Saturday, April 17, 2010

သောတာပန်လူထွက်

တစ်ခါက ဒကာတစ်ယောက်ဟာ ဘုန်းကြီးထံလျောက်ထားဖူးပါတယ်၊ အဲဒီ ဒကာဟာ အောက်တန်းစား သာမန်ဒကာ မဟုတ်ပါဘူး၊ ခေတ်ပညာလဲတတ်၊ ဗဟုသုတလဲ အတော်အတန်ပြည့်စုံတဲ့ အထက်တန်းစား ဒကာတစ်ယောက်ပါပဲ၊ သူက ကမ္မဌာန်းဆရာ တစ်ပါးထံမှာ တရားအားထုတ်ပါသတဲ့၊ အားထုတ်ပြီးတဲ့အခါမှာ သူ့ဆရာက သူ့ကို သောတာပန်ဖြစ်ပြီလို့ ဆုံးဖြတ်ပေးပါသတဲ့....

အရိယာတရားနှင့်စပ်ပြီး ဒီလိုအဆုံးအဖြတ်မျိုးကို ဘုရားမှတစ်ပါး ဘယ်ရဟန္တာ၊ ဘယ်မထေရ်ကမှ ပေးဖူးတယ်ဆိုတာ ပိဋကတ်စာပေမှာ မရှိပါဘူး၊ ဘုန်းကြီးတို့ကတော့ ဒီလို မဆုံးဖြတ်ကောင်းဘူးလို့လဲ အမြဲတမ်းပြောနေပါတယ်၊ ဥာဏ်စဉ်တရားကိုသာ ဟောပါတယ်၊ အဲဒီ ဥာဏ်စဉ်တရားနဲ့ တိုက်ဆိုင်ပြီး သူ့ဟာသူပဲ ဆုံးဖြတ်ဖို့ တာဝန်ပေးထားပါတယ်၊ ခုနကပြောခဲ့တဲ့ ဒကာကတော့ သူ့ဆရာက သောတာပန်ဖြစ်ပြီလို့ ဆုံးဖြတ်လိုက်တာနဲ့ သူကလဲ သောတာပန်ဖြစ်ပြီလို့ ယုံကြည်ယူဆပြီးတော့ ငါးပါးသီလကိုလဲ လုံခြုံအောင် စောင့်နေပါသတဲ့၊ တစ်နေ့သောအခါကျတော့ သူကိုးကွယ်နေတဲ့ အခြားဆရာတော်ကြီးတစ်ပါးထံ သွားပြီးတော့ သူတရားအားထုတ်ခဲ့ပုံ၊ တွေ့မြင်ပုံနဲ့တကွ သောတာပန်ဖြစ်ပြီလို့ ဆုံးဖြတ်ပေးပုံတွေကို လျှောက်ပါသတဲ့၊ အဲဒီဆရာတော်ကြီးက ဘုန်းကြီးတို့နဲ့ ရင်းပါတယ်၊ ဆရာလိုပဲဖြစ်နေပါတယ်၊ ပိဋကတ်စာပေမှာ ကောင်းကောင်းတတ်ကျွမ်းတဲ့ ဆရာတော်ကြီးပါပဲ၊ ယခုတဲ့ထိလဲ ရှိပါသေးတယ်၊ အသက်တော်က (၈၀)ကျော် (၉၀)နီးပါး ရှိနေပြီ၊ အဲဒီ ဒကာရဲ့လျှောက်ပုံက.......

တပည့်တော်ဘုရား၊ တရားအားထုတ်ထားပါတယ်၊ ကိုယ်ထဲမှာ ရှု့လိုက်ရင် ဓါတ်တွေ၊ သဘောတရားတွေ တရွရွ တမွမွနဲ့ ပေါ်နေပါတယ်၊ ဆရာကလဲ သောတာပန်ဖြစ်ပြီလို့ ဆုံးဖြတ်ပါတယ်၊ တပည့်တော်ကလဲ သောတာပန်ဖြစ်ပြီလို့ ယုံကြည်နေပါတယ်ဘုရားလို့ သူကလျှေက်သတဲ့။

အဲဒီတော့ ဆရာတော်ကြီးက ဘယ်နှယ့်ပြောသလဲဆိုရင် “မင်းဟာ ဘာမှ မဟုတ်သေးဘူးတဲ့၊ မင်းဟာ တရားကို မဟုတ်သေးဘူး၊ သောတာပန် ဖြစ်ဖို့ဆိုတာကတော့ အဝေးကြီးပဲ၊ မင်းဥစ္စာ ဘာမှ မဟုတ်သေးဘူး” လို့ အဆုံးအဖြတ် ပေးလိုက်သတဲ့၊ ပြီးတော့ အဲဒီဒကာက သူဖြစ်ပုံကို ဆက်ပြီးပြောပါတယ်၊ “ဒါနဲ့ဘုရား၊ ဒီတစ်ခါတည်းက စပြီးတော့ မင်းဟာ ဘာမှမဟုတ်သေးဘူး”လို့ ဆရာတော်ကြီးက ပြောလိုက်တဲ့အတိုင်း တပည့်တော်ဟာ ဘာမှမဟုတ်သေးဘဲ ဖြစ်နေပါတယ်၊ အစတုန်းကတော့ တပည့်တော်ဟာ သောတာပန် ဖြစ်နေတယ်ဆိုတာနဲ့ သောတာပန် အကျင့်နဲ့ညီအောင် ငါးပါးသီလကို လုံလုံခြုံခြုံနဲ့ စောင့်နေခဲ့ပါတယ်၊ အခုတော့ ဆရာတော်ကြီးက “ဘာမှမဟုတ်သေးဘူး”လို့ ပြောတာနဲ့ တပည့်တော်ဟာ “ငါးပါးသီလတောင်မလုံတောဘူးဘုရား” လို့ အဲဒီဒကာက လျှောက်ပါတယ်။

အဲဒီတော့ ဘုန်းကြီးက သူ့ကိုအားပေးလိုက်ရသေးတယ်၊ “ဟာ ဒကာ ဒီလိုမလုပ်နဲ့ အစက ကိုယ့်ဟာကိုယ် သောတာပန် ဖြစ်နေမှတော့ ဘယ်သူက ဘာပြောပြော ဖြစ်မြဲသာဖြစ်နေ၊ နောက်ပြန်မဆုတ်နဲ့၊ ငါးပါးသီလလဲ စောင့်မြဲစောင့်နေပေါ့”လို့ ဘုန်းကြီးက အားပေးစကားပြောလိုက်ရသေးတယ်၊ အဲဒီ ဒကာလို သောတာပန်လူထွက် မဖြစ်ဖို့ အရေးကြီးပါတယ်။


ဆဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အရိယာဝါသ တရားတော် မှ....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

သေချိန်မကျဘဲသေရသူများ

သတ္တ၀ါတို့၏ သန္တန်၌ ရှေးမကောင်းမှု ကံကလေးတွေ ကိုယ်စီကိုယ်င အများအပြား ပါရှိကြလေသည်။ ထိုကံများသည် မိမိတို့ချည်း သက်သက် သေကျေအောင် မသတ်ဖြတ်နိုင်သော်လည်း သတိမရှိ၊ ဥာဏ်မရှိ၍ (အစဉ်းစား အဆင်ခြင် အမြော်အမြင် မရှိ၍) အစားမတတ်၊ အသွားမတတ်၊ အနေအထိုင်မတတ်သူများကို ဘေးဥပါဒ်ရောက်အောင်၊ ထိုဘေးဖြင့် သေကျေပျက်စီးအောင်ကား တတ်နိုင်ကြပေသည်။

ရှေးရှေးက သူတစ်ပါးကို အငတ်ထားခဲ့ဖူးခြင်း၊ မြွေနှင့်တိုက်ခြင်း၊ အဆိပ်ခတ်ခြင်း၊ တုတ်ဓား စသည်တို့ဖြင့် ရိုက်သတ်ခြင်း၊ ရေနှစ်သတ်ခြင်း၊ မီးတိုက်သတ်ခြင်း စသည်ဖြင့် သူတစ်ပါးသေအောင် တစ်နည်းနည်းဖြင့် ပြုခဲ့သောသူသည် ထိုကံများ အခွင့်ရသော ဘ၀၀ယ် ထမင်းငတ်၍သေတတ်၊ မြွေကိုင်၍သေတတ်၊ အဆိပ်မိ၍သေတတ်၊ လက်နက်ဖြင့်သေတတ်၊ ရေနစ်၍သေတတ်၊ မီးလောင်၍သေတတ်လေသည်။
သူတစ်ပါးကို တစ်နည်းနည်းဖြင့် နှိပ်စက်သတ်ဖြတ်ခဲ့ဖူးသူသည် ယခုဘ၀၌ လေနာခြင်း၊ သလိပ်ရောဂါရှိခြင်း၊ ပန်းနာရှိခြင်း၊ နူနာရှိခြင်း၊ မကျန်းမမာခြင်း စသည်ဖြင့် ညှိုနွမ်းပင်ပန်းစွာ အသက်ရှည်နေရသည့်အပြင် ထိုရောဂါဖြင့်ပင် သေရတတ်သည်။ ဤသို့ စသည်ဖြင့် ရှေးကံကလေးတွေသည် (ဆင်ခြင် စဉ်းစား သတိထားတတ်သူတို့၌ နှိပ်စက်ခွင့်၊ သတ်ဖြတ်ခွင့် မရသော်လည်း) အစဉ်းအစား အဆင်အခြင် မရှိသူတို့ကား မကျန်းမာအောင်၊ သေကျေအောင် နှိပ်စက်ဖို့ရန် နှောင့်နှေးမည် မဟုတ်ချေ။ ထို့ကြောင့် “အသက်ဥာဏ်စောင့် ၊ အသွားမတော် တစ်မုဟုတ်၊ အစားမတော် တစ်လုတ်၊ ကျားရဲရာ ကြမ္မာမယိုးသာ (ကျားထနေသော တောသို့သွားလျှင် ကျားကိုက်ခံရမှာပဲ၊ ကျားကိုက်ခံနေရတာကို ကံကြမ္မာဟု မယိုးမစွဲပါနှင့်)။ ကံယုံပြီး မီးပုံမဆင်းနဲ့၊ မီးပုံထဲဆင်းလျှင် ကံကောင်းနေသော်လည်း မီးလောင်မှာပဲ” စသည်ဖြင့် လူကြီးသူမတို့ ပြောဆိုခဲ့ကြပေသည်။

ထိုစကားတို့၌ လူကြီးများ၏ ဆိုလိုရင်းကား လူတိုင်းမှာပင် မကောင်းကျိုးပေးဖို့ရန် အကုသိုလ်ကံများ (ရှေးဘ၀များစွာက တစ်မျိုး နှစ်မျိုး စသည်ဖြင့် ပြုမိခဲ့ကြသဖြင့်) ကိုယ်စီကိုယ်င ပါရှိကြပေသည်။ သို့သော် ထိုကံများသည် အလွန်သတ္တိ မထက်ကြလျှင် သူတို့ဘာသာ အကျိုးပေးခွင့်သာအောင် မတတ်နိုင်ကြပါ။ အဆင်ခြင် အစဉ်းစား မရှိသူများ၌သာ အသွားအလာ၊ အစားအသောက် အနေအထိုင် မတတ်သည့်အတွက် ထိုကံများက အကျိုးပေးခွင့် ရကြပါသည်။ သို့ဖြစ်၍ အသက်ရှည်ကြာ အနာကင်းမှုကို ဂရုစိုက်ခြင်း မရှိလျှင် ဥပစ္ဆေဒက ကံကလေးတွေ အခွင့်သာ၍ (အသက်တမ်း မစေ့ခင် ထိုဘ၀ကို စီမံလိုက်သော ကံကလည်း မကုန်သေးခင်) သေရမည့်အရေးကား မည်သူမျှ မဝေးကြောင်း နောက်နှောင်းလူများအတွက် လေးနက်စွာ သတိပေးထားခြင်းဖြစ်သည်။

အချုပ်ကား သတ္တ၀ါတို့ သေဖို့ရာ “အသက်ကုန်ခြင်း၊ ကံကုန်ခြင်း၊ အသက် ကံ နှစ်မျိုးလုံးကုန်ခြင်း၊ ဥပစ္ဆေဒက ကံကအခွင့်သာ၍ (အခွင့်သာအောင် အနေအထိုင်၊ အစားအသောက်၊ အသွားအလာ မတတ်ကြ၍) သေချိန်မကျဘဲ သေရသူတွေ ယခုကာလ၌ ပေါများလှ၏ ။ ထို့ကြောင့် မိမိကိုယ်ကို အသက်တမ်းစေ့ နေနိုင်အောင် အသက်ကို အသိဥာဏ်ဖြင့် စောင့်ရှောက်ကြပါဟု ဆိုလိုသည်။

အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ ကျမ်းမှ........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, April 10, 2010

ဝေဘူဆရာတော်ဘုရားကြီး၏အဆုံးအမများ

၁။ သီလရှိလျှင် တောင့်တလိုချင်တိုင်း ပြည့်စုံစေနိုင်၍ သီလကို ကြိုးစားဖြည့်ရန်။

၂။ ၃၁-ဘုံချမ်းသာကား အထူးဆုတောင်းရန်မလို၊ ရှောင်တိမ်း၍ မဖြစ်အောင်ပင် ရရှိတတ်သဖြင့် သာဝကဗောဓိ စသော ဗောဓိ ဆုကိုသာ တောင့်တမျှော်မှန်းရန်။
၃။ သာသနာတည်ကြောင်း ကောင်းမှုများသည် နိဗ္ဗာန်သွားရန် ခြေထောက်သဖွယ် (စရဏ) ဖြစ်၍ တတ်အားသမျှ ပြုလုပ်ရန်။

၎။ အလှူပြုသောအခါ စေတနာ၊ အလှူဝတ္ထု၊ အလှူခံအပေါ်၌ သန့်သန့်ရှင်းရှင်း ရိုရိုသေသေ လှူဒါန်းရန်။
၅။ ဘုရားစကား ဆရာ့စကားကို မြေ၀ယ်မကျ တစ်ထစ်ချ နာယူရန်။(သောဝစဿတာ)
၆။ ယခုကဲ့သို့ တရားပွဲ လာရောက်နိုင်ခြင်းသည်ပင် ပါရမီရှိသူ မည်၍ အချိန်အခါ ဘ၀ကောင်းသည်မှာ ဘုရားလက်ထက်တော်ကနှင့် မထူး၊ ဘုရားလက်ထက်တော်က ရဟန်းရှင်လူများရရှိကြသည့်အတိုင်း ဘာမဆို လိုတိုင်း မရနိုင်တာ၊ မဖြစ်နိုင်တာဟူ၍ မရှိ၊ သိသလောက် တောင့်တ မျှော်မှန်းထားခဲ့သမျှမက အပိုတွေပင် များစွာရလာတတ်သဖြင့် ရှေးပုဂ္ဂိုလ်တို့ကဲ့သို့ ၀ီရိယကိုသာ အမှီလိုက်၍ စိုက်ထုတ်ကြိုးစားရန်။
၇။ သင်ကြားမှတ်သားထားချက်တွေ ပြော၍မကုန်အောင် အများကြီး တတ်သိကြ၏။ ထိုသို့ များစွာရှိသော်လည်း ကြိုက်ရာတစ်ခုကိုသာ စူးစူးစိုက်စိုက် ၀ီရိယသန်သန်နှင့် မှန်မှန် အလုပ်လုပ်ရန်သာ အရေးကြီးသည်။ မွေးသည်မှ သေသည်အထိ ထင်ရှားရှိနေသော ထွက်လေ-၀င်လေကား လူတိုင်း သိလွယ် ထင်လွယ်သဖြင့် ၀င်တိုင်း ထွက်တိုင်း နှာဖျားဝ၌ ထိသည်ကိုသာ သိအောင်လုပ်။ ယခုလုပ်ကြည့်၊ ယခုမီးငြိမ်း၊ ယခုလက်ငင်း ချမ်းသာ၏။ (အကာလိကော)
၈။ ယင်းသို့ ရှု့မှတ်နေခြင်းဖြင့် ကိုယ်နှုတ် သောင်းကျန်းမှုမရှိ၊ (အဓိသီလ)၊ စိတ်သောင်းကျန်းမှုမရှိ (အဓိစိတ္တ)၊ ရုပ်နာမ် မျှသာ ရှိပါကလား ဟု နှာဖျားဝမှ တစ်ကိုယ်လုံး တစ်လှုပ်လှုပ် တစ်ရွရွ ဖြစ်ပျက်နေသည်ကို မြင်ရမည်။ (အဓိပညာ)
၉။ ရေခပ်ရင်း ထမင်းချက်ရင်းလည်း ရှူ့မှတ်နိုင်၍ တစ်ချိန်တည်းတွင် အလုပ်ကိစ္စ နှစ်ခုပြီးသည်။
မည်သည့် ဣရိယာပုတ်နှင့်မဆို ရှူ့မှတ်နိုင်၏။ ကမ္မဌာန်း ထိုင်ရတာ ဘာမှလဲ မတွေ့ပေါင်၊ မရပေါင် ဟု မမှတ်ရ။ တစ်ခဏအတွင်း ရသည့်အကျိုးကား ကုန်စင်အောင်ပင် မပြောနိုင်။ တစ်နေ့ထက် တစ်နေ့ တိုးတက်ပြီးတော့သာ သွားတော့သည်။
၁၀။ အိမ်အမိုး မိုးသောအခါ စပ်အောင်မိုးလျှင် မိုးနေ ကာကွယ်နိုင်သကဲ့သို့ တစ်ရက် ၂၄-နာရီ တစ်ဆက်တည်း တစ်စပ်တည်း (မအိပ်စက်ဘဲ) ရှူ့မှတ်နိုင်အောင် ကြိုးစား။ (နိသဇ်ဓုတင်ဆောင်)။ ၂၄- နာရီ တစ်စပ်လောက် ရလျှင်ပင် ထူးခြားသိသာလာမည်။
၁၁။ ၃၁- ဘုံချမ်းသာ ဘုရင်ဖြစ်ရတာမှအစ ဘာမျှမတောင့်တ မလိုချင်ရ။ ဒုက္ခချည်း ဖြစ်သည်။
၁၂။ မိမိအနားရှိ မြင်သမျှ ကြားသမျှ ကျေးဇူးရှင်ချည်းဖြစ်သည်။ အသံဗလံ ဆူနေ၍ နေရာမပြောင်းနှင့်။ ငါဝီရိယ၊ သမာဓိကောင်း လှပြီဟု အလွတ်အထင်ရောက်နေတတ်၏။ ဆူညံသံများက ၀ီရိယတိုးလိုက်ပါဦး ဟုပြောသော ကျေးဇူးရှင်များ ဖြစ်သည်။ မေတ္တာ ထား သည်းခံရှူမှတ်။
၁၃။ မိဘ သားမယား ၀တ္တရားများကို ပြုလုပ်ရခြင်း၊ ကလေးငို၍ ချော့ရထိန်းရခြင်းမှအစ သီလ၊ စရဏကုသိုလ် ချည်းဖြစ်သည်။
၁၄။ မိမိ အာနာပါန ရှူမှတ်ခြင်းကို အကြောင်းပြု၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင် လူတွေ နတ်တွေ ဗြဟ္မာတွေ မရေတွက်နိုင်အောင်ပင် ကျေးဇူးများကုန်ကြတော့သည်။

ဓမ္မာစရိယ ဦးဌေးလှိုင်၏ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ စာအုပ်မှ......

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Related Posts with Thumbnails
ဒီဇိုင်း : Free Skin For Myanmar Bloggers