Friday, November 13, 2009

လူဖြစ်ကျိုးနပ်ရန်


ဘုရားအဖြစ်သို့ ရောက်တော်မူ၍ ၄၅-၀ါ ကာလပတ်လုံး ဟောကြားတော်မူအပ်သော ပိဋကတ်သုံးပုံကို အဆီညှစ်၍ အနှစ်သာရကို ထုတ်ယူသည်ရှိသော် ဗောဓိပက္ခိယတရား ၃၇-ပါး ရ၏ ။ ဗောဓိပက္ခိယတရား ၃၇ - ပါးသည် ပိဋကတ်သုံးပုံ၏ အဆီအနှစ်တည်း။ တစ်ဖန် ဗေဓိပက္ခိယတရား ၃၇ - ပါးကို အကျဉ်းချုံးပြန်သည်ရှိသော် ၀ိသုဒ္ဓိ ၇ ပါးဖြစ်၏ ။တစ်ဖန် ၀ိသုဒ္ဓိ ၇ -ပါးကို အကျဉ်းချုံးပြန်သည် ရှိသော် သီလ , သမာဓိ , ပညာ သုံးပါးဖြစ်၏ ။ အဓိသီလ အဓိစိတ္တ အဓိပညာ သာသနာတော်ကြီး သုံးပါး ခေါ်၏ ။ သိက္ခာ သုံးပါးလည်း ခေါ်၏ ။ သီလဆိုသော်လည်း လူတို့မှာ နိစ္စသီလမျိုးကိုသာ ပဓာနအားဖြင့် လိုအပ်၏ ။ နိစ္စသီလမျိုးတို့နှင့် ပြည့်စုံသော သူတို့အား ယခုဘ၀၌ မဂ် , ဖိုလ် , ကိုရနိုင်ရန် ၀ိဇ္ဇာ , စရဏတရားစုတွင် သီလဟူသော စရဏတရား ပြည့်စုံတော့သည်။ ထို နိစ္စသီလမျိုးအပေါ်၌ ဥပေါသထ သီလမျိုး အမွှမ်းတင်နိုင်ပါလျှင် သာ၍ ကောင်းမြတ်တော့သည်။


နိစ္စသီလမျိုးဆိုသည်ကား လူတို့၌ အာဇီဝဋ္ဌမက သီလပေတည်း။ ထိုသီလမျိုးကို ကောင်းစွာ စောင့်ထိန်းရာ၏ ။ ပုထုဇဉ်ဂတိဖြစ်၍ လွန်ကျူးမိပြန်လျှင် ဤအမှု့ကို နောင်ရှောင်ကြဉ်အံ့ဟု ဆောက်တည်က ခဏခြင်း တည်ပြန်၏ ။ နောင်လွန်ကျူးမိပြန်လျှင်လည်း ထိုနည်းတူ ဆေးကြောလျှင် စင်မြဲစင်ပြန်တော့သည်။ ဆေးကြော၍ စင်ပြန်လျှင် သီလနှင့်ပြည့်စုံသူ ဖြစ်ပြန်၏ ။ မခဲယဉ်းလှ ။ နိစ္စသီလမျိုးဖြစ်ခဲ့၍ လွန်ကျူးမိလို့ရှိလျှင်ဘယ်အခါမဆို ခဏခြင်း သုတ်သင်ဆေးကြောမှု အသစ်ဆောက်တည်မှုကို ပြုရသည်။ ယခုကာလ၌ သီလနှင့် ပြည့်စုံသူတို့ကား အလွန်ပေါများကုန်၏ ။ ကသိုဏ်အသုဘ အစရှိသော အာရုံတို့ မနောဒွါရအတွင်း၌ ကွင်းကွင်းကွက်ကွက် ထင်မြင်မှု့ရှိသော သမာဓိသို့ ပေါက်ရောက်ဖူးသောသူ , ရုပ်-နာမ်
်ဓမ္မတို့၏ အနိစ္စလက္ခဏာသို့ ဥာဏ်ပညာ ပေါက်ရောက်ဖူးသော သူတို့ကား အလွန်ရှားပါးလှကုန်၏ ။ အဘယ့်ကြောင့်နည်းဆိုသော် သမထ , ၀ိပဿနာမှု့၏ ဓမ္မန္တရာယ်ကို ပြုတတ်သော မိစ္ဆာဓမ္မတို့ အလွန် ထကြွသောင်းကျန်းသောအခါ ဖြစ်လေသောကြောင့်တည်း။

ဓမ္မန္တရာယ်ကို ပြုတတ်သော မိစ္ဆာဓမ္မဆိုသည်ကား
  • သံသရာဘေးကို ကောင်းစွာမမြင်နိုင်ခြင်း။
  • မဂ်,ဖိုလ်ကို ရထိုက်သော ခေတ်ကာလ မဟုတ်ဟု ထင်မှတ်ခြင်း။
  • ပါရမီအရင့်ကို စောင့်စားခြင်း။
  • ယခုကာလ ရှိကြသူတို့ကို ဒွိဟိတ်ပုဂ္ဂိုလ်ဟုထင်မှတ်ခြင်း။
  • အဓိပဓိဖြစ်သော ရှေးရှေးဆရာကြီးတို့ပင် မဖြစ်နိုင်ကြကုန်ပြီဟု ဆန္ဒ,လုံလဥဿါဟကို စွန့်ထားခြင်း။
စသည်တို့တည်း။ ကုသိုလ်မှု့တို့မည်သည် အဆုံးတိုင်မရောက်သော်လည်း အချည်းနှီး
ဖြစ်နိုင်သော အမှုမျိုးမဟုတ်ကုန်။ ပါရမီ မရှိသေးသူ အားထုတ်လျှင် ပါရမီဖြစ်၏ ။ အားမထုတ်လျှင် ပါရမီ ဖြစ်ခွင့်ကိုမျှ မရပြီ။
ပါရမီ မရင့်သေးသောသူ အားထုတ်လျှင် ပါရမီရင့်ရာ နောက်ဘ၀မှာ ဤသာသနာ၌ပင် မဂ်, ဖိုလ် ရနိုင်၏ ။
အားမထုတ်လျှင် ပါရမီ ရင့်ခွင့်ကိုမျှ မရပြီ။ ပါရမီ ရင့်ပြီးဖြစ်လျှင် ယခုဘ၀၌ပင် မဂ်, ဖိုလ်ကို ရနိုင်၏ ။ အားမထုတ်လျှင် မရပြီ။ ဒွိဟိတ်ပုဂ္ဂိုလ်ဖြစ်သူ အားထုတ်လျှင် နောက်ဘ၀၌ တိဟိတ်ဖြစ်နိုင်၏ ။ အားမထုတ်လျှင် ဘ၀အဆက်ဆက်ပင် ဒွိဟိတ်က တက်ခွင့်မရနိုင်ရာပြီ။ အဟိတ်သို့ လျော့၍ သွားဖို့သာ ရှိတော့သည်။ လောက၌ တစ်ယောက်သောသူသည် ရဟန်းပြုမည် ကြံစည်အားသစ်လျှက် ရှိ၏ ။ တစ်ယောက်သောသူက တစ်သက်လုံးနေနိုင်မှကြံ ၊ မနေနိုင်လျှင် မကြံနှင့်ဟု ဆိုမိတတ်၏ ။ ဓမ္မန္တရာယ်ကို ပြုသည်မည်၏ ။
"စိတ္တုပ္ပါဒမတ္တမ္မိ ကုသလေသု ဓမ္မေသု ဗဟူပကာရံ ၀ဒါမိ" ဟုဟောတော်မူ၏ ။
ကုသလေသု၊ဓမ္မေသု ကောင်းမှု့ကုသိုလ် တရားမျိုးတို့၌ ၊ စိတ္တုပ္ပါဒ မတ္တမ္မိ၊ စိတ်အကြံဖြစ်ကာမျှကိုလည်း၊ ဗဟူပကာရံ၊ ကျေးဇူးဥပကာရ များ မြတ်လှ၏ ဟူ၍ အဟံ ငါဘုရားသည် ၀ဒါမိ ဟောတော်မူ၏ ။
ဒါနကုသိုလ်ကိုလည်းကောင်း၊ ဒါနပြုသူကိုလည်းကောင်း ရှုတ်ချလျှင် ပုညန္တရာယ် ငြိတတ်သည်။ သီလ၊ သမာဓိ၊ ပညာ ကုသိုလ်ကိုလည်းကောင်း၊ အားထုတ်သူကိုလည်းကောင်း ရှုတ်ချလျှင် ဓမ္မန္တရာယ်ငြိတတ်သည်။ ပုညန္တရာယ်
ငြိခဲ့လျှင် နောက်ဘ၀တို့၌ တန်ခိုးအရှိန်အ၀ါ ဥစ္စာဓန ကင်းရှင်း၍ ဆင်းရဲအတိ ဖြစ်တတ်သည်။ ဓမ္မန္တရာယ် ငြိခဲ့လျှင် နောက်နောက် ဘ၀တို့၌ သီလသိက္ခာ၊ အလိမ္မာ ကင်းရှင်း၍ ယုတ်ညံ့ခြင်းအတိ ဖြစ်တတ်သည်။ သတိမူကြကုန်လေ။ယခုအခါ သာသနာတွင်း၌ ကြုံကြိုက်ကြကုန်သော သူအပေါင်းတို့အား ပြဆိုခဲ့ပြီးသော မိစ္ဆာဓမ္မတို့ကို ပယ်ရှင်း၍ ယခုဘ၀၌ပင် အပါယ်သံသရာမှ ကျွတ်ထိုက်လျှင်လည်း ကျွတ်စေရမည်။ မကျွတ်ထိုက်လျှင်လည်း နောက်ဘ၀၌လည်းကောင်း၊ နောက်ဘုရားသာသနာ၌လည်းကောင်း၊ ကျွတ်လွတ်နိုင်ရန် သမထ, ၀ိပဿနာ ပါရမီမျိုးစေ့ကို အောင်မြင်စွာ ရစေရမည်ဟု ထက်သန်သောဆန္ဒ , ၀ိရီယဖြင့် သမထအလုပ် , ၀ိပဿနာအလုပ်များကို ယောင်္ကျား , မိန်းမ အားထုတ်ကြမှသာ ဘ၀အခြေနေနှင့် လူဖြစ်ကျိုးနပ်ရန်ကို ပြဆိုခန်းပြီး၏ ။
်လယ်တီဆရာတော်ဘုရားကြီး ၏ ဗောဓိပက္ခိယဒီပနီကျမ်း မှ.........

:မြတ်သော ဘုရားအလောင်းစသည်တို့၏ ဥစ္စာဖြစ်သောကုသိုလ်ကံတရား
:ကုသိုလ်၏ အနှောက့်အယှက်
:တရား၏ အနှောက့်အယှက်

Print this post

0 comments:

Related Posts with Thumbnails

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers