Saturday, October 31, 2009

ထေရ၀ါဒဆိုသည်မှာ


ထေရ၀ါဒ

ထေရ၀ါဒ ဟူသော အခေါ်အဝေါ်၌ပါရှိသည့် "ထေရ" သည် အရှင်မဟာကဿပ အစရှိသော ပထမသင်္ဂါယနာတင် မထေရ်ကြီးများကို ရည်ညွှန်းသော ပုဒ် ဖြစ်သည်။ "၀ါဒ" မှာ စကားဟုလည်း ဆိုနိုင်သည်။ အယူဟုလည်း ဆိုနိုင်သည်။ အဆုံးအဖြတ်ဟုလည်း ဆိုနိုင်သည်။
ထေရနှင့်ဝါဒ ပေါင်းထားသော ပုဒ်ကို " အရှင်မဟာကဿပ စသော၊ မထေရ်တို့ ထိန်းသိမ်း စောက်ရှောက်၊ ဆောင်ထားအပ်သော ဘုရားစကား ပါဠိတော်" ဟု ခရစ်နှစ် (၃၅၀)ခန့်က ရေးသည့် ဒီပ၀ံသ ကျမ်းတွင်ပြဆိုထားသည်။ ထေရ၀ါဒဆိုသည်မှာ ပထမနှင့် ဒုတိယ သင်္ဂါယနာတို့၌ စုပေါင်းသင်္ဂါယနာ တင်ထားအပ်သော ပါဠိပိဋကတ်တော်ကိုပင် ဆိုလိုသည်။ ထိုပါဠိပိဋကတ်တော်ကို နောင်တွင် ပေါ်ထွန်းလာသည့် မဟာသံဃိကစသော ဂိုဏ်းခွဲများ၏ ၀ါဒနှင့်မတူ ကွဲပြားကြောင်း ထင်ရှားစေရန် ထေရ၀ါဒဟု ခေါ်ဝေါ်ခြင်းဖြစ်သည် ဟုလည်း ဖေါ်ပြကြသည်။ထိုပါဠိပိဋကတ်တော် အတိမ်းအယိမ်းမရှိစေရန် ဆက်လက်ထိမ်းသိမ်းစောက်ရှောက်သူ၊လိုက်နာကျင့်သုံးသူများကို ထေရ၀ါဒီဟုခေါ်သည်။ထေရ၀ါဒီ ရဟန်းတော်များ၏ အဆက်အနွယ်ကို ထေရ၀ံသ ဟုခေါ်သည်။

နန္ဒာသိန်းဇံ၏ ထေရ၀ါဒနှင့်ပတ်သက်သော မှတ်ချက်များမှ ပြန်လည်ဖော်ပြပါသည်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဘ၀ကို အသစ်တစ်ဖန် ပြန်နေရဦးမည်ဆိုလျှင်


တစ်နေ့တုန်းက ကျွန်မကို တစ်ယောက်ကမေးသည်။ ဘ၀ကို အသစ်တစ်ဖန် ပြန်နေရလျှင် ဘာတွေ အပြောင်းအလဲလုပ်မည်လဲဟူ၍....
ဟင့်အင်းဆိုပြီးမှ ကျွန်မခေါင်းထဲ စဉ်းစားစရာတွေပေါ်လာသည်။ အကယ်၍ ဘ၀ကို အသစ်တစ်ဖန် ပြန်နေရဦးမည်ဆိုလျှင်၊ ကျွန်မ.....

စကားနည်းနည်းပဲ ပြောမည်၊ သူများပြောတာများများ နားထောင်မည်။
အိမ်မှာ ကော်ဇောက စွန်းထင်းပေကျံနေပြီး ဆိုဖာက ဟောင်းနွမ်းမှေးမှိန်နေမည်ဆိုလျှင်လည်း မိတ်ဆွေ အပေါင်းအသင်းများကိုတော့ ညစာ ဖိတ်ကျွေးဦးမည်။
အသန့်အပြန့်ထားသည်ဆိုသော ဧည့်ခန်းထဲမှာလည်း ကျွန်မပြောင်းဖူးပေါက်ပေါက် စားချင်စားမည်။ တစ်ယောက်ယောက်က မီးလင်းဖိုမှာ မီးမွှေးချင်သည် ဆိုလျှင် အမှုန်အမှိုက်တွေဖြင့် ညစ်ပတ်မှာ သိပ်စိုးရိမ်မနေတော့။
အဘိုးက သူငယ်ငယ်တုန်းက အကြောင်းတွေ အရှည်ကြီး လျှောက်ပြောနေလျှင်လည်း ကျွန်မ အချိန်ပေးနားထောင်မည်။
နွေရာသီ နေ့လည်ခင်း ကားစီးသွားသောအခါ ဖြီးသင်ပြီး၊ စပရေးဖြန်းပြီးစ ကျွန်မဆံပင်တွေ ပျက်ကုန်မှာမို့ ကားမှန်တွေ အတင်းအကျပ် တင်ထားခိုင်းတာမျိုး ကျွန်မ မလုပ်တော့။
နှင်းဆီပွင့် ပုံဖော်ထားသည့် ပန်းရောင်ဖယောင်းတိုင်ကို စတိုထဲတွင် အရည်ပျော်မသွားမီ မီးထွန်းပစ်မည်။
မြက်ခင်းက ပေကျံမှာတွေ စိုးရိမ်မနေဘဲ ကလေးတွေနှင့်အတူ ရောထိုင်ပစ်မည်။
ရုပ်မြင်သံကြားထက် တကယ့်ဘ၀တွေကို များများပိုကြည့်ကာ ငိုစရာရှိတာငို ရယ်စရာရှိတာရယ်မည်။
ကျွန်မ ခင်ပွန်းသည် ထမ်းပိုးနေရသည့်တာဝန်တွေကို ယခုထက်ပိုပြီး ကျွန်မ မျှဝေထမ်းဆောင်မည်။
နေမကောင်းသည့်အခါ ကျွန်မအိပ်ရာထဲ လှဲနေမည်၊ ကျွန်မသာ ထမလာလျှင် တစ်လောကလုံး ကမောက်ကမတွေ ဖြစ်ကုန်ကြတော့မည်ဆိုတာမျိုး အထင်ရောက်မနေတော့။
ပစ္စည်းတစ်ခုကို တကယ်အသုံးတည့်နိုင်သည်၊ အညစ်အပေခံသည်၊ တစ်သက်လုံး သုံးနိုင်မည်ဟု အာမခံသည် ဆိုရုံမျှဖြင့် ကျွန်မ ၀ယ်မည် မဟုတ်တော့။
ကိုယ်ဝန်ဆောင်ချိန် ကိုးလကို မြန်မြန်ကုန်ပါစေဟု ဆုတောင်းမနေဘဲ ထိုအံ့ဖွယ် ကြည်နူးဖွယ်ရာလေး ကျွန်မ ကိုယ်တွင်းမှာ ကြီးထွားလာနေခြင်းသည် ဘုရားသခင်၏ တန်ခိုးပြာဋိဟာဖြင့် ဖန်တီးစီရင်မှု့တစ်ခုတွင် ကိုယ်တိုင်ကိုယ်ကျ ကျွန်မပါဝင်ခွင့်ရခြင်းပဲဟု သိမှတ်ကာ ယင်းအချိန်တိုင်းကို နှစ်သက်မြတ်နိုးခြင်းဖြစ်မည်။
ကျွန်မ ကလေးငယ်က ရုတ်တရက် တစ်ရှူးထိုး ၀င်ဖက်ပြီး နမ်းသည့်အခါမျိုးတွင်"သွားစမ်း နောက်တော့မှနမ်း၊ ခုထမင်းစားတော့မယ်၊ လက်တွေခြေတွေ သွားဆေးစမ်း" ဆိုတာမျိုး ဘယ်တော့မှ မပြောတော့။
ပြီး " အိုင်လပ်(ဖ)ယူ" တွေ " အိုင်(မ) ဆောရီး" တွေလည်း ယခုထက် အများကြီးပို၍ပြောမည်။ ပြီးတော့ အရေးကြီးဆုံးက အကယ်၍ စောစောကပြောခဲ့သလို သည်ဘ၀ကို နောက်တစ်ကြိမ် တကယ်သာနေခွင့်ရဦးမည်ဆိုပါလျှင် မိနစ်တိုင်းမိနစ်တိုင်းကို အမိအရဖမ်းဆုပ်ကာ သေသေချာချာ မှတ်မှတ်ရရကြည့်မည်၊ ပြည့်ပြည့်၀၀နေမည်၊ ပြီးဘယ်တော့မှလည်း ပြန်ပေးမည်မဟုတ်တော့။
ဒါလေးကိုဖတ်မိပြီး သူမလိုမဖြစ်ဖို့၊ သူမကိုသင်ခန်းစာယူပြီး သူမနောင်တရသလိုမျိုး ကျွန်တော်မဖြစ်ဖို့ ကြိုးစားနေထိုင်သွားရပါဦးမည်။
တစ်ခါတစ်ရံ စိတ်ရှုပ်စရာတွေ၊ အဆင်မပြေမှု့တွေကြုံတဲ့အခါမျိုးမှာ သမီးတို့ကို ငေါက်ငန်းမာန်မဲမိတာတွေ၊ ဇနီးအပေါ် အနိုင်ယူ
ပြောဆိုမိတာတွေ၊ မိမိမှားမှန်းသိသော်လည်း ၀န်မခံဘဲ လှည့်ပတ်အနိုင်ယူတတ်တာတွေ၊ သူတစ်ပါးမကောင်းကွက်၊ အားနည်းချက်
တွေကို အပြစ်မြင်ပြောဆိုတတ်တာတွေ၊ နိုင်စားတတ်တာတွေ၊ ....တွေ၊ .......တွေ...၊ .....တွေ....၊ ....

ဆရာဖေမြင့်၏ နှလုံးသားအာဟာရ ရသစာများ (၂) မှ ပြန်လည်ဖော်ပြပါသည်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Tuesday, October 27, 2009

တစ်နှစ်လာလဲ တောက်တဲ့

တောက်တဲ့

တစ်ခုသောဝါတွင်း ကျောက်ဆည်ဝေဘူရိပ်သာရှိ သီလရှင်(အဘွား)များနှင့် ယောဂီများအား တရားဟောတော်မူစဉ်
"ဘယ်အလုပ်များ လုပ်ခဲ့ကြသလဲ" ဟု မေးတော်မူရာတွင် သွက်သွက်လက်လက်မဖြေ၀ံ့ဘဲ ရှိနေကြ၍
"အင်း....ဒို့အဘွားဆရာတွေကဖြင့် ဘုရားနားနေတဲ့ တောက်တဲ့ကြီးနဲ့ တူလှသဗျာ့၊ ဘုရားနားနေတဲ့တောက်တဲ့ကြီးက ဘယ်လိုများအော်သလဲဗျာ့"
("တောက်တဲ့လို့ အော်ပါတယ်ဘုရား")
"အေး....ဟုတ်ပြီ၊ အဲဒီ တောက်တဲ့ကြီးက ဒီနှစ်မှာ တောက်တဲ့လို့အော်ပြီး၊ နောက်နှစ်ကျတော့ကော ဘယ်လိုများအော်သေးးလဲ"
("တောက်တဲ့လို့ပဲ အော်ပါတယ်ဘုရား")
"အင်း..ဟုတ်ပြီဗျာ့၊ ဟို....နောက်နှစ် နောက်နှစ်တွေ ကျတော့ကောဗျာ့" ("တောက်တဲ့လို့ပဲ အော်ပါတယ်ဘုရား")
"အင်း...ဒို့အဘွားဆရာတွေကော ဘုရားနားနေတဲ့ တောက်တဲ့ကြီးနဲ့ ဘာထူသေးသလဲဟဲ့ .
တစ်နှစ်လာလဲ တောက်တဲ့ တစ်နှစ်လာလဲ တောက်တဲ့"။

စာရှု့သူများတော့မသိပါခင်ဗျား၊ ကျွန်တော့ဖြစ်စဉ်နဲ့ကတော့ ကွက်တိ ဒက်ထိပါခင်ဗျာ။ တစ်နှစ်လာလဲ တောက်တဲ့ နောက်နှစ်တော့ပြောင်းအော်ပါမယ် တောက်တဲ့၊ တော်ပါပြီ ဒါကြီးအော်နေရတာ ပျင်းစရာကြီး ပြောင်းအုံးမှ တောက်တဲ့ ..
နောင်နှစ်တော့ .......

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Monday, October 26, 2009

ဘယ်လောက်ချမ်းသာရင် ဇိမ်နဲ့နေနိုင်မလဲ

ဇိမ်ခံရွက်သင်္ဘောနှင့် အပန်းဖြေခရီးထွက်လာသည့် ဧရာမလုပ်ငန်းရှင် သူဌေးကြီးတစ်ယောက်က ပင်လယ်ကမ်းရိုးတန်း တစ်နေရာတွင် လမ်းလျှောက်ရင်း တံငါသည်တစ်ယောက်နှင့်တွေ့သည်။
တံငါက လှေနံဘေးမှာ အေးအေးဆေးဆေး လှဲကာ ဆေးတံကိုခဲ၍နေသည်။
သူ့ပုံစံကိုကြည့်ကာ သူဌေးကြီး စိတ်ပျက်သွားပြီး ကရုဏာဒေါသောနှင့် မေးသည်။
"မင်းဘာလို့ ငါးဖမ်းမထွက်ဘဲ ဒီမှာ ထိုင်နေရတာလဲ"
"မနက်အစောကြီးကတည်းကပဲ တစ်နေ့စာ ဖမ်းလို့ ရပြီးပြီဗျ" တံငါကဖြေသည်။
"ဟ ဒါဆို နောက်ထပ်မဖမ်းတော့ဘူးလား"
"ဖမ်းပြီး ဘာလုပ်ရမှာလဲ"
"ထပ်ဖမ်းတော့ ရောင်းစားရင် ပိုက်ဆံပိုရမှာပေါ့ကွ၊ ပိုက်ဆံများများရရင် မင်းလှေမှာ စက်တပ်လို့ရမယ်။ စက်နဲ့ဆိုရင် ပင်လယ်ထဲမှာ အဝေးကြီးထွက်နိုင်မယ်၊ အဲဒီမှာ ငါးပိုရမယ်၊ အဲဒါတွေရောင်းပြီး ပိုက်ဆံစုရင် မင်းနိုင်လွန်ပိုက်ဝယ်နိုင်မယ်၊ နိုင်လွန်ပိုက်နဲ့ဖမ်းတော့ ငါးပိုရမယ်၊ ငွေပိုရမယ်၊ လှေတစ်စီးက နှစ်စီးဖြစ်လာမယ်၊ ဒီထက် အမြောက်အများလဲ ဖြစ်လာနိုင်တယ်၊ အဲဒီအခါ မင်းငါ့လို သူဌေးတစ်ယောက် ဖြစ်လာမှာပေါ့ကွ၊ " သူဌေးကြီးက ကြီးပွားရေး လမ်းကြောင်းကို တွက်ပြသည်။
"အဲဒီအခါကျတော့ ကျွန်တော်က ဘာလုပ်ရမှာလဲ"
"အဲဒီအခါ မင်းငါ့လို အေးအေးဆေးဆေး ဇိမ်နဲ့နေနိုင်မှာပေါ့ကွ၊"
" သြ ၊ ကျွန်တော် အခုကော ဘာလုပ်နေတယ် ထင်လို့လဲ"

ကျွန်တော်ကြားဖူးတဲ့ ဇာတ်လမ်းလေးတစ်ခုက ဒီလိုခင်ဗျ....
တစ်နေ့တော ဘုရင်ကြီးတစ်ပါးက နေ့လည်စာစားဖို့ မင်းမှု့ထမ်းတွေ ပြင်ဆင်နေတာကို စောင့်ရင်းနဲ့ အိပ်ပျော်သွားပါသတဲ့...
ဘုရင်ဆိုတော့လည်း ပွဲတော်အုပ်က ၃၀၀လောက်ဆိုတော့ ကြာပေမပေါ့။ ဒါနဲ့ ပြင်ဆင်ပြီးတော့ အမှုထမ်းတွေက နိုးပါသတဲ့...
"ရွှေနန်းတော်အရှင် ဘုန်းတော့်သခင် ဘ၀ရှင် မင်းတရားကြီးဘုရား ..အမလေး မောလိုက်တာ..စားတော်ခေါ်ရန် ထတော်မူပါ့
နတ်ဦးသခင် နတ်နန်းရှင် အဲလေ ဦးရှင်ကြီးနဲ့ မှားကုန်ပြီ..အဲဒီမှာ ဘုရင်ကြီးက ဒေါသပုန်ထတော့တာပဲ သူအိပ်ကောင်းနေတာကို နိုးရပါမလားဆိုပြီးတော့လေ..ဟုတ်ကဲ့ ကျွန်တော်တို့ ခံစားတယ်ဆိုတာမှာ ဘယ်လောက်လှအောင်ဆင်ဆင် အရေပြားတစ်ထောက်စာပါ
ဘယ်လောက်တန်ဖိုးကြီးတာတွေ၊ ကောင်းတာတွေနဲ့ စားစား တစ်ဝမ်းစာပါ၊ ကျွန်တော်တို့ ခံစားမှု့နောက်ကို မလိုက်ဖို့ ...
စာကြွင်း။ ။ ဟီး ခု window 7 ထွက်တယ်ဆိုလို့ ကျွန်တော်လိုချင်နေတယ်..တောင့်ထား မလိုက်နဲ့ ..မလိုက်နဲ့
ဆရာဖေမြင့်၏ နှလုံးသားအဟာရများ(၁) မှ ကူးယူဖော်ပြပါသည်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

နတ်ပြည်၊ငရဲပြည်တစ်ကယ်ရှိသလား

နတ်ပြည်၊ ငရဲပြည်တစ်ကယ်ရှိသလားဆိုတာကို အိုဘယ့်ခရီးသည် စာအုပ်မှ ဓမ္မာစရိယ ဦးဌေးလှိုင်ရေးသားတဲ့ အောက်ပါစာများကို ဖတ်ကြည့်ပါ။ ဆရာကြီးဦးဌေးလှိုင်သည် ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားခဲ့ပြီး မှော်ဘီမြို့နယ် လှပဒါးကျောင်းတွင်ရဟန်းပုဂ္ဂိုလ်များဆိုလျင် ဓမ္မာစရိယအောင်ပြီးသားနှင့် လူပဂ္ဂိုလ်ဆိုလျင် ဘွဲ့ရပြီးသားများကို စုစည်းပြီး မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး ဦးသောဘိတထံတွင် ကန္နီရွှေသိမ်တောရ ဆရာတော်ဘုရားကြီး၏ ကန္နီနည်းဖြင့် အရက် (၆၀)တရားစခန်းတွင် အားထုတ်ရာမှ တွေ့မြင်မှု့များကို ရေးသားထားခြင်းဖြစ်ပါသည်။

အံ့သြစရာတွေချဉ်းတွေ့မြင်ရ


ချုံ့၍ဘုရားတပည့်တော်လျှောက်ပါမယ်၊ သမထကျင့်စဉ်မှာ ဒီဝိသုဒ္ဓိမဂ်မှာတော့ နှာသီးဖျားသည်အစရင်ချိုင့်သည်အလယ်ချက်သည်အဆုံး၊ ချက်သည်အစ ရင်ချိုင့်သည်အလယ်၊ နှာသီးဖျားသည် အဆုံးပေါ့။ ဟိုမှာတော့ အဲဒီလို မဟုတ်ဘူး။ အထက်ဘ၀ဂ်သည်အစ ရင်ချိုင့်သည်အလယ် အောက်အာကာသသည် အဆုံးဆိုပြီးတော့တပည့်တော်တို့နိမိတ်အလင်းလုံးကိုအောက်ကိုဖောက်ချရပါတယ်။နှစ်သိန်းလေးသောင်းအထုရှိသောမြေကြီးကိုအလင်းလွန်ပူကြီးဒီလိုရစ်ပြီးတော့ဖောက်သွားသလိုတပည့်တော်အတိုင်းသား ငုံ့ကြည့်တော့ မြင်နေရပါတယ်။ တပည့်တော်ဖောက်လိုက်တဲ့ အလင်းလွန်ပူကြီးဟာဆိုရင် ရှိရှိ ရှိရှိ နဲ့ တော်တော်ကြာ ရပ်သွားပြီးတော့ ကြည့်လိုက်တော့ အောက်မှာစိမ်းပြာပြာ လှိုင်းကလေးတွေနဲ့ လွန့်နေတာ တွေ့ရပါတယ်။ အဲဒီလှိုင်းကလေးပေါ်မှာ လကလေးကသာနေတာတွေ့ရပါတယ်။ ဟာ ရေပေါ်မှာ 'လ' သာနေပါလားကြည့်လိုက်တော့ 'လ'လေးလို့ ထင်တာပေါ့လေ။ ကြည့်လိုက်တော့မဟုတ်ဘူး။ ငါ့ရဲ့လွှတ်လိုက်တဲ့ အလင်းဟာ အဲဒီရေပေါ်တင် သူကရပ်နေသေးတာပါလားလို့ သွားတွေ့တယ်။ အဲဒါနဲ့ တပည့်တော်ဆက်ပြီး ဖောက်တယ်ပေါ့ဘုရား။ အောက်ရောက်တော့ တိမ်တိုက်တွေ တွေ့ရတယ်။ အံ့သြစရာကောင်းတယ်ဘုရား။ မြေအောက်ရေ ရေအောက်လေ လေအောက်အာကာသ လောက၀ိဒူ အဖွင့်နဲ့လည်းပဲ အင်မတန်ကိုက်ညီပါတယ်ဘုရား။ So many Universal အဲဒီသိပ္ပံနည်းနဲ့လည်း ကိုက်ညီပါတယ်ဘုရား။
အဲဒီလို Method က နှစ်ရက်ထဲခိုင်းပါတယ်ဘုရား။ အဲဒီ Lesson က ဘာကိုပြတာလည်းဆိုတော့ တပည့်တော် သဘောပေါက်သွားတာ လျှောက်တာပါဘုရား။ ဟုတ်ချင်မှဟုတ်မှာပါ။ စကြာဝဋ္ဋာအနန္တကို တိုးလျှိုပေါက်ကြည့်ချင်ရာ အပိတ်အပင်အတားအဆီးမရှိ ကြည့်လိုရာကြည့်နိုင်တယ်ဆိုတဲ့ သင်ခန်းစာ နှစ်ရက်ပဲပေးပါတယ်။
ဘယ်လောက်အားရစရာ ကောင်းသလဲဘုရား။ ဥပမာ ရေကြောကိုကြည့်မယ်၊ ငလျင်ကြောကိုကြည့်မယ်၊ ဓါတ်သတ္တု၊ သယံဇာတ၊ ရေနံကြည့်မယ် ၊ ဇီဝလက်နက်တွေကြည့်မယ်၊ ဘယ်သူဘာလုပ်နေတယ်၊ အကုန်ကြည့်လို့ မရဘူးလားဘုရား။ သိပ်သေချာတာပေါ့။ ဒီထက်သိမ်မွှေ့တဲ့ ဗြဟ္မာတွေ သိကြားတွေက Metting ထိုင်နေတာ တပည့်တော်တို့ ဒီအတိုင်းတွေ့တာပဲ။ ဟာ ဓတရဠက ဒီမှာ၊ ၀ိရူပက္ခက ဒီမှာ၊ ၀ိရူဠက၊ ကုဝေရ၊ ဟောသူ့အဆောင်အယောင် သူ့အ၀တ်အစားတွေနဲ့ ၊ ဒီက သိကြားမင်း ၊ ဒီက မိဖုရားတွေ အတိုင်းသား တပည့်တော်တို့မြင်ရတယ်။ အံ့သြစရာ အလွန်ကောင်းပါတယ်။ ဒီက နိမိတ်လွှတ်လိုက်တဲ့အခါကျတော့ ဟယ်လီကော်ပတာတို့၊ ရော့ကက် ဒုံးပျံတို့လွှတ်တင်လိုက်တဲ့အခါမှာ မီးခိုးတန်းကြီးကျန်ခဲ့သလို၊ ဒီနှာသီးဖျားက ထွက်သွားတဲ့ အဖြူအလင်းရောင်တန်းကြီးဟာ ဟို တာဝတိသာက စူဠာမဏိစေတီကို ရောက်သွားတာပါပဲ။ ရောက်သွားတဲ့အခါကျတော့ သိကြားမင်းက ဆီးပြီးကြိုတယ်။ မိဖုရားလေးယောက်နဲ့ ဆီးပြီးကြိုတယ်။ လာမယ်ဆိုလို့ကြိုနေတာပါတဲ့ ....
မယုံကြည်နိုင်လောက်အောင်ကို ဆန်းကြယ်တဲ့တရားတွေ။ လာမယ်ဆိုလို့ဆိုတာက လှမ်းပြီးမေတ္တာပို့တယ်။ ကြိုးမဲ့ကြေးနန်းလိုပေါ့။ မေတ္တာထက်ကောင်းတာမရှိဘူး၊ ဖူးခွင့်ပေးပါ ခွင့်တောင်းလိုက်တယ်။ အဲဒီလိုသိနေတော့ ကြိုဆိုကြတာပေါ့။
ဒီအလင်းတန်းကြီးရဲ့ညာဖက်က နတ်သားတွေချည်းတန်းစီပြီး လက်အုပ်ချီပြီးတော့ ကြိုနေကြတာ။ တစ်ဖက်က နတ်သမီးတွေချည်းပဲ တန်းစီပြီး လက်အုပ်ချီပြီး ကြိုဆိုနေကြတာ။ နတ်သားကသီးခြား နတ်သမီးကသီးခြား။ ဒါလည်းမှတ်ထားနော်။
သိကြားမင်းကိုယ်တိုင် ဆံတော်နဲ့ စွယ်တော်ဌာပနာထားတဲ့ နေရာကို လိုက်လံပြီးတော့ပြသကြတယ်။ ဒါတွေဟာ မယုံကြည်လောက်အောင်ကို ဆန်းကြယ်တဲ့ အရာတွေပါ။
ဒါကြောင့်ဆရာတော်ဘုရားကြီးက ယောဂီတွေပြနေတာ နှစ်ပေါင်းသုံးဆယ်ရှိပါပြီ။ ဘယ်သူမှမပြောရဘူး။ မယုံကြည်တဲ့သူတွေ အကုသိုလ်ဖြစ်လိမ့်မယ်....ဆိုပြီး ပိတ်ထားတယ်။
မနှစ်ကနွေက ကျွန်တော့်လဲပြလိုက်ရော ဒီတရားကို ကျွန်တော်လည်းဝင်အားထုတ်လိုက်ရော၊ ကျွန်တော်တင်မကဘူး ခေတ်ပညာတတ်ပုဂ္ဂိုလ်တွေရောဆိုတော့ တစ်ခါတည်းပဲ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ပြောကြဆိုကြ တီးတိုးတီးတိုးပြောကြ၊ ပြောပြီးဝမ်းသာအားရ ဖြစ်ကြရ။
ဒီလို လက်နဲ့ကိုင်ပြီးပြလို့ရတဲ့တရားတွေ ဘာပြုလို့ဖုံးကွယ်ထားရမှာတုံး။ နိုင်ငံခြားသားတွေ၊ လက်တွေ့မှ ယုံမယ်ဆိုတဲ့သူတွေအတွက် အင်မတန်မှထိုက်တန်တဲ့ တရားတွေပါလား။ ဒီလိုဖြစ်လာကြပါတယ်။ ၀မ်းသာစရာပါပဲ။ တစ်သက်နဲ့တစ်ကိုယ် သာသနာတော်မြတ်ရဲ့ ဘုန်းကံတွေကြောင့် ဖူးမြော်ခွင့်ရကြတာပဲ။
ဗြဟ္မာပြည်ရောက်တော့လည်း ဒီအတိုင်းပါပဲ။ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြ၊ လိုက်လံပြီတော့ ပြသကြတယ်။
နတ်ပြည်ဆိုတာ မန္ဓာတုစကြာမင်းတို့ နေမိမင်းတို့ အစရှိတဲ့ လူသားတွေရောက်တာ ဗုဒ္ဓစာပေထဲမှာ တစ်ယောက်၊ နှစ်ယောက်လောက်ပဲရှိပါတယ်။ ဒီလို အစုလိုက် အပြုံလိုက်သွားပြီးတော့ ဘုရားဖူးကြ ပြန်လာကြ နောက်တစ်သုတ်က တက်သွားကြဆိုတော့ ကျွန်တော်စဉ်းစားမိတယ်။ တာဝတိသာတို့ ၊ ဟို...မပြောကောင်း ပြောကောင်းပေါ့လေ အကနိဌဗြဟ္မာဘုံဟာ ဒီစကြာဝဠာမှာ အမြင့်ဆုံးဘုံ။ ဒုဿစေတီ အမည်ရတဲ့ ဘုရားကြီးကလည်း အမြင့်ဆုံးဘုရားကြီး။
အဲဒီမှာရှိတဲ့ ဗြဟ္မာတွေနဲ့ နတ်တွေရဲ့ မီဒီယာတွေကတော့ တော်တော့ကို လှုပ်ရှားသွားမှာပဲ။

ဟုတ်ကဲ့. ခုခေတ်လူငယ်လေးတွေနဲ့တော့ အရမ်းကိုက်တဲ့ကျင့်စဉ်ပါ။ နတ်ပြည်၊ ငရဲပြည် ရှိတယ်ဆိုတာ မယုံကြည်တဲ့ပုဂ္ဂိုလ်တွေ လက်တွေ့ကျင့်ကြံအားထုတ်ပြီး သိမြင်နိုင်ပါတယ်။ ကန္နီနည်းဟာ ခက်ခက်ခဲခဲလဲမရှိပါဘူး၊ သမထဘက်ကို ပိုအားပြုပြီး နိမိတ်အလင်းနဲ့ ကစားပြိး ရုပ်တွေကို ခွဲခြမ်းစိတ်ဖြာ ကြည့်နိုင်တဲ့နည်းပါ။ မမြင်ရရင်မယုံကြည်ဘူး၊မျက်စိနဲ့မြင်ရမှယုံမယ်ဆိုရင်တစ်ခုလောက်မေးပါရစေ၊ မိမိမျက်စိက ဘယ်လောက်ယုံရပါသလဲ၊ ရှိနေပြီး မိမိမျက်စိက မမြင်ရတာတွေ အများကြီးပါ၊ ဥပမာ လေ၊ တစ်ချို့ရောင်ခြည်တွေ၊ သံလိုက်စက်ကွင်းတွေ၊ ပိုးမွှားတွေ၊ အများကြီးပါပဲ။ ဆရာတော်ကြီးတစ်ပါးက သူ့ရဲ့ကျောင်းတိုက်အ၀င်ဝ မုဒ်ဦးကြီးမှာ သတိ နောက်ဘ၀ရှိသည်၊ငရဲပြည်ရှိသည်၊နတ်ပြည်ရှိသည်ဆိုတဲ့စာတမ်းကြီးကိုအထင်အရှားသတိပေးရေးထိုးထားပါတယ်။ ခုခေတ်လူငယ်လေးတွေ အထင်ကြီး အားကျ ယုံကြည်တဲ့ သိပ္ပံပညာဟာ ဘုရားရှင်တရားတော်တွေ မှန်ကန်ကြောင်း သက်သေခံဖော်ထုတ်ပေးနေပါပြီ။ လိုက်စားမယ်ဆိုရင်လဲ သိပ္ပံပညာကို အတွင်းကျကျသိအောင် လိုက်စားကြပါ။ Matter does not exit ဆိုတာကို သိပ္ပံပညာရှင်တွေဟာ ၀မ်းနည်းစွာနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀ ခန့်ကပင် ၀န်ခံပြီးပါပြီ။ ဘုရားရှင်ဟာ ရူပံ ဘိက္ခဝေ အနတ္တာ ဆိုပြီး ရုပ်မရှိကြောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကပင် ဟောကြားခဲ့ပြီးပါပြီ။ ဘုရားရှင်စကားတော်ကို မယုံကြည်တဲ့ လူသားတွေဟာ ဟုတ်ရဲ့လားဆိုတဲ့ သံသယနဲ့ ရှာဖွေခဲ့ကြရာ အနှစ် ၂၀၀၀ကျော်ကြာမှ သိနိုင်ခဲ့ကြပါတယ်။ ဘုရားရှင်စကားလေး တစ်ခွန်းကို သိဖို့ဒီလောက်ကြာမြင့်ခဲ့ပါတယ်။ ဘုရားစကားကိုသာ နားထောင်ပြီး ကျင့်ကြံအားထုတ် လိုက်နာကြမယ်ဆိုရင် ယနေ့ကမ္ဘာကြီးဟာ ဒီ့ထက်အများကြီး ငြိမ်းချမ်းနေမှာပါ။ ဘုရားရှင်၏ဓမ္မဒေသနာတော်တွေဟာ ဘယ်တော့မှ မမှားနိုင်တဲ့ ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်ရန် မရှိတဲ့ သစ္စာတရားတွေပါ။ ယနေ့ကမ္ဘာကြီးဟာ ဘုရားရှင်ချမှတ်ခဲ့တဲ့ နိစ္စသီလခေါ်တဲ့ ငါးပါးသီလကိုသာ မြဲမြံ ကျင့်သုံးကြမယ်ဆိုရင် အားလုံးလိုချင်တောင့်တတဲ့ တကယ်ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်မှာ သေချာပါတယ်။ ကန္နီတရားအားထုပ်နည်းနဲ့ တရားစာအုပ်တွေကိုပြည့်ပြည့်စုံစုံသိချင်ဖတ်ချင်ရင်ဒီကိုသွားပါ။အပြည်ပြည်ဆိုင်ရာကန္နီဖောင်ဒေးရှင်းပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Sunday, October 25, 2009

မိရိုးဖလာလွန် ဗုဒ္ဓဘာသာ

ကျွန်တော့်တွင် သမီးနှစ်ယောက်ရှိပါသည်။ အကြီးမှာ ၁၄နှစ်ဖြစ်ပြီး အငယ်မှာ ၅နှစ်ဖြစ်ပါသည်။ သမီးကြီးသည် သြကာသကန်တော့ချိုးကို ဆိုတတ်သော်လည်း ကန်တောချိုးပါ စာအားလုံး၏ အဓိပ္ပါယ်များကို မသိပါ။ ကျွန်တော်လည်း ယခင်က ဘာမှမသိဘဲ ဆိုခဲ့ဖူးပါသည်။ မိဘများမှလည်း ရှင်းလင်းပြခဲ့ခြင်းမရှိပါ။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များဖြစ်ပါသည်။ အခြားဘာသာဝင်တစ်ဦးဦး (သို့)ဘာသာမကိုးကွယ်သော ရုပ်ဝါဒီတစ်ဦးဦး၊ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း ဘာသာရေးဆိုင်ရာကျင့်
ဝတ်များအပေါ် အကျိုးအကြောင်း ဝေဖန်ဆန်းစစ် မေးမြန်းလာသောအခါ မိရိုးဖလာဗုဒ္ဓ၀ါဒီသည် ရှင်းလင်းဖြေကြားနိုင်စွမ်း
မရှိတော့ပေ။

သြကာသကန်တော့ခန်း
မေး ။ ။ သြကာသဆိုတာ ဘာအဓိပ္ပါယ်လဲ။
ဖြေ ။ ။ သြကာသဆိုတာ ပါဠိစကားလုံးဖြစ်တယ်။ သြကာသဆိုတဲ့ပုဒ်ဟာ အဓိပ္ပါယ်အမျိုးမျိုးဖြစ်နိုင်ပေမယ့် ဒီနေရာမှာတော့
အခွင့် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ သြကာသ သြကာသ သြကာသ ရှိခိုးကန်တော့ပါရစေဘုရားလို့ ကန်တော့ခွင့်
တောင်းခြင်းဖြစ်တယ်။ သုံးကြိမ်ဆိုတာကတော့ ရိုသေလေးစားမှု့နဲ့ ခွင့်တောင်းခြင်းဖြစ်တယ်။
မေး ။ ။ အပါယ်လေးပါးဆိုတာဘာလဲ။
ဖြေ ။ ။ အပါယ်လေးပါးဆိုတာ ကုသိုလ်ကောင်းမှု့ပြူဖို့ ၊ အခွင့်အခါမရ၊ ချမ်းသာသုခမရှိတဲ့
ငရဲ၊
တိရစ္ဆာန်၊
ပြိတ္တာ၊
အသူရကာယ် လေးမျိုးဖြစ်ပါတယ်။
မေး ။ ။ ငရဲ ဆိုတာဘာလဲ။
ဖြေ ။ ။ ငရဲ ဆိုတာ အကုသိုလ် ဒုစရိုက်ပြုတဲ့သူတွေ သေတဲ့အခါရောက်ရှိရတဲ့ ချမ်းသာသုခ လုံးဝမရှိ၊ မီးတောက်မီးလျှံတွေ
အမြဲလောင်ကျွမ်းနေတဲ့ ဒီကမ္ဘာမြေကြီးရဲ့အောက် ယူဇနာ တစ်သောင်းငါးထောင်အကွာမှာရှိတဲ့ သိဇ္ဇိုင်းငရဲ ၊ကာလသုတ်
ငရဲ ၊ သံဃာတငရဲ ၊ ရောရုဝငရဲ ၊ မဟာရောရုဝငရဲ ၊ တာပန ငရဲ ၊ မဟာတာပန ငရဲ ၊ အ၀ီစိ ငရဲ ၊ ဆိုပြီး
ငရဲကြီး ရှစ်ထပ်ရှိပါတယ်။ တစ်ယူဇနာ = ၁၃မိုင်ခန့်
မေး ။ ။ ပြိတ္တာ ဆိုတာဘာလဲ။
ဖြေ ။ ။ တစ္ဆေ ၊ မှင်စာ ၊ သူရဲသဘက် ၊ ဖုတ်ကောင် ၊ ကျတ်ကောင် တွေကို ပြိတ္တာလို့ခေါ်တယ်။ သုဿန်၊ အိမ်ကြို
အိမ်ကြားစသည်မှာ ထမင်း ၊ ဟင်းကျန်၊ တံတွေး ၊ အံဖတ် ၊ အပုတ်အစပ်တွေကို ရှာစားနေတဲ့ သတ္တ၀ါတွေဖြစ်တယ်။
မေး ။ ။ အသူရကာယ် ဆိုတာဘာလဲ။
ဖြေ ။ ။ အသူရကာယ် ဆိုတာ ပြိတ္တာ အကြီးစားတစ်မျိုးပဲ ၊ လူတွေနဲ့ ဝေးကွာတဲ့ သမုဒ္ဒရာမြစ်ကမ်းမှာ နေကြတယ်။
သူတို့ရဲ့အကုသိုလ်ကြောင့် ရေမသောက်၊ အစာမစားရတဲ့ သတ္တ၀ါတွေဖြစ်တယ်။
မေး ။ ။ ကပ်သုံးပါးဆိုတာ ဘာလဲ။
ဖြေ ။ ။ ကပ်ဆိုတာ အကြီးအကျယ်ပျက်စီးခြင်းလို့ ခေါ်တယ်။ ကပ်သုံးမျိုးရှိတယ်။
ရောဂန္တရကပ် ဆိုတာရောဂါတွေ ကျရောက်ပျက်စီးခြင်းကို ဆိုတယ်။ ဥပမာ ယခင်ကျောက်ရောဂါ ၊ ပလိပ်ရောဂါ ၊
ကာလ၀မ်းရောဂါတွေ ဖြစ်တုန်းက လူတွေအကြီးအကျယ် ပျက်စီးပြီးသေကျေခဲ့ကြတာတွေကို ရောဂန္တရကပ်ဆိုက်တယ်
လို့ဆိုတယ်။ ခုခေတ်မှာလဲထိတ်လန့်နေကြရတာပဲမဟုတ်လား။ H1N1တို့ ၊ ဆား (စ်) ရောဂါတို့ဆိုတာ ကုသလို့မနိုင်
တော့ဘူးဆိုရင် လူတွေအကြီးအကျယ် ပျက်ဆီးကြမှာပဲ မဟုတ်လား။
သတ္တန္တရကပ်ဆိုတာ လက်နက်တွေနဲ့ ထိခိုက်ပျက်စီးသေကြေကြတာကို ခေါ်တယ်။ ခုခေတ်ဆို အချိန်မရွေး သေကြေ
ပျက်စီးနိုင်တာပေါ့။ အနုမြူလက်နက်တွေက နိုင်ငံတိုင်းပိုင်ဆိုင်နေကြတာ။
ဒုဗ္တိက္ဓန္တကပ် ဆိုက်တယ်ဆိုတာ ရာသီဥတုတွေ ဖောက်ပြန်ပျက်စီးပြီးဖြစ်စေ ၊ စစ်မက်ထူပြော၍ဖြစ်စေ၊ ပိုးမွှားဖျက်စီး၍
ဖြစ်စေ မစိုက်ပျိုးနိုင်ဘဲ ငတ်မွတ်ခေါင်းပါးခြင်းကို ခေါ်တယ်။ ငတ်မွတ်ခေါင်းပါးပြီး လူအများသေကြေ ပျက်စီးခြင်းကို
ဆိုလိုပါတယ်။
မေး ။ ။ ရပ်ပြစ်ရှစ်ပါးဆိုတာ ဘာလဲ။
ဖြေ ။ ။ အပြစ်ရှိတဲ့ အရပ်ရှစ်ပါးကို ရပ်ပြစ်ရှစ်ပါးလို့ခေါ်တာပါ။ ထိုအရပ် ထိုဘ၀ ရှစ်မျိုးသို့ ရောက်ရှိနေလျင် မဂ်ဖိုလ်နိဗ္ဗာန်ကို
ရောက်အောင် တရားအားထုတ်ရန် အခွင့်အခါ မရလို့ အပြစ်ရှိတဲ့အရပ်၊ အပြစ်ရှိတဲ့ဘ၀လို့ ဆိုရတယ်။
အပါယ်လေးပါးရှိတဲ့အနက် အသူရကာယ်ကို ပြိတ္တာအမျိုးအစားထဲထည့်ပြီး
(၁) ငရဲ
(၂) တိရစ္ဆာန်၊
(၃) ပြိတ္တာ၊
(၄) အသညသတ် နဲ့ အရူပဗြဟ္မာဘုံ၊
(၅) သာသနာမရောက်နိုင်တဲ့ဒေသ၊
(၆) သာသနာကိုမယုံကြည်တဲ့ မိစ္ဆာဒိဋ္ဌိ လူမျိုးဖြစ်ခြင်း၊
(၇) တရားတော်ကို နားလည်နိုင်သော ဥာဏ်မရှိသူ ဖြစ်ခြင်း၊
(၈) ဘုရားမပွင့်တဲ့အခါ လူလာဖြစ်ခြင်း၊
အဲဒီ အရပ်ရှစ်မျိုးထဲမှာ ရောက်ရှိနေတဲ့ သတ္တ၀ါတွေဟာ တရားတော်ကိုနာကြားခွင့်၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းတရားကို
အားထုတ်ခွင့်မရတဲ့အတွက် ထိုအရပ်ဒေသတွေကို ရောက်မှာ ဗုဒ္ဓဘာသာဝင်တွေဟာ ကြောက်ကြတယ်။ ဒါကြောင့်
သြကာသ ဆုတောင်းထဲမှာ ထည့်ပြီးဆုတောင်းထားခြင်းဖြစ်တယ်။
မေး။ ။ ရန်သူမျိုးငါးပါးဆိုတာ ဘာလဲ၊
ဖြေ။ ။ (၁) ရေ ၊ (၂) မီး ၊ (၃) မင်း (၄) ခိုးသူ (၅) မချစ်မနှစ်သက်သောသူ (သို့) အမွေခံသားဆိုး၊သမီးဆိုး ဤငါးမျိုးကို
ရန်သူမျိုး ငါးပါးလို့ခေါ်ပါတယ်။
မေး။ ။ ၀ိပတ္တိတရားလေးပါးဆိုတာ ဘာလဲ။
ဖြေ။ ။ (၁) ကာလ၀ိပတ္တိ = မင်းဆိုး၊ မင်းညစ် အုပ်ဆိုးသောခေတ်နှင့် ကြုံရခြင်း၊
(၂) ဂတိဝိပတ္တိ = အပါယ်လေးဘုံ၌ ဖြစ်နေရခြင်း၊
(၃) ဥပတိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါလက္ခဏာ ဖောက်ပြန်ချွတ်ယွင်းခြင်း၊
(၄) ပယောဂ၀ိပတ္တိ = ကောင်းသောအမှု့ကိစ္စ၌ အားထုတ်လုံ့လ မပြုခြင်း ဆိုတဲ့ ၀ိပတ္တိခေါ် ဖောက်ပြန်ချွတ်ယွင်းပျက်စီးမှု့
ဟာလေးမျိုးရှိတယ်။
မေး။ ။ ဗျသနတရား ငါးပါးဆိုတာ ဘာလဲ။
ဖြေ။ ။ ပျက်စီး ဆုံးပါးခြင်းကို ဗျသနတရားလို့ခေါ်တယ်။
(၁) ဥာတိဗျသန= ဆွေမျိုးများပျက်စီးခြင်း၊
(၂) ဘောကဗျသန= စည်းစိမ်ဥစ္စာ ပျက်စီခြင်း၊
(၃) ရောဂဗျသန= အနာရောဂါဖြစ်၍ ကျန်းမာမှု့ပျက်စီးခြင်း၊
(၄) ဒိဋ္ဌိဗျသန= မှားသောအယူကိုယူခြင်း၊
(၅) သီလဗျသန= အကျင့်သီလ ပျက်စီးခြင်း၊
မေး။ ။ မဂ်တရားဆိုတာ ဘာလဲ။
ဖြေ။ ။ မဂ်တရားဆိုတာ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် လေးပါးကိုလဲ ခေါ်တယ်၊ အဲဒီလေးပါးကို
လောကုတ္တရာ ကုသိုလ်လေးပါးလို့လဲ ခေါ်တယ်၊ အဲဒီ မဂ်ကုသိုလ်လေးပါးရတဲ့ ပုဂ္ဂိုလ်ကို မဂ္ဂဋ္ဌာန်လေးယောက်လို့ခေါ်တယ်။
မေး။ ။ ဖိုလ်တရားဆိုတာ ဘာလဲ။
ဖြေ။ ။ ဖိုလ်တရားဆိုတာ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ် လေးပါးဖြစ်တယ်။ အဲဒီ ဖိုလ်လေးပါးကို
ရနေတဲ့ ပုဂ္ဂိုလ်လေးယောက်ကို ဖလဋ္ဌာန်လေးယောက်လို့ခေါ်တယ်။ တစ်ယောက်စီကိုတော့ အစဉ်အတိုင်း သောတာပန်၊
သကဒါဂမ်၊ အနာဂါမ်၊ ရဟန္တာလို့ ခေါ်တယ်။
မေး။ ။ နိဗ္ဗာန်တရားဆိုတာ ဘာလဲ။
ဖြေ။ ။ လိုချင်တပ်မက်မှု့တဏှာ မရှိသဖြင့် ဆင်းရဲဒုက္ခလဲ မရှိတော့ဘဲ အေးငြိမ်းချမ်းသာမှု့ကို နိဗ္ဗာန်လို့ခေါ်တယ်။
ဆရာသောင်းလွင် (ဘီအေ) ၏ မိရိုးဖလာလွန်ဗုဒ္ဓဘာသာမှကူးယူဖော်ပြပါသည်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, October 24, 2009

တစ်ကြိမ်မှာတစ်ခု

ကျွန်တော် ဒီစာလေးဖတ်မိပြီး ကျွန်တော့်ဘ၀မှာ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့ပါသည်။ တချို့လည်းဖတ်ဖူးပါလိမ့်မည်။

ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုကို ပြောပြသည်။ နေ၀င်ဆည်းဆာအချိန် ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်သွားရင်းက ဟိုးအဝေးဆီမှာ လူတစ်ယောက်လှမ်းမြင်ရသည်။ နည်းနည်းနီးလာတော့ ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည်။ သည်လူကကမ်းခြေသောင်စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲ လွှင့်ပစ်သည်။ သည့်နောက် အဲသည်လိုပဲနည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျင် ကောက်ယူလိုက် လွှင့်ပစ်လိုက် လုပ်နေသည်။
ကျွန်တော်တို့မိတ်ဆွေ သူ့အနားရောက်သွားပြီး သေသေချာချာကြည့်တော့ လှိုင်းနှင့်ပါလာပြီး သဲသောင်ပြင်ပေါ်တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲပြန်ပစ်ထည့်ပေးနေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။သည်လူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော့်မိတ်ဆွေ စဉ်းစားမရ ဖြစ်သွားသည်။ သို့နှင့် သူ့ကိုနှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည်။ " မသိလို့မေးပါရစေဗျာမိတ်ဆွေဘာလုပ်နေတာပါလိမ့်"
"ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ပေးနေတာလေ၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ ဒီရေကျချိန် သောင်ပြင်ပေါ်မှာ တင်ကျန်ခဲ့တဲ့ကောင်တွေဟာ ရေတက်တဲ့အချိန်ရောက်အောင် ဒီမှာအကြာကြီးစောင့်နေရမှာ၊ ဒါပေမယ့် အဲဒီလောက်ကြာရင်အောက်စီဂျင်ပြတ်ပြီး သေမှာပဲ"
"ဟုတ်ကဲ့၊ အဲဒါတော့ ကျွန်တော်လဲ သဘောပေါက်ပါတယ်" ကျွန်တော့်မိတ်ဆွေက ဆိုသည်။ "ဒါပေမယ့်
ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်နဲ့ချီပြီး ရှိနေမှာပေါ့ဗျာ၊ အဲဒီကောင်တွေအားလုံး ခင်ဗျား ဘယ်လို လိုက်ကောက်မလဲ၊ တစ်ယောက်တည်း မနိုင် နိုင်ဘူးလေဗျာ၊ ပြီးတော့စဉ်းစားကြည့် ဒီကမ်းရိုးတန်းတစ်လျှောက်လုံးဆိုရင် ခုလိုသောင်ပြင်ပေါင်းရာချီရှိမှာပေါ့၊ ဒီသောင်စပ်တိုင်းမှာ ရှိနေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်မလဲ၊ သူ့သဘာဝနဲ့သူဖြစ်နေတာ၊ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေထူးခြား ပြောင်းလဲသွားနိုင်မလဲ"
ဒေသခံ ပုဂ္ဂိုလ်က ပြုံးသည်။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်သည်။ ထို့နောက် " တခြားကောင်တွေ
အတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ" ဟု ဆိုကာ ပင်လယ်ရေထဲ လှမ်းပစ်ထည့်လိုက်လေသည်။

ဖေမြင့် နှလုံးသားအာဟာရများ (၁) မှ ပြန်လည်ဖော်ပြပါသည်။
ဆရာဖေမြင့်ခင်ဗျား တစ်ခြားကောင်တွေအတွက် ထူးခြား မထူးခြားမသိပေမယ့် ကျွန်တော်တစ်ကောင် အတွက်တော့
ဆရာ့ရဲ့ တစ်ကြိမ်မှာ တစ်ခုကြောင့် ထူးခြားသွားခဲ့ရပါတယ်ဆိုတဲ့အကြောင်း..ဆရာဝမ်းသာပါစေ....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Wednesday, October 21, 2009

ဓမ္မပဒ

၁။ လူမိုက်တို့သည် ဤလောက၌ မိမိတို့ အမြဲမနေ သေရဦးမည်ကို မအောက်မေ့ မဆင်ခြင်ဘဲ ခိုက်ရန်ပွားကုန်၏။
ပညာရှိတို့သည်ကား မိမိတို့ အမြဲမနေ သေရဦးမည်ကို သိမြင် ဆင်ခြင်ကြ၍ ၊ သူမိုက်တို့ကို မတုဘဲ ၊ ခိုက်ရန်ငြိမ်းအောင်ပြုကုန်၏။

1.Many do not know what we are here in this world to live in harmony. Those who know this do not fight against each other.

၂။ ဤလောက၌ ရန်တို့သည် ရန်တုံ့မူခြင်းအားဖြင့် ဘယ်အခါမှ မငြိမ်းကုန်။ ရန်တုံ့မမူသဖြင့်သာလျင် ရန်တို့သည် ငြိမ်းကုန်၏။ ဤသို့ရန်တုံ့မမူသဖြင့် ရန်ငြိမ်းခြင်းသည် ရှေးအစဉ်အလာ ဓမ္မတာ သဘောပေတည်း။

2.For hate is not conquered by hate: hate is conquered by love. This is a law eternal.

၃။ ဤသူသည် ငါ့ကို ဆဲရေး၏ ။ ငါ့ကို ညှင်းဆဲ၏ ။ ငါ့ကို နိုင်၏ ။ ငါ၏ ဥစ္စာကို ခိုး၏ ဟူ၍ စိတ်၌ အမျက်ထားလျက် ရန်ငြိုးဖွဲ့ ကြသောသူတို့မှာ ရန်သည်မငြိမ်းလေ။ စိတ်၌ အမျက်မထား ရန်ငြိုးမဖွဲ့ကြသော သူတို့မှာ ရန်သည်ငြိမ်းလေ၏ ။

3.He insulted me, he hurt me, he defeated me, he robbed me. Those who think not such thoughts will be free from hate.

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Related Posts with Thumbnails
ဒီဇိုင်း : Free Skin For Myanmar Bloggers