေါ်၊ ရွှေပြည်တော်၊ အစော်မနံလျှင်း။

ဓမ္မာစရိယ ဦးဌေးလှိုင် ၏ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများမှ......

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Friday, November 13, 2009

လူဖြစ်ကျိုးနပ်ရန်


ဘုရားအဖြစ်သို့ ရောက်တော်မူ၍ ၄၅-၀ါ ကာလပတ်လုံး ဟောကြားတော်မူအပ်သော ပိဋကတ်သုံးပုံကို အဆီညှစ်၍ အနှစ်သာရကို ထုတ်ယူသည်ရှိသော် ဗောဓိပက္ခိယတရား ၃၇-ပါး ရ၏ ။ ဗောဓိပက္ခိယတရား ၃၇ - ပါးသည် ပိဋကတ်သုံးပုံ၏ အဆီအနှစ်တည်း။ တစ်ဖန် ဗေဓိပက္ခိယတရား ၃၇ - ပါးကို အကျဉ်းချုံးပြန်သည်ရှိသော် ၀ိသုဒ္ဓိ ၇ ပါးဖြစ်၏ ။တစ်ဖန် ၀ိသုဒ္ဓိ ၇ -ပါးကို အကျဉ်းချုံးပြန်သည် ရှိသော် သီလ , သမာဓိ , ပညာ သုံးပါးဖြစ်၏ ။ အဓိသီလ အဓိစိတ္တ အဓိပညာ သာသနာတော်ကြီး သုံးပါး ခေါ်၏ ။ သိက္ခာ သုံးပါးလည်း ခေါ်၏ ။ သီလဆိုသော်လည်း လူတို့မှာ နိစ္စသီလမျိုးကိုသာ ပဓာနအားဖြင့် လိုအပ်၏ ။ နိစ္စသီလမျိုးတို့နှင့် ပြည့်စုံသော သူတို့အား ယခုဘ၀၌ မဂ် , ဖိုလ် , ကိုရနိုင်ရန် ၀ိဇ္ဇာ , စရဏတရားစုတွင် သီလဟူသော စရဏတရား ပြည့်စုံတော့သည်။ ထို နိစ္စသီလမျိုးအပေါ်၌ ဥပေါသထ သီလမျိုး အမွှမ်းတင်နိုင်ပါလျှင် သာ၍ ကောင်းမြတ်တော့သည်။


နိစ္စသီလမျိုးဆိုသည်ကား လူတို့၌ အာဇီဝဋ္ဌမက သီလပေတည်း။ ထိုသီလမျိုးကို ကောင်းစွာ စောင့်ထိန်းရာ၏ ။ ပုထုဇဉ်ဂတိဖြစ်၍ လွန်ကျူးမိပြန်လျှင် ဤအမှု့ကို နောင်ရှောင်ကြဉ်အံ့ဟု ဆောက်တည်က ခဏခြင်း တည်ပြန်၏ ။ နောင်လွန်ကျူးမိပြန်လျှင်လည်း ထိုနည်းတူ ဆေးကြောလျှင် စင်မြဲစင်ပြန်တော့သည်။ ဆေးကြော၍ စင်ပြန်လျှင် သီလနှင့်ပြည့်စုံသူ ဖြစ်ပြန်၏ ။ မခဲယဉ်းလှ ။ နိစ္စသီလမျိုးဖြစ်ခဲ့၍ လွန်ကျူးမိလို့ရှိလျှင်ဘယ်အခါမဆို ခဏခြင်း သုတ်သင်ဆေးကြောမှု အသစ်ဆောက်တည်မှုကို ပြုရသည်။ ယခုကာလ၌ သီလနှင့် ပြည့်စုံသူတို့ကား အလွန်ပေါများကုန်၏ ။ ကသိုဏ်အသုဘ အစရှိသော အာရုံတို့ မနောဒွါရအတွင်း၌ ကွင်းကွင်းကွက်ကွက် ထင်မြင်မှု့ရှိသော သမာဓိသို့ ပေါက်ရောက်ဖူးသောသူ , ရုပ်-နာမ်
်ဓမ္မတို့၏ အနိစ္စလက္ခဏာသို့ ဥာဏ်ပညာ ပေါက်ရောက်ဖူးသော သူတို့ကား အလွန်ရှားပါးလှကုန်၏ ။ အဘယ့်ကြောင့်နည်းဆိုသော် သမထ , ၀ိပဿနာမှု့၏ ဓမ္မန္တရာယ်ကို ပြုတတ်သော မိစ္ဆာဓမ္မတို့ အလွန် ထကြွသောင်းကျန်းသောအခါ ဖြစ်လေသောကြောင့်တည်း။

ဓမ္မန္တရာယ်ကို ပြုတတ်သော မိစ္ဆာဓမ္မဆိုသည်ကား
  • သံသရာဘေးကို ကောင်းစွာမမြင်နိုင်ခြင်း။
  • မဂ်,ဖိုလ်ကို ရထိုက်သော ခေတ်ကာလ မဟုတ်ဟု ထင်မှတ်ခြင်း။
  • ပါရမီအရင့်ကို စောင့်စားခြင်း။
  • ယခုကာလ ရှိကြသူတို့ကို ဒွိဟိတ်ပုဂ္ဂိုလ်ဟုထင်မှတ်ခြင်း။
  • အဓိပဓိဖြစ်သော ရှေးရှေးဆရာကြီးတို့ပင် မဖြစ်နိုင်ကြကုန်ပြီဟု ဆန္ဒ,လုံလဥဿါဟကို စွန့်ထားခြင်း။
စသည်တို့တည်း။ ကုသိုလ်မှု့တို့မည်သည် အဆုံးတိုင်မရောက်သော်လည်း အချည်းနှီး
ဖြစ်နိုင်သော အမှုမျိုးမဟုတ်ကုန်။ ပါရမီ မရှိသေးသူ အားထုတ်လျှင် ပါရမီဖြစ်၏ ။ အားမထုတ်လျှင် ပါရမီ ဖြစ်ခွင့်ကိုမျှ မရပြီ။
ပါရမီ မရင့်သေးသောသူ အားထုတ်လျှင် ပါရမီရင့်ရာ နောက်ဘ၀မှာ ဤသာသနာ၌ပင် မဂ်, ဖိုလ် ရနိုင်၏ ။
အားမထုတ်လျှင် ပါရမီ ရင့်ခွင့်ကိုမျှ မရပြီ။ ပါရမီ ရင့်ပြီးဖြစ်လျှင် ယခုဘ၀၌ပင် မဂ်, ဖိုလ်ကို ရနိုင်၏ ။ အားမထုတ်လျှင် မရပြီ။ ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်သူ အားထုတ်လျှင် နောက်ဘ၀၌ တိဟိတ်ဖြစ်နိုင်၏ ။ အားမထုတ်လျှင် ဘ၀အဆက်ဆက်ပင် ဒွိဟိတ်က တက်ခွင့်မရနိုင်ရာပြီ။ အဟိတ်သို့ လျော့၍ သွားဖို့သာ ရှိတော့သည်။ လောက၌ တစ်ယောက်သောသူသည် ရဟန်းပြုမည် ကြံစည်အားသစ်လျှက် ရှိ၏ ။ တစ်ယောက်သောသူက တစ်သက်လုံးနေနိုင်မှကြံ ၊ မနေနိုင်လျှင် မကြံနှင့်ဟု ဆိုမိတတ်၏ ။ ဓမ္မန္တရာယ်ကို ပြုသည်မည်၏ ။
"စိတ္တုပ္ပါဒမတ္တမ္မိ ကုသလေသု ဓမ္မေသု ဗဟူပကာရံ ၀ဒါမိ" ဟုဟောတော်မူ၏ ။
ကုသလေသု၊ဓမ္မေသု ကောင်းမှု့ကုသိုလ် တရားမျိုးတို့၌ ၊ စိတ္တုပ္ပါဒ မတ္တမ္မိ၊ စိတ်အကြံဖြစ်ကာမျှကိုလည်း၊ ဗဟူပကာရံ၊ ကျေးဇူးဥပကာရ များ မြတ်လှ၏ ဟူ၍ အဟံ ငါဘုရားသည် ၀ဒါမိ ဟောတော်မူ၏ ။
ဒါနကုသိုလ်ကိုလည်းကောင်း၊ ဒါနပြုသူကိုလည်းကောင်း ရှုတ်ချလျှင် ပုညန္တရာယ် ငြိတတ်သည်။ သီလ၊ သမာဓိ၊ ပညာ ကုသိုလ်ကိုလည်းကောင်း၊ အားထုတ်သူကိုလည်းကောင်း ရှုတ်ချလျှင် ဓမ္မန္တရာယ်ငြိတတ်သည်။ ပုညန္တရာယ်
ငြိခဲ့လျှင် နောက်ဘ၀တို့၌ တန်ခိုးအရှိန်အ၀ါ ဥစ္စာဓန ကင်းရှင်း၍ ဆင်းရဲအတိ ဖြစ်တတ်သည်။ ဓမ္မန္တရာယ် ငြိခဲ့လျှင် နောက်နောက် ဘ၀တို့၌ သီလသိက္ခာ၊ အလိမ္မာ ကင်းရှင်း၍ ယုတ်ညံ့ခြင်းအတိ ဖြစ်တတ်သည်။ သတိမူကြကုန်လေ။ယခုအခါ သာသနာတွင်း၌ ကြုံကြိုက်ကြကုန်သော သူအပေါင်းတို့အား ပြဆိုခဲ့ပြီးသော မိစ္ဆာဓမ္မတို့ကို ပယ်ရှင်း၍ ယခုဘ၀၌ပင် အပါယ်သံသရာမှ ကျွတ်ထိုက်လျှင်လည်း ကျွတ်စေရမည်။ မကျွတ်ထိုက်လျှင်လည်း နောက်ဘ၀၌လည်းကောင်း၊ နောက်ဘုရားသာသနာ၌လည်းကောင်း၊ ကျွတ်လွတ်နိုင်ရန် သမထ, ၀ိပဿနာ ပါရမီမျိုးစေ့ကို အောင်မြင်စွာ ရစေရမည်ဟု ထက်သန်သောဆန္ဒ , ၀ိရီယဖြင့် သမထအလုပ် , ၀ိပဿနာအလုပ်များကို ယောင်္ကျား , မိန်းမ အားထုတ်ကြမှသာ ဘ၀အခြေနေနှင့် လူဖြစ်ကျိုးနပ်ရန်ကို ပြဆိုခန်းပြီး၏ ။
်လယ်တီဆရာတော်ဘုရားကြီး ၏ ဗောဓိပက္ခိယဒီပနီကျမ်း မှ.........

:မြတ်သော ဘုရားအလောင်းစသည်တို့၏ ဥစ္စာဖြစ်သောကုသိုလ်ကံတရား
:ကုသိုလ်၏ အနှောက့်အယှက်
:တရား၏ အနှောက့်အယှက်

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဗုဒ္ဓ၏ထူးခြားချက်များ


ဗုဒ္ဓသည် မိုးရာသီတွင် နားနေ၍ အခြားအခါကာလများတွင် တစ်နေရာမှ တစ်နေရာသို့  ခရီးလှည့်လည်ပြီးလျှင် တရားဟောတော်မူလေ့ရှိ၏။ တစ်ခါတစ်ခါရံတွင်မူ သာဝတ္တိ၊ ဝေသာလီစသောမြို့ ကြီးများတွင် သီတင်းသုံးတော်မူ၏။ မဇ္ဇျိမနိကာယ် အရိယပရိသေသနသုတ်၏ နိဒါန်းတွင် ဗုဒ္ဓသည် သာဝတ္တိမြို့ တွင် သီတင်းသုံး နေတော်မူစဉ် တစ်နေ့ တာ မည်သို့  ကုန်လွန်စေပုံကို ဖော်ပြထား၏။

တနေ့ သော နံနက်စောစောတွင် ဗုဒ္ဓသည် သင်းပိုင်ကိုပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူပြီးလျှင် မြို့ တွင်းသို့  ဆွမ်းအလို့ ငှာ ကြွသွား၏။ ထိုအခါ ရဟန်းတို့ သည် အရှင်အာနန္ဒာအား ဘုရားရှင်၏ တရားစကားကို မိမိတို့  မကြားနာရသည်မှာ ကြာပြီဖြစ်၍ ကြားနာလို ကြောင်း လျှောက်ကြ၏။ အရှင်အာနန္ဒာက ရဟန်းတို့ အား ဒမ္မကပုဏ္ဏား၏ ကျောင်းသင်္ခမ်းသို့ သွား၍ နေကြရန်ပြော၏။ ရဟန်းတို့ သည် ထိုကျောင်းသို့ သွားကြ၏။ ဗုဒ္ဓသည် ဆွမ်းစားပြီးလျှင် အရှင်အာနန္ဒာကိုခေါ်၍ ပုဗ္ဗာရုံကျောင်းသို့ ကြွသွားတော်မူ၏။ ထိုကျောင်းတွင် တစ်နေကုန် နေတော်မူပြီးသော် အရှင်အာနန္ဒာနှင့်အတူ ရေချိုးဆိပ်သို့  ကြွသွား၍ရေသပ္ပာယ်တော်မူ၏။ ရေသပ္ပာယ်ပြီးသောအခါ အရှင်အာနန္ဒာက ဘုရားရှင်အား ဒမ္မကပုဏ္ဏား၏ကျောင်းသို့  ကြွတော်မူရန် ပန်ကြား၏။ ဗုဒ္ဓသည် ထိုကျောင်းသို့  ကြွသွား၏။
ရဟန်းတို့ သည် တရားစကားဖြင့် စည်းဝေးနေကြ၏။ ဗုဒ္ဓသည် တံခါးမုခ် အပြင်ဘက်တွင်ရပ်လျှက် စကားအဆုံးကိုဆိုင်းငံ့နေတော်မူ၏။ စကားဆုံးလတ်သော် ချောင်းဟန့် ၍ တခါးရွက်ကို ခေါက်၏။ ရဟန်းတို့ က တံခါးကိုဖွင့်၍ ဗုဒ္ဓသည် ခင်းထားအပ်သောနေရာတွင် ထိုင်ပြီးလျှင် “ရဟန်းတို့ ၊ ယခု ငါဘုရား ကြွလာသောအခါ အဘယ်စကားဖြင့် သင်တို့ စည်းဝေး၍ ဟောပြောနေကြကုန်သနည်း” ဟု မေး၏။ ရဟန်းတို့ က မြတ်စွာဘုရားအကြောင်းကို ပြောဆိုနေကြပါသည်ဟု လျှောက်ထားကြသော် ဗုဒ္ဓသည် မိမိ ဘုရားမဖြစ်မီက ကြုံတွေ့ ခဲ့ရပုံများကို ပြောပြလို၍ အရိယပရိယေသနသုတ်ကို ဟောတော်မူ၏။
ထိုတရားပွဲများတွင် တခါတရံ ရဟန်းတပါးသည် နေရာမှထ၍ လက်အုပ်ချီကာ ဗုဒ္ဓအား အခွင့်ပန်ကြားပြီးနောက် မိမိသိလိုသော အချက်ကို မေးလျှောက်လေ့ရှိ၏။ တရားပွဲများသည် အတော်ညဥ့်နက်မှ ပြီးဆုံး၏။ ဘုရားရှင် ပင်ပန်းညောင်းညာသောအခါ အရှင်အာနန္ဒာ၊ အရှင်သာရိပုတ္တရာစသော တပည့်မထေရ်ကြီးများက ဆက်လက်၍ ဟောပြောကြ၏။
ဗုဒ္ဓနှင့် ရဟန်းသံဃာတို့ ၏ စည်းဝေးပွဲများသည် အလွန်တိတ်ဆိတ်သော စည်းဝေးပွဲများဖြစ်၏။ သာမညဖလသုတ်တွင် အဇာတသတ်မင်းသည် ဘုရားရှင်အားဖူးမြှော်ရန် ဆရာဇီဝကနှင့်အတူ ကျောင်းတော်သို့ သွား၏။ အချိန်ကား ညချမ်းအချိန်ဖြစ်၏။ ဘုရင်သည် ကျောင်းအနီးသို့ ရောက်သောအခါ ကြက်သီးမွေးညင်းထ၍ ထိတ်လန့် သွား၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ဗုဒ္ဓသည် ရဟန်းသံဃာ ၁၅၀၀ နှင့်အတူ ကျောင်းတိုက်ထဲတွင် သီတင်းသုံးနေတော်မူသော်လည်း ချောင်းဆိုးသံ၊ ချေသံ တစ်ချက်မျှမကြားရပဲ အလွန်တိတ်ဆိတ်နေသောကြောင့်ဖြစ်၏။ ဇီဝက က အားပေးနှစ်သိမ့်မှ အဇာတသတ်မင်းသည် ကြောက်စိတ်ပြေ၍ ကျောင်းထဲသို့ ဝင်ပြီးနောက် ဗုဒ္ဓကို ဖူးမြော်လေသည်။
ဗုဒ္ဓသည် တိတ်ဆိတ်မှု့ကို နှစ်သက်၏။ တစ်ခါတစ်ရံ ဆွမ်းစားပြီးလျှင် တောထဲသို့ ကြွသွား၍ သစ်ပင်များအောက်တွင် နေတော်မူလေ့ရှိ၏။ ရဟန်းတို့ အား စကားပြောလျှင် တရားစကားကို သာပြောကြရန်၊ သို့ မဟုတ် ဆိတ်ဆိတ်နေရန် မကြခဏ သတိပေး၏။ တခါသော် ဗုဒ္ဓကိုဖူးမြှောက်ရန် ရောက်လာကြသော ရဟန်းတို့ သည် အချင်းအချင်း အော်ဟစ်ပြောဆို၍ ဆူညံလှသဖြင့် ကျောင်းမှ နှင်ထုတ်ခံကြရ၏။ (မဇ္ဇျိမ နိကာယ် ၊ စာတုမသုတ်)။ တိတ်ဆိတ်မှုကို ဗုဒ္ဓ နှစ်သက်ကြောင်း လူအများသိကြ၏။ ပရိဗိုဇ်တို့ သည် ဆူညံစွာ စကားပြောနေကြစဉ် အဝေးမှလာသော ဗုဒ္ဓ၀ါဒီတစ်ဦးကိုမြင်သော် အချင်းတို့ အသံမပြုကြကုန်လင့်၊ ဗုဒ္ဓ၏ တပည့်သည် လာနေ၏။ သူတို့သည် တိတ်ဆိတ်မှုကို နှစ်သက်၏ဟု အချင်းအချင်း သတိပေး၍ ဆိတ်ဆိတ်နေကြ၏။ (အင်္ဂုတ္တရ-ကိံဒိဠိကသုတ်)
ဗုဒ္ဓ၏ ရုပ်သွင်ပြင် လက္ခဏာကို ယခုခေတ် လူတို့ စိတ်ကူးဖြင့် ခန့် မှန်းကြည့်ရန် ခဲယဉ်း၏။ အဘယ်ကြောင့်ဆိုသော် ရှေးအကျဆုံး ဗုဒ္ဓရုပ်ဆင်းတုများသည် ဂရိ(ခေါမ) လက်ရာများကို အခြေပြုထား၍ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးသည့်နောက် နှစ်ပေါင်းအတော်ကြာသည့် တိုင်အောင် ဗုဒ္ဓရုပ်တုများ ထုလုပ်ကိုးကွယ်သော အလေ့အထ မရှိခဲ့ချေ။ အင်္ဂလိပ်ပညာရှင် ဆာချားစအဲလီး၏ ထင်မြင်ချက်ကို ဖော်ပြရမည်ဆိုသော် “သူတော်သူမြတ်အသွင် ပြထားသော ဗုဒ္ဓ၏ ရုပ်လက္ခဏာသွင်ပြင်ကို အမှန်အတိုင်း စိတ်ထဲတွင် မြင်လာနိုင်လိမ့်မည်ဟု ကျွန်ုပ် မထင်ပါ။ အိန္ဒိယပြည် ဘားနတ်အရပ်တွင် တွေ့ ရသော လုလင်ပျိုအသွင် ထုလုပ်ထားသည့် ဗုဒ္ဓရုပ်ထုများသည်သာလျှင် ဗုဒ္ဓ၏ နဂိုဥပဓိရုပ်ကို အတော်အတန်မှန်ကန်စွာ ဖော်ပြထားသည်ဟု ကျွန်ုပ်ထင်ပါသည်။ ထိုရုပ်ထုများသည် ဂေါတမဗုဒ္ဓ၏ ရုပ်အင်္ဂါလက္ခဏာများကို တိကျမှန်ကန်စွာ ဖော်ပြထားသည်ဟု မဆိုနိုင်စေကာမူ သန်မာတောင်တင်းသော ကိုယ်လုံးကိုယ်ပေါက်နှင် အာဇာနည်စိတ်ဓာတ်ရှိသော နိပေါမင်းသားပျို၏ ရုပ်လက္ခဏာ ပေါ်ထင်လျက် ရှိပါသည်။ ဂေါတမသည် ဗုဒ္ဓ သို့မဟုတ် စကြ၀တေးမင်းဖြစ်ရန် ဇာတာပါသည်ဆိုသော စကားမှာ ယုတ္တိရှိ၏။ အကယ်၍ သူသည် ရဟန်းမပြုခဲ့ပါက နာမည်ကျော် စစ်သူကြီးဖြစ်မည် အမှန်ဖြစ်၏။”
ဗုဒ္ဓသည် ကျန်းမာတောင်တင်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပိဋ္ဋိကတ်စာပေတွင် ထင်ရှား၏။ ဘုရားမဖြစ်မီက ခြောက်နှစ်တိုင်တိုင် ပြင်းထန်သောအကျင့်ကို ဆင်းရဲငြိုငြင်စွာ ကျင့်နိုင်ခဲ့ခြင်း၊ အသက် ၈၀ အထိ တစ်နေရာမှ တစ်နေရာသို့  ခြေလျင်ခရီးလှည့်လည်၍ တရားဟောပြောခြင်း၊ အိုမင်းသောအရွယ်တွင်ရောဂါဝေဒနာအပြင်းအထန် ခံစားရပြီးသည့်နောက်ပင် မိုင်ပေါင်းများစွာဝေးသော ကုသိနာရုံသို့  ခြေလျင်ကြွသွားခြင်း စသည်တို့ ကို ထောက်ချင့်၍ ဗုဒ္ဓသည် ကိုယ်ခန္ဓာ အထူးကြံ့ခိုင်တောင့်တင်းကြောင်း ယုံမှားဖွယ်ရာ မရှိချေ။
ထိုမျှ ထူးထူးခြားခြား ကိုယ်လက်ကျန်းမာတောင့်တင်းမှု့သည် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်၏။ ဗုဒ္ဓသည် အစားသောက်တွင် မယုတ်မလွန် ခြိုးခြံ၏။ ” ရဟန်းတို့ ၊ ငါသည် ညစာမစားသောကြောင့် ကျန်းမာ၍ အနာရောဂါကင်း၏၊ ကိုယ်လက်ကြံ့ခိုင်၍ ချမ်းသာစွာနေရ၏၊” (မဇ္ဇိမနိကာယ်၊ ကိဋ္ဋာဂီရိသုတ်)။ လောကတွင် ကျန်းမာ၍ အသက်ရှည်သောသူတို့ သည် အများအားဖြင့် ဘ၀ရည်ရွယ်ချက် တစ်ခုခုရှိ၍ မနားမနေ အလုပ်လုပ်သောသူများ ဖြစ်၏။ ဗုဒ္ဓသည် လူသတ္တ၀ါတို့ ကို သံသရာဝဋ္ဋ်ဆင်းရဲ မှ ကယ်ချွတ်ရန် ရည်ရွယ်၍ ပရိနိဗ္ဗာန်ပြုခါနီးသောအခါတွင်ပင် သုဘဒ်ရဟန်းအား ဟောပြောဆုံးမတော်မူခဲ့သေးသည် မဟုတ်ပါလော။
ဗုဒ္ဓအား အထူးကျန်မာ အသက်ရှည်စေသော အဓိကအကြောင်းအရာမှာ ကိလေသာမီးအားလုံး ငြိမ်းသတ်ပြီး၍ ထာဝရ စိတ်ငြိမ်းချမ်းမှု့ဖြစ်၏။ တခါသော် ဗုဒ္ဓသည် အာဠ၀ီပြည် နွားတို့ သွားရာဖြစ်သော လမ်းနံဘေးရှိ ရင်းတိုက်တောအတွင်း သစ်ရွက်အခင်းနှင့် သီတင်းသုံးနေတော်မူ၏။ ဟတ္တားအာဠ၀က မင်းသားသည် လှည့်လည်သွားလာရင်း ဗုဒ္ဓကိုမြင်လေသော် အနီးသို့  ချဉ်းကပ်ပြီးလျှင် “မြတ်စွာဘုရား၊ အရှင်ဘုရားသည် ချမ်းသာစွာ အိပ်စက်တော် မူရပါ၏လော” ဟု မေးလျှောက်၏။ ဗုဒ္ဓက “မင်းသား၊ ငါသည် ချမ်းသာစွာ အိပ်ရပေသည်” ဟုပြန်ပြော၏။
ထိုအခါ မင်းသားသည် များစွာအံ့အြ၍ “အရှင်ဘုရား၊ ယုခုအချိန်သည် ဆောင်းဥတုဖြစ်၍ အလွန်အေးချမ်းလှပါ၏။ မြေသည် နွားခွာရာတို့ဖြင့် ကြမ်းတမ်းလှပါ၏။ သစ်ရွက်အခင်းသည် ပါးလွန်းလှပါ၏။ သစ်ပင်မှ သစ်ရွက်တို့ သည် ကျဲကျဲရဲရဲ ရှိကြပါကုန်၏။ အရပ်လေးမျက်နှာမှ အေးမြသောလေတိုက်ခတ်နေ၍ ဆီးနှင်းတို့ သည် တဖွဲဖွဲကျလျက်ရှိပါ၏။ သို့ ဖြစ်ပါလျက် ငါသည် ချမ်းသာစွာ အိပ်ရသည်ဟု အရှင်ဘုရားမိန့့် တော်မူဘိ၏” ဟုလျှောက်၏။ ထိုအခါ ဗုဒ္ဓက လောကတွင် ကာမဂုဏ်ခံစား၍ နူးညံ့သောနေရာ အိပ်ရာတွင် အိပ်ရသော်လည်း ကိလေသာမီး တောက်လောင်နေသောသူသည် ချမ်းသာစွာ အိပ်ရမည်မဟုတ်ကြောင်း၊ မိမိမှာ ကိလေသာရာဂမီး ပယ်သတ်ပြီးပြီးဖြစ်၍ မည်သည့်နေရာမျိုးတွင်မဆို ချမ်းသာစွာ အိပ်စက်ရကြောင်း မိန့် တော်မူလေသည်။ (အဂုင်္တ္တရနိကာယ်၊ တိကဒဟတ္တာဠ၀ကသုတ်)
ဗုဒ္ဓ၏ စိတ်ငြိမ်းအေးချမ်းသာမှုသည် ရုပ်လက္ခဏာအဆင်းသဏ္ဍာန်တွင် အမြဲထင်ဟပ်ပေါ်လွင်နေမည်ဖြစ်၏။ သို့ ဖြစ်၍ ဗုဒ္ဓကို ပထမအကြိမ်တွေ့ မြင်ရသော ဥပက တက္ကတွန်းက “ငါရှင်၊ သင်သည် မည်သူဖြစ်သနည်း၊ သင်၏ အိနြေ္ဒတို့ သည် ကြည်လင်လှ၏ ၊ အရေအဆင်းသည် စင်ကြယ်၍ ပြိုးပြိုးပြက်ပြက်ရှိ၏ ” ဟု ဆို၏။ ဗုဒ္ဓကို ဆေးဖော်ကြောဖက် မလုပ်ဘဲနေရန်ဆုံးဖြတ်ထားသော ပဉ္စ၀ဂ္ဂီငါးဦးသည် ဗုဒ္ဓကိုမြင်ရုံနှင့်ပင် မိမိတို့ ၏ ဆုံးဖြတ်ချက်ကို မေ့လျော့၍ ခရီးဦးကြို ပြုကြ၏။
ဗုဒ္ဓ၏ တင့်တယ်ခန့် ညားသော ဥပဓိရုပ်ကြောင့် တစ်ကြိမ်မြင်ကာမျှနှင့် ကြည်ညိုသောသူများ ရှိသည်နည်းတူ ဗုဒ္ဓ၏ သီလဂုဏ်၊ သမာဓိဂုဏ်သတင်းကို ကြားကာမျှနှင့် ကြည်ညိုသောသူများမှာလည်း မနည်းလှချေ။ ပေါက္ခရသာတီ၊ သောဏဒန္တ စသော အလွန်ဇာတ်ကြီး၊ မာနကြီးသည့် ဗြဟ္မာဏခေါင်းဆောင်တို့ သည်ပင် ဗုဒ္ဓ၏ ဂုဏ်သတင်းကို ကြားရုံမျှနှင့် သွားရောက် ဖူးတွေ့ လိုသော ဆန္ဒဖြစ်ပေါ်လာကြ၏။ ပါဠိပိဋ္ဋကတ်၌ ဗုဒ္ဓအား အထူးလှိုက်လှိုက်လှဲလှဲ ကြည်ညိုသော ပုဂ္ဂိုလ်နှစ်ဦးမှာ ဗြဟ္မာယုအမည်ရှိ ဇာတ်ကြီး ဗြဟ္မာဏတစ်ဦးနှင့် ပသေနဒီကောသလမင်းတို့ ဖြစ်၏။ သူတို့ သည် ဗုဒ္ဓထံ သို့ လာ၍ ဖူးမြော်သောအခါ၌ ဗုဒ္ဓ၏ ခြေတို့ ကို လက်ဖြင့် ဆုပ်နယ်ပွတ်သပ်၍ ပါးစပ်ဖြင့် အထပ်ထပ် နမ်းရှုပ်ကြလေသည်။ (မဇ္ဇိမနိကာယ်၊ ဗြဟ္မာယုသုတ်နှင့် ဓမ္မ စေတီယသုတ်)
ကောသလမင်းသည် ဓမ္မစေတီယသုတ်၌ ဗုဒ္ဓကို လူတို့ မည်မျှကြည်ညိုလေးစားကြောင်း လျှောက်ကြား၏။ ဗုဒ္ဓ၏တရားပွဲ၌ တရားနာပရိသတ်မှာ ဗုဒ္ဓကို အလွန်လေးစား၍ တိတ်ဆိတ်စွာ တရားနာကြားသောကြောင့် တစ်စုံတယောက်ချောင်းဟန့် သံ၊ တံတွေးထွေးသံကို ဘယ်အခါမျှ မကြားရပါ။ တခါသော် မိမိသည် မှူးမတ်ဗိုလ်ပါများနှင့် ခရီးထွက်သွား၍ ညစခန်းချသောအခါ ဣိသိဒတ္တ နှင့် ပုရာဏအမည်ရှိ အမတ်ကြီးနှစ်ဦးသည် မိမိတို့ ၏ အရှင်သခင် ဘုရင်ရှိရာဘက်ကိုခြေပြု၍ ဗုဒ္ဓရှိရာအရပ်ကိုကား ခေါင်းပြုလျက် အိပ်ကြပါသည်ဟု လျှောက်ထား၏။
ပရိဗိုလ်တစ်ဦးကလည်း ရဟန်းဂေါတမသည် အရာမကများစွာသော ပရိသတ်အား တရားဟောနေစဉ် တစ်စုံတယောက်သောသူမျှ ချေဆတ်ခြင်း၊ ချောင်းဟန့် ခြင်း မပြုပဲ ရိုသေစွာ တရားကြားနာကြပါသည်။ သိက္ခာချ၍ လူထွက်ကုန်သောတပည့်တို့ သည် ရဟန်းဂေါတမ၏ ဂုဏ်ကျေးဇူးကို သာလျှင်ဆိုလေ့ရှိသည်။ သူတပါးကို မကဲ့ရဲ့ ပဲ မိမိတို့  ကိုယ်ကိုသာ ကဲ့ရဲ့ ကြပါသည် ဆို၏။ (မဇ္ဖိမနိကာယ်၊ မဟာသကုလုဒါယီသုတ်)
ဤသို့ များစွာသော လူတို့ ၏ ကြည့်ညိုလေးစားခြင်းကိုခံရသော်လည်း ဗုဒ္ဓသည် မိမိအား လွန်လွန်ကဲကဲ ပုဂ္ဂိုလ်စွဲကြည်ညိုမှုကို လုံးဝမလိုလားချေ။ မိမိအား အလွန်အမင်းကြည်ညိုသော ၀က္ကလိရဟန်းအား မိန့် ကြားချက်သည် ရှင်လင်းပြတ်သား၏။ “၀က္ကလိ၊ ဤအပုပ်ကောင်ကို ဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း။ ၀က္ကလိ၊ တရားကိုမြင်သောသူသည် ငါဘုရားကို မြင်သည်မည်၏။ ” (သံယုတ္တနိကာယ်၊ ခန္ဓသံယုတ်၊ ၀က္ကလိသုတ်)
စင်စစ်ဗုဒ္ဓသည် ကမ္ဘာ့သမိုင်း၌ အာဏာရှင်၊ နိုင်ငံရေး ဘာသာရေးခေါင်းဆောင်များ အားပေးလေ့ရှိသော ပုဂ္ဂိုလ်ကိုးကွယ်မှုကို အတိအလင်း ဆန့် ကျင်သည့် ရှေးဦးပထမ ပုဂ္ဂိုလ်ဖြစ်သည်ဆိုက မှားမည်မဟုတ်ချေ။ ဤအကြောင်းနှင့်ပတ်သတ်သော ဗုဒ္ဓမိန့် ကြားချက်များကို ရှေ့၌ပြဆိုပါအံ့။
ဗုဒ္ဓသည် မိမိအား အလွန်အမင်း ချီးကျုးပူဇော်မှု့ကိုလည်း မနှစ်သက်ချေ။ တခါသော် ဗောဓိမင်းသားသည် ဗုဒ္ဓအား နန်းတော်သို့ ဆွမ်းစားရန် ပင့်ဖိတ်၍ ဗုဒ္ဓ ကြွလာမည့်လမ်း၌ အဖိုးတန် ကမ္ဗလာပုဆိုးဖြူကို ခင်းထား၏။ ဗုဒ္ဓသည် ကြွလာ၍ ပုဆိုးဖြူခင်းထားသည်ကို မြင်သော် ရှေ့ ဆက်မသွားပဲ ရပ်တန့် ၍နေ၏။ မင်းသားက ပုဆိုးဖြူကိုအခင်းအားလုံးကို ရုပ်သိမ်းပြီးသောအခါမှ နန်းတွင်းသို့  ၀င်တော်မူ၏။ (မဇ္ဇိမနိကာယ်၊ ဗောဓိရာဇကုမာရသုတ်)
လူအများ၏ ချီးကျူးပူဇော်ခြင်း ခံရသော်လည်း တစ်ခါတစ်ရံ ဗုဒ္ဓသည် မိမိကိုယ်ကို နှိမ့်ချ၍ ပြောလေ့ရှိ၏။ ပရဗိုဇ်တစ်ဦးက ဗုဒ္ဓသည် အစစအရာရာ၌ ခြိုးခြံစွာ ကျင့်နိုင်ပါပေသည်ဟု ချီးကျူး၏။ ထိုအခါ ဗုဒ္ဓက မိမိ၏ ခြိုးခြံမှုမှာ အချို့ သော တပည့်ရဟန်းတို ၏ ခြိုးခြံစွာကျင့်မှုနှင့်စာသော် ဘာမျှမပြောပလောက်ပါ။ ထိုတပည့် ရဟန်းတို့ က မိမိထက်သာလွန်၍ ခြိုးခြံစွာ နေထိုင်စားသောက်ကြပါသည်ဟု မိန့် ကြား၏။ (မဇ္ဇိမနိကာယ်၊ မဟာသကုလုဒါယီသုတ်)
တစ်နေ့ သောညနေချမ်း၌ ဗုဒ္ဓသည် ရဟန်းများနှင့်အတူ ထိုင်လျက်ရှိစဉ် “ရဟန်းတို့ ၊ သင်တို့ သည် အကယ်၍ ငါ၌ ကိုယ်နှင့် နှုတ်နှင့် စပ်သော အပြစ်တစုံတရာတွေ့ မြင်ခဲ့ပါက ငါအား လျှောက်ထားကြကုန်လော့” ဟု မိန့် တော်မူ၏။ (သဂါထာသဂ္ဂသံယုတ်၊ ၀ င်္ဂီသသုတ်)
ပိဋကတ်စာပေ၌ ဗုဒ္ဓ၏ စိတ်သဘောထားမြင့်မြတ်မှု၊ သနားကြင်နာမှု၊ ထောက်ထားစာနာမှုစသော ဂုဏ်များကိုအထူး ပေါ်လွင်ထင်ရှားစေသော ပါဠိတော်မှာ ဒိဃနိကာယ်မှ မဟာ ပရိနိဗ္ဗာနသုတ်ဖြစ်၏၊ ဤနေရာ၌ ဗုဒ္ဓ၏ စိတ်ဓာတ်မြင့်မြတ်မှုကို ထင်ဟပ်နေသော နောက်ဆုံးမိန့် ကြားချက်များကို ဖော်ပြပါအံ့။
ဗုဒ္ဓသည် ရွှေပန်းထိမ်သည်သား စုန္ဒ၏ ၀က်သားဟင်းကို ဘုဉ်းပေးပြီးနောက် ၀မ်းသွေးသွန်ရောဂါ အပြင်းအထန် ခံစားရ၏။ သို့ ရာတွင် စုန္ဒအား စိတ်မကောင်းမဖြစ်စေလိုသောကြောင့် ဘုရားရှင် နောက်ဆုံးဘုဉ်းပေးသောဆွမ်းသည် အခြားဆွမ်းတို့ ထက် အကျိုးအာနိသင် ကြီးမားသည်ဟု ဘုရားရှင်၏ မျက်မှောက်မှ ကြားလိုက်ရကြောင်း ပြောပြ၍ စုန္ဒ၏ နှလုံးမသာခြင်းကို ဖြေဖျောက်ရန် အရှင်အာနန္ဒာအား မှာကြားတော်မူခဲ့၏။
အရှင်အာနန္ဒာက ဗုဒ္ဓသည် ပရိနိဗ္ဗာန် မစံဝင်မီ တပည့်သံဃာတို့ အတွက် တစ်စုံတစ်ရာ မှာကြားတော်မူခဲ့လိမ့်မည်ဟု မိမိ ယုံကြည်ပါကြောင်း လျှောက်ထား၏။ ထိုအခါ ဗုဒ္ဓမိန့် ကြားသော စကားမှာ အောက်ပါအတိုင်းဖြစ်၏။
“အာနန္ဒာ၊ ငါဘုရားအား သင်တို့ အဘယ်ကြောင့် ဤမျှလောက် တောင့်တနေ ဘိသနည်း။ ငါသည် တရားဓမ္မကို အကြွင်းမဲ့ ဟောကြားခဲ့ပေပြီ။ သင်တိုသည် ငါ၏ နောက်လိုက်ဖြစ်သည်၊ ငါသည် သင်တို့ ၏ ခေါင်းဆောင်ဖြစ်သည်ဟု ငါမယူဆခဲ့ချေ။ အာနန္ဒာ၊ ငါသည် ယခု အိုမင်း၍ ဘ၀ခရီး၏ အဆုံးပိုင်းသို့ ရောက်ရှိနေပေပြီ၊ ထို့ ကြောင့် သင်တို့ သည် မိမိကိုယ်သာ မှီခိုကိုးကွယ်ရာပြု၍ နေကြကုန်လော့။ တရားမှတပါး မှီခိုကိုးကွယ်ရာမရှိဘဲ တရားသာလျင် မှီခို ကိုးကွယ်ရာ ရှိသည်ဖြစ်၍ နေကြကုန်လော “
တစ်နေရာ၍ အရှင်သာရိပုတ္တရာက သဗ္ဗညုတဉာဏ်အရာ၌ မြတ်စွာဘုရားထက် သာလွန်၍သိသော သမဏဗြာဟ္မဏသည် ရှေးကမရှိခဲ့၊ နောင်ရှိမည်လည်း မဟုတ်၊ ယခုလည်းမရှိဟု ကျွနိုပ် ယုံကြည်ပါသည်ဟု လျှောက်၏။ ထိုအခါ ဗုဒ္ဓက ” သာရိပုတ္တရာ၊ သင်သည် ပွင့်ပြီး၊ ပွင့်ဆဲ၊ ပွင့်လတ္တံ့ သော ဘုရားရှင်တို့ ၏ စိတ်ကို သင်၏ ဥာဏ်ဖြင့် ပိုင်းခြား၍ မသိပါဘဲလျက် အဘယ်ကြောင့် ဤသို့ ကြီးကျယ် ခန့်ညားလှသော၊ တိကျလှသော စကားကို ဆိုဘိသနည်း” ဟု မိန့် တော်မူ၏။
ကုသိနာရုံဥယျာဉ်၌ ပရိနိဗ္ဗာန်စံဝင်ခါနီးတွင် နတ်ဗြဟ္မာများစွာတို့ သည် လာရောက်၍ ဗုဒ္ဓအား ပူဇော်ကြ၏။ ထိုအခါ ဗုဒ္ဓက “အာနန္ဒာ၊ နတ်ဗြဟ္မာတို့ သည် ဤသို့ ပူဇော်ကာမျှဖြင့် ငါဘုရားအား မြတ်နိုးသည် မမည်သေး၊ အကြင်ဥပါသကာ ဥပါသိကာမ တို့ သည်လည်းကောင်း၊ ရဟန်းယောင်္ကျား၊ ရဟန်းမိန်းမတို့ သည် လည်းကောင်း ငါဟောကြားအပ်သောတရားနှင့်အညီ ကျင့်ကြံနေထိုင်ကြ၏။ ထိုသူတို့သည်သာလျင် ငါဘုရားကို ချစ်ကြည်မြတ်နိုး ရှိခိုးပူဇော်ကြသည်မည်၏” ဟု မိန့် တော်မူသည်။ အရှင်အာနန္ဒာက “အရှင်ဘုရား၊ ကိုယ်တော်မြတ်နိဗ္ဗာန်လားခဲ့သော် အလောင်းတော်အား ကျွန်ုပ်တို့  ပြုဖွယ်ကိစ္စကို အဘယ်သို့  ပြုရပါအံ့နည်း ” ဟု မေးလျှောက်၏။ ထိုအခါ ဗုဒ္ဓက ” အာနန္ဒာ ၊ ငါဘုရား၏ အလောင်းတော်ကို မီးပူဇော်ခြင်းစသည်တို့ ၌ သင်တို့  မကြောင့်ကြကုန်လင့်။ မိမိ၏ အစီးအပွားဖြစ်သော အရဟတ္တဖိုလ်ရခြင်းငှာသာ များစွာလုံ့ လပြုကြကုန်လော ” ဟု မိန့် တော်မူ၏။
ပရိနိဗ္ဗာန် စံဝင်ခါနီး၌ ဗုဒ္ဓသည် အရှင်အာနန္ဒာအား “အာနန္ဒာ၊ ငါ၏ တပည့် ရဟန်းသံဃာတို့ သည် ငါ ပရိနိဗ္ဗာန်စံဝင်သောအခါ ငါဘုရားမရှိပြီ၊ ငါလွန်ပြီဟု ထင်မှတ်ကြပေလိမ့်မည်။ ထိုသို့  မထင်မှတ်သင့်။ ငါဟောသောတရားသည် ငါလွန်သောအခါ သင်တို့ ဆရာဖြစ်လတ္တံ့ ။ ထို့ ကြောင့် ငါလွန်သောအခါ ငါရှိသည် ဟုသာ ကောင်းစွာမှတ်အပ်၏” ဟု မိန့် ကြား၍ ရဟန်းတို့ အား မိမိ၏ တရား၍ တစ်စုံတစ်ရာယုံမှားရှိလျှင် မိမိမလွန်မီ မေးလျှောက်ကြရန်၊ သတိပေး၏။ သို့ ရာတွင် ရဟန်းတို့ က မည်သို မျှ မမေးလျှောက်ကြချေ။ ထို့နောက် ဗုဒ္ဓသည် “ရဟန်းတို့ ၊ သင်္ခါရတရားတို့သည် ပျက်စီးတက်သော သဘောရှိကြကုန်၏။ သင်တို့ သည် မမေ့မလျော့သော သတိဖြင့် ကျင့်ကြံအားထုတ် ကြကုန်လော” ဟုနောက်ဆုံး မိန့် ကြားပြီးလျှင် ပရိနိဗ္ဗာန်ပြုတော်မူ၏။
ဗုဒ္ဓ၏ နောက်ဆုံးဘ၀ ဖြစ်စဉ်များကို ဖော်ပြသော မဟာပရိနိဗ္ဗာနသုတ်သည် အခြားသုတ်များထက် ရှည်လျှား၍ အလွန်ထူးခြား မှတ်သားဖွယ်ကောင်းသောသုတ်ဖြစ်၏။ လောက၌ နဂိုမူလက စိတ်ကောင်းနှလုံးကောင်းရှိသော သူတို့ သည်ပင် အိုမင်းသောအရွယ်၌ ကျန်းမာရေး များစွာယိုယွင်းပျက်ပြားမှု့ မရှိစေကာမူ အများအားဖြင့် စိတ်ဓာတ်ယိုယွင်း ဆုတ်ယုတ်လာကြ၏။ ငါစွဲကြီးမား၍ သူတပါးအပေါ် ဆရာလုပ်လိုခြင်း၊ သူတပါးကို အပြစ်မြင်၊ အထင်သေးခြင်း၊ စာနာထောက်ထားမှု မရှိခြင်း သူတပါး၏ ဂရုစိုက်မြှောက်စားမှု့ကို လိုလားခြင်း၊ စသော စရိုက်လက္ခဏာများကို ပြတက်ကြ၏။ ဗုဒ္ဓသည်ကား ရောဂါဝေဒနာ ခံစားရ၍ မကျန်းမမာဖြစ်နေသော အသက် ၈၀ အရွယ်၌ပင် မိမိအား အကြောင်းပြု၍ သူတစ်ပါး စိတ်မကောင်းမဖြစ် စေလိုခြင်း၊ သူတစ်ပါးကို အထင်အမြင်မသေးစေလိုခြင်း၊ (အရှင်သာရိပုတ္တရာအား မိန့် ကြားချက်) ပုဂ္ဂိုလ်ကိုးကွယ်မှု မဖြစ်စေလိုခြင်း၊ စသောလက္ခဏာများဖြင့် မြင့်မားသော အာဇာနည်စိတ်ဓာတ်ကို အထင်အရှား ပြသတော်မူခဲ့ပေသည်။
သို့ ဖြစ်၍ ခရစ်ယာန်ဘာသာဝင် ပညာရှင်တစ်ဦးက မဟာပရိနိဗ္ဗာနသုတ်မှာ ကမ္ဘာ့စာပေ၌ အခံ့ညားဆုံး စိတ်အား တက်ကြွဖွယ်အကောင်းဆုံးစာပေတစ်ခု ဖြစ်ပါပေသည် ဟု ရေးသားခဲ့၏။ စင်စစ် မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓသည် နှောင်းလူတို့ က လွန်ကဲသော သဒ္ဒါယုံကြည်စိတ်ဖြင့် ဖန်တီးထားသော အနန္တဘုန်းတော်ရှင် မဟုတ်တော့ပဲ အလွန် စိတ်ဓာတ်မြင့်မြတ်၍ ကြည်ညိုဖွယ်ကောင်းသော ကမ္ဘာ့ စံပြ အာဇာနည်ပုဂ္ဂိုလ်သူမြတ်အဖြစ် ပေါ်လွင်ထင်ရှားလျက် ရှိပေသည်။


Fwd မှ နှစ်သက်သဖြင့် ပြန်လည်ဖော်ပြပါသည်။


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Tuesday, November 10, 2009

တရားနာခြင်း၏အကျိုးငါးပါး


(၁) မကြားနာဖူးသည်ကို ကြားနာရခြင်း။
(၂)ကြားဖူးသည်ကို ဖြူစင်စေခြင်း။
(၃)ယုံမှားမှု့ကို ကူးမြောက်နိုင်ခြင်း။
(၄)အယူကိုဖြောင့်မတ်စွာ ပြုနိုင်ခြင်း။
(၅)စိတ်ကိုကြည်လင်စေခြင်း။



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

အလွန်ကဲဆုံးတရားသုံးပါး

(၁)သတ္တ၀ါတို့အား သုခမဟုတ်ပဲ သုခဟု ဖောက်ဖောက်ပြန်ပြန် ထင်စေတတ်သော
တရားတို့တွင် ဝေဒနာသည် အလွန်ကဲဆုံးဖြစ်၏ ။
(၂)သတ္တ၀ါတို့အား အတ္တမဟုတ်ပဲ အတ္တဟု ဖောက်ဖောက်ပြန်ပြန် ထင်စေတတ်သော
တရားတို့တွင် သညာသည် အလွန်ကဲဆုံးဖြစ်၏ ။
(၃)သတ္တ၀ါတို့အား နိစ္စမဟုတ်ပဲ နိစ္စဟု ဖောက်ဖောက်ပြန်ပြန် ထင်စေတတ်သော
တရားတို့တွင် စိတ်သည် အလွန်ကဲဆုံးဖြစ်၏ ။



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

မတင်းတိမ်ကောင်းသောတရားငါးပါး

(၁)သီလ၀ယ် လုံခြုံတယ်ဟု တင်းတိမ်ရုံမျှ မနေရ၊ စိတ်ချ၍လည်းမနေနှင့်။
(၂)ဗဟုသုတ၀ယ် ပြည့်စုံတယ်ဟု တင်းတိမ်ရုံမျှ မနေရ၊ စိတ်ချ၍လည်းမနေနှင့်။
(၃)သမာဓိဝယ် တည်ကြည်တယ်ဟု တင်းတိမ်ရုံမျှ မနေရ၊ စိတ်ချ၍လည်းမနေနှင့်။
(၄)ဆိတ်ငြိမ်ရာဝယ် နေနိုင်တယ်ဟု တင်းတိမ်ရုံမျှ မနေရ၊ စိတ်ချ၍လည်းမနေနှင့်။
(၅)အနာဂါမ်ဝယ် တည်ပြီကွယ်ဟု တင်းတိမ်ရုံမျှ မနေရ၊ စိတ်ချ၍လည်းမနေနှင့်။



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ကထာဝတ္ထုဆယ်ပါး

(၁) အပိစ္ဆကထာ = အလိုနည်းသည်နှင့်စပ်သောစကား။
(၂) သန္တုဌိကထာ= ရောင့်ရဲခြင်းနှင့် စပ်သောစကား။
(၃) ပ၀ိသေကကထာ= ဆိတ်ငြိမ်သည်နှင့် စပ်သောစကား။
(၄) အသံသဂ္ဂကထာ= ကာမဂုဏ်နှင့် မရောယှက်သည်နှင့် စပ်သောစကား။
(၅) ၀ီရိယရ မ္ဘကထာ= အားထုတ်ခြင်းနှင့် စပ်သောစကား။
(၆) သီလကထာ= သီလနှင့် စပ်သောစကား။
(၇) သမာဓိကထာ= သမာဓိနှင့် စပ်သောစကား။
(၈) ပညာကထာ= ပညာနှင့် စပ်သောစကား။
(၉) ၀ိမုတ္တိကထာ= လွတ်မြောက်ခြင်းနှင့် စပ်သောစကား။
(၁၀) ၀ိမုတ္တိဥာဏဒဿနကထာ= လွတ်မြောက်ရာဖြစ်သော ဥာဏ်နှင့် စပ်သောစကား။



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဆွေးနွေးမေးမြန်းခြင်းခြောက်ပါး

၁။ မသိနားမလည်၍ သဘောရိုးဖြင့် မေးမြန်းခြင်း။
၂။ မိမိ အသိနှင့် တူမတူ သေချာလို၍ မေးမြန်းခြင်း။
၃။ အရည်အချင်း အဆင့်အတန်း သိလို၍ မေးမြန်းခြင်း။
၎။ မိမိအသိဥာဏ်ကို ထင်ရှားပေါ်လွင်စေလို၍ မေးမြန်းခြင်း။
၅။ သူတစ်ပါးကို ချိုးနှိမ်ဖိနှိပ်လို၍ မေးမြန်းခြင်း။
၆။ သူတစ်ပါးအပေါ်၌ ဆရာလုပ်လို၍ မေးမြန်းခြင်း။



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Sunday, November 8, 2009

လူသားအားလုံးထားရှိရမည့် ငြိမ်းချမ်းရေးစိတ်ဓာတ်


Universal Spirituality for Peace
(S.N Goenka at the UN August 29,2000)
ကမ္ဘာ့ဝိပဿနာတရားပြဆရာကြီး ဦးဂိုအင်ကာ
မိတ်ဆွေတော်များ၊ ကမ္ဘာ့လူသားတို့၏ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု့ဆိုင်ရာ ဘာသာရေးခေါင်းဆောင်ကြီးများခင်ဗျာ....
ကျွန်တော်တို့အားလုံး ညီညွတ်စုစည်းပြီး၊ လူသားထုတစ်ရပ်လုံးအတွက် ကောင်းကျိုး
ဆောင်ရွက်နိုင်ဖို့ ဒီလိုထူးခြားတဲ့ အခမ်းအနားမျိုးကို စည်းရုံးစီစဉ်ပေးတဲ့ ပုဂ္ဂိုလ်များကို
ကျေးဇူးတင်ပါတယ်။
ဘာသာရေးဟာ ညီညွတ်နေမှသာ ဘာသာရေးဖြစ်ပါတယ်။ ကွဲပြားနေရင်တော့
ဘာသာရေးဟာ ဘာသာရေး မဟုတ်တော့ပါဘူး။ လူသားတွေကို ကွဲပြားစေတာ
ဘာသာရေး မဟုတ်ပါဘူး။ လူသားတွေကို ညီညွတ်စေမှသာ ဘာသာရေးဖြစ်ပါတယ်။
ယုံကြည်မှု့၊ အတွေးအခေါ်၊ အယူဝါဒ ကူးပြောင်းမှု့နဲ့ စပ်လျဉ်းလို့ "ကူးပြောင်းသင့်တယ်
မကူပြောင်းသင့်ဘူး" ဆိုတာ အများကြီးပြောခဲ့ကြပါပြီ။
ကျွန်တော်ကတော့ ကူးပြောင်းတာကို မဆန့်ကျင်ပါဘူး။
ကူးပြောင်းတာကိုပဲ လိုလားပါတယ်။
ဒါပေမယ့် ကျွန်တော်ပြောချင်တဲ့ ကူးပြောင်းမှု့က ဘာသာအဖွဲ့အစည်း တစ်ခုမှ တစ်ခုသို့
ကူးပြောင်းရေး မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။
  • ဆင်ရဲဒုက္ခ မှ ချမ်းသာသုခသို့ ကူးပြောင်းရေး။
  • အနှောင်အဖွဲ့ မှ လွတ်မြောက်မှု့သို့ ကူပြောင်းရေး။
  • ရက်စက်ကြမ်းကြုတ်မှု့မှ သနားကြင်နာမှု့သို့ ကူပြောင်းရေး သာ ဖြစ်ပါတယ်။
ဒီနေ့ ကမ္ဘာ့လူသားတွေ လိုအပ်နေတဲ့ ကူပြောင်းမှု့ဟာ ဒါပဲဖြစ်ပါတယ်။
ဒီကုလသမဂ္ဂ အဖွဲ့ကြီးက အကောင်အထည်ပေါ်အောင် ဆောင်ရွက်ရမယ့်
အဓိကအချက်ဟာလည်း ဒီကူးပြောင်းရေးပဲ ဖြစ်ပါတယ်။
ဘာသာယဉ်ကျေးမှု့ ခေတ်ဦးထွန်းကားရာ မဇ္စျိမဒေသ အမိနိုင်ငံတော်ကြီးဟာ
ကမ္ဘာ့လူသားတစ်ရပ်လုံး ငြိမ်းချမ်းပြီး အဆင်ပြေ ညီညွတ်ရေး သ၀ဏ်လွှာကိုသာ
ပေးခဲ့တာ မဟုတ်ပါဘူး။
အသိဥာဏ် ပွင့်လင်းပြီးဖြစ်တဲ့ ပုဂ္ဂိုလ်ကြီးများကလည်း ငြိမ်းချမ်းရေး ရအောင်၊
လိုက်လျောညီထွေမှု့ ရရှိအောင် ဘယ်လို လုပ်ယူရမယ်ဆိုတဲ့ နည်းလမ်း၊
နည်းပညာကိုပါ ပေးခဲ့ကြပြီးပါပြီ။
ကျွန်တော့်အနေနဲ့ ပြောရရင် လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံး ငြိမ်းချမ်းရေးကို စဉ်းစား
တဲ့နေရာမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီကို မေ့မထားသင့်ပါဘူး။
လူတစ်ဦးချင်းရဲ့စိတ်မှာ ငြိမ်းအေးမှု့မရှိရင် ကမ္ဘာ့လူသားထုကြီးအတွက် စစ်မှန်တဲ့
ငြိမ်းချမ်းမှု့ကို ဘယ်လိုရရှိနိုင်မယ်ဆိုတာ စဉ်းစားလို့ မရနိုင်တော့ပါဘူး။
ကျွန်တော့်စိတ်က ပူပန်နေရင်၊ အချိန်တိုင်း အချိန်တိုင်း ကျွန်တော့်စိတ်မှာ ဒေါသတွေ၊
အမုန်းပွားမှု့တွေ၊ ရန်လိုမှု့တွေ၊ အာဃာတတွေ ပြည့်နှက်နေမယ်ဆိုရင်
ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးကို ကျွန်တော်ဘယ်လို လုပ်ပေးနိုင်ပါ့မလဲ။
ကျွန်တော်ကိုယ်တိုင်ကမှ ငြိမ်းချမ်းမှု့မရှိ လှုပ်ရှားပူလောင်နေတဲ့သူ ဖြစ်နေလို့ပါပဲ။
ဒါကြောင့် မြင့်မားတဲ့ အသိဥာဏ် ပွင့်ထွန်းရှင်များက "သင်ကိုယ်တိုင် သင့်သန္တာန်မှာ
ငြိမ်းအေးအောင် အရင်လုပ်ပါဦး" လို့ ပြောခဲ့ကြပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဟာ
မိမိ သန္တာန်မှာ တကယ် ရှိ မရှိကို သုံးသပ်ရမှာ ဖြစ်ပါတယ်။
ဒါကြောင့် သတ္တလောကကြီးကို သိမြင်နိုင်တဲ့ ပညာရှိ သူတော်စင် ပုဂ္ဂိုလ်ကြီးများက
"သင်ကိုယ်တိုင် သိအောင်လုပ်ပါ။ သင်ကိုယ်တိုင်သိအောင်လုပ်ပါ" ဆိုတဲ့ သြ၀ါဒကိုပဲ
ပေးခဲ့ကြပါတယ်။
ဒီ အကြံပေးချက်ဟာ ကြံစည်တွေးခေါ်သိ (စိန္တာမယ) အဆင့်မျှသာ မဟုတ်ပါဘူး။
မိမိတို့ ဆန္ဒအလိုက် ရိုးရာယုံကြည် ကိုးကွယ်မှု့ (သုတမယ) အဆင့် မျှလဲ မဟုတ်ပါဘူး။
ကိုယ်တိုင် လက်တွေ့စမ်းသပ်၍ ရရှိသော အသိမှန် (ဘာဝနာမယ) အဆင့်အရသာ
ဖြစ်ပါတယ်။
သင်တို့ရဲ့ အဇ္ဈတ္တ အမှန်တရားကို သင်တို့ ကိုယ်တွေ့ သိမြင်လာတဲ့အခါမှာ သိသိချင်းပဲ
ပြဿနာ အများကို ဖြေရှင်းပြီး ဖြစ်သွားပါလိမ့်မယ်။
ဒါဆိုရင် သင်ဟာ တကယ့်စကြာဝဠာ၊ ကမ္ဘာ့နိယာမတရားကြီး၊ ဒါမှမဟုတ်ရင်လဲ အနန္တ
တန်ခိုးရှင်တည်းဟူသော နိယာမတရား၊ လူသားတိုင်းနဲ့ သက်ဆိုင်တဲ့ ဘာသာတရားကြီး
(ကမ္ဘ့ာနိယာမဘာသာတရားကြီး) ကို နားလည်စပြုပါပြီ။ မိမိ အဇ္ဈတ္တ သန္တာန်ကို စပြီး
အကဲခတ် သုံးသပ်ကြည့်တဲ့အခါ မိမိကိုယ်တိုင်က ဒေါသ၊ မုန်းတီးမှု့တွေ၊ စိတ်ပုတ်တွေ၊
အာဃာတတွေကို ထုတ်လွှတ်ပေးနေတယ်ဆိုတာ တွေ့ရပါတယ်။ မိမိဟာ ဒေါသရဲ့
သားကောင် ဖြစ်နေတယ် ဆိုတာကိုလဲ ချက်ချင်းသိလိုက်ရပါတယ်။ မိမိ ကိုယ်တိုင်က
မိမိထုတ်လွှင့်နေတဲ့ ဒေါသ ၊ မုန်းတီးမှု့တွေရဲ့ ပထမဆုံးသားကောင် ဖြစ်နေရပါတယ်။
ဒီတော့ မိမိကိုယ်တိုင်က တခြားသူကို ဒုက္ခပေးစ ပြုနေပါပြီ။ ဒါဟာ သဘာဝ နိယာမပါပဲ။
ကိုယ့်အဇ္ဈတ္တကိ ကိုယ့်ဟာကိုယ် စစ်ဆေးကြည့်လိုက်တဲ့အခါ စိတ်ထဲက ဆန့်ကျင်ဘက်
အားတွေ၊ ထုတ်ပေးနေတာကို တွေ့လျှင် တွေ့ချင်း အဲဒီမှာ ခန္ဓာကိုယ် ရုပ်ပိုင်း
တုန့်ပြန်မှု့တွေအများကြီး ရှိနေတယ်ဆိုတာ တွေ့လိုက်ရပါတယ်။
ခန္ဓာကိုယ်ကြီးပါ လောင်ကျွမ်းစ ပြုနေပါပြီ။ ဒေါသ အပူတွေ လောင်နေပါပြီ။
နှလုံးတုန်ပြီး တင်းကျပ် နေပါပြီ။ မိမိ ကိုယ်တိုင်က ဒုက္ခရောက်နေတဲ့ သူပါလား။
ပြီးတော့ မိမိကိုယ်တိုင် မိမိ ကိုယ်တွင်းမှာ ဆန့်ကျင်မှု့တွေကို မွေးထုတ်နေလို့
ဒုက္ခရောက်ရပြီ။ ဒီ ဒုက္ခတွေကို ကိုယ့်ဟာကိုယ် ထိန်းချုပ်မထားနိုင်တော့ဘူး။
ဒီ ဒုက္ခတွေကို အခြားသူတွေအပေါ် ပုံချပေးဝေမိလျှက်သား ဖြစ်နေပါပြီ။
မိမိ ပတ်ဝန်းကျင် တစ်ခုလုံးကို တင်းကျပ်စေခဲ့ပါပြီ။
ကိုယ်နဲ့ ပေါင်းဆုံ ထိတွေ့တဲ့သူတွေတိုင်း ဒုက္ခရောက်သွား ရပြီလေ။
ဒါပေမယ့် ကျွန်တော်ပြောနေတာက ငြိမ်းချမ်းရေး၊ လူအများ ချမ်းသာရေး
ပျော်ရွင် ငြိမ်းချမ်းရေးကိုပဲ ကျွန်တော်တို့ တပြောထဲ ပြောနေကြတယ်။
ဘယ်သူတွေ ဘာပဲဖြစ်ဖြစ်၊ ကိုယ့်အရေးကိုပဲ ရှေ့တန်းတင်ကြတယ်။ ဒါ..သဘာဝပါပဲ။
ပဋိပက္ခ တရားဆိုးတွေက မိမိမှာ ကင်းနေရင်၊ စိတ်ထဲမှာ ဆန့်ကျင်ဘက် တရားစုတွေ
မရှိတော့ရင် စိတ်လဲ သန့်စင်လာပါတော့တယ်။ သဘာဝတရားကစပြီး အလုပ်
လုပ်လာပုံပါပဲ။
ကိုယ့်ဟာကိုယ် သုံးသပ်ကြည့်ပါတယ်၊ စိတ်ထဲမှာ ဆန့်ကျင်ဘက် အင်အားစုတွေ မရှိတဲ့
ဒီအခိုက် အတန့်မှာ ကြည့်ပါဦး...။ အနန္တ တန်ခိုးရှင်လို့ခေါ်တဲ့ သဘာဝတရားကြီးက
ကျွန်တော့်ကို စတင်ကောင်းချီး ပေးနေပါပြီ။ ကျွန်တော် သိပ်ကို ငြိမ်းချမ်းသွားပါတယ်။
အလွန်ပဲ ငြိမ်းချမ်းသွားပါပြီ။
ဒီအတိုင်းပါပဲ ဆန့်ကျင်ဖက် တရားဆိုးတွေကို ကျွန်တော် ထုတ်လွှတ် မွေးမြူနေသမျှ
ကျွန်တော့်ကိုယ် ကျွန်တော်သုံးသပ် အကဲခတ်ရင် ကျွန်တော် သိပ်ဆင်းရဲနေတာကိုပဲ
တွေ့ရပါတယ်။

ဒါကြောင့်

  • ဘယ်ဘာသာပဲယူယူ
  • ဘယ်ထုံးစံပဲ လိုက်လိုက်
  • ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်
  • ဘယ်သူပဲဖြစ်ဖြစ်
သဘာဝတရားရဲ့ဥပဒေကို ချိုးဖောက်ရင် စိတ်ထဲမှာ မကောင်းတဲ့ ဆန့်ကျင်ဘက် တရား
တွေကို ထုတ်လွှတ်နေရင် မလွဲမသွေ ဒုက္ခရောက်ရမှာပါပဲ။ ဒါဟာ သဘာဝ တရားကြီးက
စတင် ဒဏ်ခတ် လိုက်တာပါပဲ။
မိမိသန္တာန်မှာရှိတဲ့ ငရဲမီး၊ လောကငရဲမီးကပဲ မိမိသန္တာန်မှာ စတင် လောင်ကျွမ်း
နေတာပါပဲ။ဒါဟာ ကိုယ်စိုက်တဲ့မျိုးစေ့ ကိုယ်မွှေးတဲ့ မီးပါပဲ။
သေသွားတဲ့ နောက်မှာလဲ ငရဲကလွဲလို့ တခြားရွေးစရာ မရှိပါဘူး။
သဘာဝနိယာမဆိုတာ ဒီအတိုင်းပါပဲ။ မိမိ စိတ်တွေ ဖြူစင်နေရင်၊ မေတ္တာနဲ့
ကိုယ်ချင်းစာနာမှု့တွေ ပြည့်နှက်နေရင် ကောင်းကင်ဘုံသုခ ချမ်းသာကို ကိုယ့်ရင်ထဲမှာပဲ
ခံစားနေရမှာပါ။ သေပြီးနောက်မှာလဲ မိမိစိုက်တဲ့ မျိုးစေ့က ကောင်ကင်ဘုံ သုခကိုပဲ
ပေးမှာပါ။
ဒီနေရာမှာ ဟိန္ဒူပဲဖြစ်ဖြစ်၊ မွတ်စလင်ပဲဖြစ်ဖြစ်၊ ခရစ်ယန်ပဲခေါ်ခေါ်၊ ဂျိန်းပဲပြောပြော
ဘာမှ မထူးခြားပါဘူး။ ကွဲလွဲချက် မရှိပါဘူး။
လူသားဟာလူသားပါပဲ၊ လူ့စိတ်ဟာ လူ့စိတ်ပါပဲ။
ကူပြောင်းခြင်းဆိုတာဟာလဲ ညစ်ညူးတဲ့စိတ်ကနေ သန့်စင်တဲ့စိတ်သို့
ကူးပြောင်းခြင်းသာဖြစ်သင့်ပါတယ်။ ကောင်းပါပြီ လူတွေ ဘယ်လို ကူးပြောင်းကြမှာလဲ။
ဒီလို ထူးခြားတဲ့ကူးပြောင်းမှု့ကတော့ တွေ့နေရပါပြီကော။
ဒါဟာ ပဉ္စလက် မဟုတ်ပါဘူး။ တန်ခိုးမဟုတ်ပါဘူး။ ဒါဟာ မိတ်ဆွေတို့ ကျွန်တော်တို့
အတွင်းသန္တာန်မှာ ရှိနေတဲ့ နာမ်တရား နဲ့ ရုပ်တရားတို့ အတုံ့အလှယ် အလုပ်လုပ်
နေကြပုံကို လက်တွေ့စမ်းသပ်ကြည့်ရှု့တဲ့ တကယ့် သိပ္ပံနည်းပညာ တစ်ခုပါ။
စိတ်က ရုပ်ခန္ဓာကြီး အပေါ်မှာ ဘယ်လို လွှမ်းမိုး ခြယ်လှယ်နေကြသလဲ ဆိုတာကို
ကြည့်ရှု့စစ်ဆေးခြင်းပါပဲ။
ကျွန်တော်တို့တစ်တွေ ခန္ဓာကိုယ်ကို ဒီလို အမြဲတစေ စစ်ဆေး ကြည့်ရှု့နေမယ်ဆိုရင်
သဘာဝတရားနဲ့ နိယာမကို ရှင်းရှင်းလင်းလင်း သိလာရပါမယ်။ ပဋိပက္ခတရားတွေ
မွေးးမြူထုတ်လွှတ်တိုင်း ဆင်းရဲကိုသာ ခံစားရပြီး၊ ပဋိပက္ခတရားတွေ စွန့်လိုက်တာနဲ့
တစ်ပြိုင်နက် ငြိမ်းချမ်းရေးနဲ့ လိုက်လျောညီထွေ ရှိမှု့တွေကို ရရှိခံစားလာရတာ အလွန်
ရှင်းပါတယ်။ ဒီနည်းပညာကို လူသားတိုင်း လေ့ကျင့်လို့ရပါတယ်။ ဒီအံသြစရာကောင်းတဲ့
အစဉ်အလာ၊ နည်းပညာဟာ ဘာသာယဉ်ကျေးမှု့ခေတ်ဦး ထွန်းကားရာ မဇ္ဈိမဒေသ
အမိနိုင်ငံတော်ကြီးမှာ ပွင့်ထွန်းတော် မူခဲ့တဲ့ ဗုဒ္ဓကိုယ်တော်တိုင် ပေးတော်မူခဲ့တဲ့ ပညာပါ။
ဒီနည်းပညာဟာ ဒီကနေ့ ကမ္ဘာတစ်ဝှန်းမှာ ပျံ့နှံ့နေပါပြီ။
ဒီနေ့ပင်လျှင် လူ့အဖွဲ့အစည်း အမျိုးအမျိုး၊ ထုံးတမ်းစဉ်လာ အမျိုးမျိုး၊ ဘာသာ
အမျိုးမျိုးကလူတွေဟာ ဒီနည်းပညာကို လာရောက်လေ့လာ ကျင့်သုံးနေကြပါပြီ။
သူတို့အားလုံး ထပ်တူထပ်မျှ ချမ်းသာမှု့ရနေကြပါပြီ။ ထပ်တူ ထပ်မျှ
အကျိုးခံစားကြရသော်လည်း ဟိန္ဒူကလည်း ဟိန္ဒူ ၊ ဗုဒ္ဓဘာသာကလည်း ဗုဒ္ဓဘာသာ၊
မွတ်စလင်ကလည်း မွတ်စလင်၊ ခရစ်ယန်ကလည်း ခရစ်ယန်အဖြစ် ဆက်လက်
ရပ်တည်နေကြတာပါပဲ။ ဘာမှ အထူးအထွေပြောင်းလဲစရာမရှိပါဘူး။
လူသားဟာ လူသားပါပဲ။
အပြောင်းအလဲဆိုတာကို ဘယ်အရာက လုပ်တာလဲ။ ဒါပေမယ့် ကွဲပြားခြားနားချက်ကြီး
တစ်ခုကတော့ ရှိလာပါတယ်။ သူတို့တွေဟာ မေတ္တာတရားတွေ၊ ကိုယ်ချင်းစာတရားတွေ
ပြည့်နှက်နေတဲ့ တကယ့်စိတ်ဓာတ်ရေးရာ ရင့်ကျက်တဲ့သူတွေ ဖြစ်လာကြတယ်။
ကိုယ်တိုင် လူတော်လူကောင်းတွေ ဖြစ်လာသလို၊ ပတ်ဝန်းကျင်ကိုလည်း ကောင်းကျိုး
ပြုတဲ့သူတွေ ဖြစ်လာကြပါတယ်။
မိမိစိတ်မှာ ငြိမ်းချမ်းမှု့ကို မွေးမြူနိုင်လာတာနဲ့ တပြိုင်နက် မိမိရဲ့ထိစပ်နေတဲ့
ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းအေးတဲ့ လှိုင်းများ စီးဝင် ရိုက်ခတ်သွားပါတော့တယ်။
ကျွန်တော်နဲ့ လာရောက်ဆက်သွယ်ပြီး၊ ဒီနည်းပညာကို စမ်းသပ် ကျင့်သုံးသူတိုင်း
ငြိမ်းအေးမှု့ကို ခံစားနေကြရပါတယ်။ ဒါဟာ တကယ်လိုအပ်နေတဲ့ ကူးပြောင်းမှု့ပါပဲ။
ဒါကလွဲလို့တခြားနည်းလမ်း မရှိပါဘူး။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ခေါင်းလောင်းသံက ကြားနေရပါပြီ။
အမိနိုင်ငံတော်ကြီးရဲ့ ဓမ္မသ၀ဏ်လွှာကို ဆုံးအောင် ဖတ်ခွင့်ပြုပါဦး။
လွန်ခဲ့တဲ့ နှစ် ၂၃၀၀ကျော်က ကျောက်သားပေါ်မှာ ရေးထွင်းပေးခဲ့တဲ့
တကယ့်ကို အကျိုးဖြစ်ထွန်းစေတဲ့ သ၀ဏ်လွှာဟာ ကမ္ဘာ့လူသားထုအတွက်
အမိနိုင်ငံတော်ကြီးက ပေးခဲ့တဲ့ ဓမ္မသ၀ဏ်လွှာပါ။
ကမ္ဘာ့လူသားတွေအပေါ် ဘယ်လိုအုပ်ချုပ်ရမယ်ဆိုတာ စံနမူနာပြခဲ့တဲ့
အသောကမင်းကြီးရဲ့ဓမ္မသ၀ဏ်လွှာပဲ ဖြစ်ပါတယ်။ ဓမ္မသ၀ဏ်လွှာကပြောနေပါတယ်
"မိမိ ဘာသာကိုသာ မမြှောက်စားပါနှင့်။ အခြားဘာသာတွေကိုလည်း မရှုတ်ချပါနှင့်" တဲ့ ။
ဒီနေ့ခေတ်အတွက် အလွန်အရေးကြီးတဲ့ သ၀ဏ်လွှာပါ။ တခြားဘာသာကို ရှုတ်ချ၊
ကိုယ့်ဘာသာကသာ အကောင်ဆုံး၊ အကောင်းဆုံးလို့ ပြောနေတဲ့သင်ဟာ
လူသားတွေအတွက် အခက်အခဲ အကျပ်အတည်းတွေဖန်တီးပေးနေတာပါပဲ။
ဒီလိုလုပ်မယ့်အစား "အခြားဘာသာတွေကိုလည်း အကြောင်းအားလျော်စွာ ချီးမြောက်ပါ"
ဘာသာတိုင်းဟာ မေတ္တာတရား၊ ကိုယ်ချင်းစာနာမှု့၊ ကောင်းမြတ်တဲ့ဆန္ဒ ဆိုတဲ့
အတွင်းသားအနှစ်သာရတွေ ရှိတယ် ဆိုတဲ့ ဂုဏ်ကို တန်ဖိုးထားကြတာချည်းပါပဲ။
ဒီအနှစ်သာရကြောင့်ဘာသာတရားကို တန်ဖိုးထား လေးစားကြတာပါ။
အပေါ်ယံ အလွှာတွေကတော့ ကွဲပြားနေကြတာပါပဲ။ ဒီဓလေ့၊ ဟိုဓလေ့၊ ဒီအခမ်းအနား၊
ဟိုအခမ်းအနား။ ဒီယုံကြည်မှု့၊ ဟိုယုံကြည်မှု့တွေ။
ဒီ အပေါ်လွှာတွေအတွက်ကြောင့်တော့အငြင်ပွား မနေကြပါနဲ့။ ဘယ်အတွင်းသား
အနှစ်သာရကိုမဆို အဲဒီ အနှစ်သာရကိုသာအလေးထားရပါမယ်။ ဒါဆိုရင် အငြင်းပွားစရာ
မရှိတော့ပါဘူး။ဒီလိုလုပ်ခြင်းအားဖြင့် မိမိကိုယ်ပိုင်ဘာသာကို ကြီးပွားအောင် ကူညီ
ထောက်ပံ့ရင်း၊အခြားဘာသာတွေကိုလဲ ကူညီပံ့ပိုးရာ ရောက်ပါတယ်။
ဒီလိုမှ မဟုတ်ရင်တော့မိမိဘာသာအတွက်ကိုယ့်သေတွင်း ကိုယ်တူးပြီး
အခြားဘာသာတွေကိုလည်း ပုတ်ခတ်ဖျက်ဆီးနေတာပါပဲ။ဒီလေးနက်တဲ့ နိုးဆော်ချက်ကို
သဘောပေါက်ကြပါ။ကိုယ့်ဘာသာကိုသာ မြှောက်စားပြီး၊ တခြားဘာသာတွေကို
ရှုတ်ချတဲ့သူဟာမိမိဘာသာအပေါ်အယူသည်း လေးစားလွန်းတဲ့အတွက် "ငါ့ဘာသာကို
ဂုဏ်တက်အောင် လုပ်မယ်" ဆိုတဲ့ စိတ်ကူးနှင့် လုပ်နေတာသာ ဖြစ်ပါတယ်။
သူ့လုပ်ရပ်တွေက သူ့ဘာသာကိုပဲ ပိုပြီးနက်ရှိုင်းစွာ အနာတရ ဖြစ်စေပါတယ်။
"ကျွန်ုပ်တို့ လူသားအားလုံး ဒီဓမ္မသ၀ဏ်လွှာကို နားထောင် လိုက်နာကြပါစို့၊
လိုက်နာကြပါစို့"တဲ။ဓမ္မသ၀ဏ်လွှာက ဆိုပါတယ်။
တစ်ခါ ဓမ္မသ၀ဏ်လွှာက သတိပေးပါတယ်။ "ညီညွတ်ခြင်းသည် ကောင်းပါ၏" တဲ့။
ကျွန်ုပ်တို့ကိုကူညီထောက်ပံ့မှု့ပေးမှာက ညီညွတ်ခြင်းသာ ဖြစ်ပါတယ်။ နောက်ပြီး
"အငြင်းမပွားကြပါစို့နှင့်၊ အခြားသူများ ယုံကြည်ကိုးကွယ်သော ဘာသာတရားများကိုလ
ဲနားထောင်လိုစိတ် မွေးကြပါစို့" တဲ့။
ဘာကိုမှ အပြစ်မတင်ပါနှင့်။ ဘာသာတရားတိုင်းရဲ့ အဆုံးအမ အနှစ်သာရတွေကို
အလေးမူကြပါစို့။ဒါဆိုရင် ကျွန်တော်တို့တစ်တွေ တကယ်ငြိမ်းချမ်းပြီး လိုက်လျောညီထွေမှု့၊ စည်းလုံးညီညွတ်မှု့ကိုမလွဲမသွေ ရရှိကြမှာ ဖြစ်ပါတယ်။
ဓမ္မာစရိယ ဦးဌေးလှိုင်၏ ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး မှ........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Related Posts with Thumbnails

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers