Tuesday, December 8, 2009

ထောင်မကျသော သူခိုးကြီးများ


(၂)အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

"Abstinence from taking what is not given to one"

“သူတစ်ပါး မပေးသော ဥစ္စာကို မခိုးယူပါ” ဟု အဓိဋ္ဌာန်နှင့် ဆောက်တည်ရမယ်။ “မပေးသော ပစ္စည်းဥစ္စာကို မယူ” ဟူသော စကားကို ဗုဒ္ဓဘာသာမှာ သုံးစွဲလေ့ရှိတယ်။ “ခိုးသည်” ဟု အသုံးအစွဲ နည်းပါတယ်။ ပိုင်ရှင်က ပစ္စည်းဥစ္စာကို ကျွန်ုပ်တို့ လက်ထဲသို့ ပေးအပ်မှသာ ပေးမှုအရာ မြောက်တယ်။ မပေးလျှင် ပေးမှုအရာ မရောက်၍ “မပေးတာမယူ” ဟူသော ဝေါဟာရက ပို၍ မှန်ကန်ပါတယ်။ မပေးတာယူလျှင် ဤသိက္ခာပုဒ်ကို ကျူးလွန်ရာ ရောက်ပါတယ်။ ကိုယ်ထိလက်ရောက် ပေးမှသာလျှင် ယူသင့် မယူသင့် ယုံမှားသံသယ ကင်းရှင်းတယ်။

အခြား အဒိန္နာဒါန ကိစ္စမှာ အလေးစဉ်းလဲ၊ တောင်းစဉ်းလဲ ချိန်တွယ် ရောင်းချရာ၌ မရိုးသားခြင်း၊ ချိန်စဉ်းလဲ၊ ပေါက်ဈေးနှုန်းထက် ဈေးနှုန်းပိုယူခြင်း၊ လုပ်အားလခ လျှော့ပေးခြင်း၊ ပစ္စည်းတန်ဖိုးကို အပိုအမို ချဲ့ကားပြောဆို၍ တောင်းခြင်း၊ နို့ကို ရေရောသကဲ့သို့ ပစ္စည်းကို ရောနှောခြင်း စသည်တို့ ပါဝင်ကြပါတယ်။ လုယက်တိုက်ခိုက် အတင်းယူခြင်းမှာ အထက်ပါကိစ္စတို့ ကြီးထွားမှုပင် ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ ပေါင်မုန့်တစ်လုံးကို ခိုးယူလျှင် ဖမ်း၍ ထောင်ချ ပစ်တယ်၊ လူတစ်ယောက်ကတိုင်းပြည် တစ်ပြည်လုံးကို အတင်းတိုက်ခိုက် သိမ်းယူလျှင် “အင်ပါယာ ရှင်ကြီး၊ ကမ္ဘာ့အုပ်စိုးသူကြီး” စသည်ဖြင့် ချီးကျူးကြပါတယ်၊ ပုထုဇဉ်တို့သည် ရူးမိုက်နေကြပါတယ်၊ ကလေးများ ငတ်နေ၍ ခိုးသူကိုသာ သူခိုးဟုခေါ်ပြီး၊ သူများတိုင်းပြည် သိမ်းယူသူကို အင်ပါယာသခင် ဘွဲထူး ပေးကြပါတယ်၊ နည်းနည်းခိုးသူကို အပြစ်ဒဏ်ချမှတ်ပြီး အများကြီးခိုးသူကို ဂုဏ်ပြုချီးကျူးကြပါတယ်၊ ကျောက်တိုင် မော်ကွန်းထိုးပြီး သမိုင်းမှာ “ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး” ဟု မှတ်တမ်းတင်ကြပါတယ်။

သူများတိုင်းပြည်ကို အတင်းသိမ်းပိုက်သူမှာ သူခိုးအကြီးဆုံး ဖြစ်တယ် လို့ မမြင်ကြဘူး၊ “မဟာ” ဟူသော ဘွဲ့ ကိုပင် ပေးအပ်ကြတယ်၊ ဥပမာ-“မဟာအလက်ဇန္နားဘုရင်ကြီး”၊ မဟာဆီဆာ ဘုရင်ကြီး၊ မဟာနပိုလီယံဘုရင်ကြီး၊ ” ဟု သမိုင်းစာအုပ်များကပင် ချီးကျူးခဲ့ကြပါတယ်၊ သူတို့သည် ထောင်မကျသည့်အပြင် “မဟာ” ဟူသော ဘွဲ့ထူးကိုပင် ရရှိကြတယ်၊ သူခိုးကြီးများ အတွက် ထောင်က သေးငယ်လွန်းသောကြောင့်လား မဆိုနိုင်ဘူး၊ လူမိုက်တို့သာလျှင် ယင်းပုဂ္ဂိုလ်တို့ကို ချီးကျူးတတ်ကြပါတယ်၊ သူတို့လူနှင့် သူတို့ လောကမှာတော့ ဟုတ်နေကြတာပါပဲ။

ဓမ္မာစရိယ ဦးဌေးလှိုင် စုစည်းစီစဉ်သည့် အီတာလျံဘုန်းတော်ကြီး ဦးလောကနာထ၏ ကမ္ဘာလှည့်တရား မှ.......


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ပညတ်တော်ဆယ်ပါးထက်သာတဲ့ငါးပါးသီလ


ဘုန်းကြီးငယ်ငယ်က ရောမ ဗရင်ဂျီဘာသာဝင် ဖြစ်ခဲ့တုန်းက ပညတ်တော်ဆယ်ပါး သင်ပြပို့ချ ပေးကြတယ်။ ထူးဆန်းတာက အဲဒီ ပညတ်တော်ဆယ်ပါးထဲမှာ "Thou shalt not drink" အရက် မသောက်ရဆိုတဲ့ ဘုရားသခင်ရဲ့ အမိန့်ပညတ် တားမြစ်ချက် မပါဝင်တာပါပဲ။ အရက်သေစာ မသောက်ကြနဲ့လို့ ပညတ်ဖို့ လိုအပ်ပါတယ်။

ဘုန်းကြီး ဗုဒ္ဓဘာသာဝင် ဖြစ်လာတော့ ငါးပါးသီလကို စတင်တည်ဆောက်ရပြီး၊ အရက်မသောက်ခြင်းဟာ သီလမှာ အရေးကြီကြောင်း တွေ့လာရတယ်။ ငါးပါးသီလဟာ အရေအတွက် နည်းပေမယ့် ပညတ်တော် ဆယ်ပါးထက် တိကျ ပြည့်ဝ စုံလင်ပါတယ်။ လူသားရဲ့ အကျင့်စာရိတ္တ ၀ါရိတ္တသီလအတွက် ခြုံငုံမိတယ်၊ လုံလောက်တယ်။

"The Five Precepts are more complete and more conclusive than The Ten Commandments"

နောက်ထူးခြားချက် တစ်ခုကတော့ ငါးပါးသီလဟာ ဗုဒ္ဓရဲ့ အမိန့် ပညတ်တော်မဟုတ်ဘူး။ သရဏဂုံယူပြီး ၊ သူ့ဟာသူ အလိုဆန္ဒနဲ့ သူ့အင်အားအရ ထိန်းသိမ်းရတယ်။ အမိန့်တော်ကြီး မဟုတ်ဘူး။ မြတ်စွာဘုရားက သူများကို ' ဒါမလုပ်နဲ့ ၊ ဒါကိုလုပ်' လို့ အမိန့်ချမှတ်တာ မဟုတ်ဘူး။ မိမိတို့ရဲ့ သဒ္ဒါ၊ သတိ၊ ၀ီရိယအလျောက် ထိန်းရတာမို့ လွတ်လပ်မှု ရှိကြပါတယ်။ ဇွတ်ခိုင်းစေခြင်း မခံရဘူး။ မြတ်စွာဘုရားက သီလကိစ္စမှာ အကြံပေး ဥာဏ်ပေးရုံ လမ်းညွှန်ပေးရုံသာ ဖြစ်ပါတယ်။

မြတ်စွာဘုရားက သတ္တ၀ါအားလုံးကို လူကြီးတွေ၊ ဆင်ခြင်ဥာဏ်ရှိသူတွေလို ဆက်ဆံပြီး တရားဟောပြပေးတယ်။ ကလေးတွေလို အာဏာနဲ့ မဆက်ဆံဘူး။ ဇွတ်မခိုင်းဘူး။ မခြိမ်းခြောက်ဘူး။ ဒါကြောင့် ကျွန်ုပ်တို့မှာသာ သတိပညာလေ့ကျင့်ကြရင် ပညာရှင် အတွေးအခေါ်ရှင် ဒဿနပညာရှင် လူရင့်မကြီးများလို ဖြစ်ကြရတယ်။ ဒါကြောင့် ဘယ်အလုပ်က မှန်တယ်။ ဘယ်အလုပ်က မှားတယ်ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ခွင့် ရကြတယ်။ မြတ်စွာဘုရားက လမ်းမှန်ပြသပေးထားတော့ အမှားအမှန်ကိစ္စမှာ မခဲယဉ်းတော့ပါဘူး။ ဘုရားက အပြစ်ဒဏ်ပေးမှာကြောက်လို့ မကောင်းမှုကို ရှောင်ကြဉ်နေရတာမျိုး မရှိတော့ဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာကို သိပ္ပံနည်းကျ ဘာသာလို့ ခေါ်တာ။

ဘုန်းကြီးဟာ ကလေးလို လူမိုက်လို ဆက်ဆံခံရတာကို မကြိုက်လို့ ဘာသာကူးပြောင်းခဲ့တယ်။ ဗုဒ္ဓ ဒေသနာက ကိုယ့်အားကိုယ်ကိုး ဘာသာပဲ။ ကိုယ့်သီလ သမာဓိ ပညာနဲ့ မဂ္ဂင်လမ်းမှာ ကိုယ်တိုင်လျှေက်ကြရတယ်။ ဘုရားက လမ်းပြရုံပဲ။

I naturally become a buddhist because I dont wish to be treated like a child, but like a man.

ဓမ္မာစရိယ ဦးဌေးလှိုင် စုစည်းစီစဉ်သည့် အီတာလျံဘုန်းတော်ကြီး ဦးလောကနာထ၏ ကမ္ဘာလှည့်တရား မှ.......



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

သတ္တိဆိုတာ

............

“အဲဒီတော့ ရှင်က ကျွန်မကို သတ္တိရှိတယ်လို့ ယူဆတယ်ပေါ့” သူမက မေးသည်။

“ဟုတ်တယ်”

“အင်းလေ.........ဟုတ်ချင်လဲ ဟုတ်မှာပေါ့၊ ဒါပေမဲ့ သတ္တိရှိတယ် ဆိုရင်လဲ အဲဒီလို သတ္တိရှိလာအောင် နှိုးဆွပေးခဲ့တဲ့ ပုဂ္ဂိုလ်တချို့ကြောင့်လို့ ဆိုရမှာပါ၊


လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ကျွန်မ စတင်းဖို့ဒ် ဆေးရုံမှာ စေတနာ့ဝန်ထမ်း အလုပ် လုပ်ခဲ့ဖူးတယ်။ အဲဒီမှာ လီဇာဆိုတဲ့ လူနာမိန်းခလေး တစ်ယောက် ကျွန်မတွေ့ရတယ်။ သူကလေးက အင်မတန် ဖြစ်ခဲတဲ့ ရောဂါဝေဒနာဆိုးတစ်မျိုးကို ခံစားနေရတာ၊ သူ နာလန်ပြန်ထူလာဖို့အတွက်က အသက်ငါးနှစ်ပဲရှိသေးတဲ့ သူ့မောင်လေးဆီက သွေးကို သွင်းပေးတဲ့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်၊ ဒီမောင်လေးက သူကိုယ်တိုင် သူ့အစ်မရဲ့ ရောဂါမျိုး ဖြစ်ခဲ့ဖူးပြီး ထူးခြားအံ့သြဖွယ် ပြန်ကျန်းမာ ရှင်သန်လာခဲ့သူလေးပဲ။ အဲဒီရောဂါကို ခုခံတွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းတွေလဲ သူ့ရဲသွေးထဲမှာ ဖြစ်ပေါ်ခဲ့တယ်၊ ဆရာဝန်က ဒီကလေးကို သူ့အစ်မရဲ့ ရောဂါအခြေအနေအကြောင်း ရှင်းပြပြီး အစ်မအတွက် သူ့သွေးကို ပေးလိုတဲ့ဆန္ဒ ရှိသလားလို့ မေးတယ်၊ ကောင်လေးဟာ ခဏတော့ တွေသွားတာ ကျွန်မ သတိထားမိတယ်၊ အဲဒီနောက် သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ ပြန်ဖြေတယ်၊ 'မမအသက်ကို ကယ်နိုင်မယ်ဆိုရင် ကျွန်တော်ပေးပါ့မယ်' တဲ့။

“အဲဒါနဲ့ သူ့ဆီက သွေးကို သွင်းတဲ့အခါ အစ်မခုတင်ဘေးမှာ သူလဲ ခုတင်တစ်လုံးနဲ့ လှဲရင်း ကြည့်နေတယ်၊ ကောင်မလေး ပါးပြင်မှာ သွေးရောင်သန်းလာတော့ ကျွန်မတို့ ကြည့်နေသူတွေအားလုံးနည်းတူ သူလဲ ပြုံးနေတာပဲ၊ အဲဒီနောက်တော့ သူ့မျက်နှာလေးက ဖြူရော်ရော် ဖြစ်လာပြီး အပြုံးလေးလဲ ပြယ်သွားတယ်၊ ပြီးတော့ ဆရာဝန်ကို မော့ကြည့်ပြီး တုန်တုန်ယင်ယင် အသံလေးနဲ့ သူမေးရှာတယ်၊ 'ကျွန်တော် အခု တစ်ခါတည်း သေသွားတော့မှာလား' တဲ။

“ကလေးက ငယ်တော့ ဆရာဝန် ရှင်းပြတာကို ကောင်းကောင်း သဘောမပေါက်ဘူး၊ သူက သူ့အစ်မအတွက် သွေးပေးရမယ်ဆိုတာ သူ့သွေးအားလုံး ဖောက်ပေးလိုက်ရမယ်လို့ ထင်ထားတာကိုး”

“အဲဒါပါပဲ သတ္တိစိတ် မွေးပေးတဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ခဲ့ရဖူးလို့ ကျွန်မမှာလဲ သတ္တိဆိုတာ ရှိတတ်လာခဲ့တာပါ”

(မူရင်း။ ။ Dan Millman ၏ On Courage)

ဖေမြင့်၏ နှလုံးသာအာဟာရ (ရသစာများ) မှ.....................



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Sunday, December 6, 2009

ကမ္ဘာလောကကြီး သာယာစေချင်လျှင် သင့်မျက်နှာကို အရင်ဆုံး ပြုံးထားလိုက်ပါ


တစ်နေ့က ကျွန်တော် နယူးယောက်မှာ မိတ်ဆွေ တစ်ယောက်နှင့်အတူ တက္ကစီ စီးသည်။ ကားထဲက ထွက်တော့ မိတ်ဆွေက ဒရိုင်ဘာကိုပြောသည်။ “ကျေးဇူးပါပဲဗျာ၊ ခင်ဗျား ကားမောင်းပုံ သိပ်ကောင်းတာပဲ”

တက္ကစီ ဒရိုင်ဘာက ရုတ်တရက် တွေသွားသည်။ ပြီးတော့မှ “ဘာလဲဗျ၊ နောက်တာလား” ဟုပြန်ပြောသည်။


”မဟုတ်ဘူးဗျ၊ မနောက်ပါဘူး၊ ကျွန်တော်တကယ် ပြောတာပါ၊ ကားတွေရှုတ်ရှုက်ခတ်တဲ့ နေရာမှာ ခင်ဗျား တည်တည်ငြိမ်ငြိမ် အလုပ်လုပ်တာ သဘောကျလို့ပါ”

“အင်းလေ” ဆိုပြီး ဒရိုင်ဘာ မောင်းထွက်သွားသည်။

“နေစမ်းပါဦးဗျ၊ ခင်ဗျားဟာက ဘာလုပ်တာလဲ”

ကိုယ့်ချည်းရှိတော့မှ ကျွန်တော် မေးမိသည်။

“နယူးယောက် မြို့ကြီးထဲမှာ မေတ္တာတရားတွေ ပြန့်ပွားလာအောင် ဖြန့်ဝေပေးနေတာဗျ၊ ဒီမြို့ကို ကယ်တင်နိုင်ဖို့ ဒီတစ်နည်းပဲ ရှိတယ်” မိတ်ဆွေက ဆိုသည်။

“ခင်ဗျား တစ်ယောက်တည်းနဲ့ ဒီမြို့ကြီးတစ်ခုလုံး ဘယ်မှာ ကယ်နိုင်ပါမလဲဗျ”

“တစ်ယောက်တည်း မဟုတ်ဘူးလေဗျာ၊ အခုကြည့် ဒီဒရိုင်ဘာ သူ့ဘာသာ တစိမ့်စိမ့်တွေးပြီး ကျေနပ်သွားမယ်လို့ ကျွန်တော်ယုံကြည်တယ်။ အကယ်၍ ဒီနေ့မှာ သူနောက်ထပ် ခရီးသည် ၂၀ မောင်းပို့ပေးရမယ် ဆိုပါတော့၊ သူ့အပေါ် ကျွန်တော်တစ်ယောက် ကောင်းထားလို့ ဖြစ်ပေါ်တဲ့ ကျေနပ်မှုလေးကြောင့် သူ ဒီ လူ၂၀အပေါ် သဘောကောင်းကောင်းနဲ့ ဆက်ဆံတော့မယ်ဗျ၊ အဲဒီလူတွေက တစ်ခါ ဆင့်ပွားပြီး သူတို့နဲ့ဆက်ဆံရတဲ့ အလုပ်ရှင်တွေ ၊ အလုပ်သမားတွေ၊ ဆိုင်ရှင်တွေ၊ စားပွဲထိုးတွေကို ပျူပျူ ငှာငှာ ဆက်ဆံမယ်၊ ကိုယ့်မိသားစုတွေ အပေါ်မှာလဲ ပိုကြင်နာသွားမယ် ဆိုရင် ဒီတစ်ဦးအပေါ် တစ်ဦး ချစ်ကြည် ရင်းနှီးမှုဟာ အနည်းဆုံး လူ ၁၀၀၀လောက်ဆီအထိ ပြန့်သွားလိမ့်မယ်ဗျ၊ အဲဒါဆို ဘယ်ဆိုးမလဲ မဟုတ်ဘူးလား”

“ဒါပေမယ် ခင်ဗျားရဲ့ ချစ်ကြည်ရေး စိတ်ဓာတ်ကြီး ပြန့်ပွားဖို့အတွက်က အဲဒီ တက္ကစီ ဒရိုင်ဘာအပေါ်မှာ လုံးလုံး လျားလျား မူတည်မနေပေဘူးလားဗျာ”

“ဟာ.......ဘယ်ဟုတ်မလဲ၊ သူတစ်ဦးတည်းအပေါ်တော့လဲ ကျွန်တော် ဘယ်လုံးလုံးလျားလျား ပုံအပ်ထားပါ့မလဲ၊ သေချာအောင် လုပ်ရမှာပေါ့၊ ကျွန်တော်ဒီနေ့ လူဆယ်ယောက်နဲ့ အဲဒီလို မေတ္တာဖြန့်ကျက် ဆက်ဆံဖို့ ရည်ရွယ်ထားတယ်၊ ဆယ်ယောက်ထဲက သုံးယောက်ဆီကို ပြန့်ပွားသွားရင် သူတို့ကနေ ဆင့်ပွားပြီး လူ ၃၀၀၀မှာ စိတ်သဘောကောင်းတွေ ၀င်သွားမယ်”

“စာရင်းအရတော့ အိုကေနေတာ အမှန်ပါပဲ၊ ဒါပေမယ့် လက်တွေ့မှာ ခင်ဗျား တွက်ထားတဲ့အတိုင်း ဖြစ်လိမ့်မယ် လို့တော့ ကျွန်တော် မထင်ဘူး”

“မဖြစ်တော့လဲ ဘာနစ်နာသွားတာ မှတ်လို့ဗျာ၊ လူတစ်ယောက်ကို ခင်ဗျား လုပ်ပုံ ကိုင်ပုံ တော်ပါပေတယ်ဗျာလို့ ချီးမွမ်းစကား ဆိုရတဲ့အတွက် ကျွန်တော့်မှာလဲ ဘာအချိန်မှ ကုန်မသွားပါဘူး၊ ဒီလိုပြောပြီး ဘောက်ဆူး ပိုပေးစရာလဲ မလို၊ ကိုယ့်စကား သူ့ရင်ထဲ ၀င်မသွားတော့လဲ ဘာဖြစ်လဲ၊ နောက်နေ့ နောက်ထပ် တက္ကစီသမား တစ်ယောက်နဲ့တွေ့တော့ သူဝမ်းသာသွားအောင် စိတ်ချမ်းသာ ကြည်နူးသွားအောင် ကျွန်တော် ထပ်ပြောရုံပေါ့”

“အင်း ခင်ဗျားလဲ တစ်နည်းတစ်ဖုံ ကြောင်တဲ့ ပုဂ္ဂိုလ်ပဲကိုး” ကျွန်တော် မှတ်ချက်ချမိသည်။

“ဟာအဲဒါပဲ၊ ခင်ဗျား နှလုံးသားတွေ ဘယ်လောက် မာကျောနေပြီလဲဆိုတာ ဒီမှာပေါ်တယ်၊ ကျွန်တော် ဒီကိစ္စ အတော်လေ့လာ ထားပြီးပြီ၊ ကျွန်တော်တို့ စာပို့ဌာန ၀န်ထမ်းတွေပဲ ဆိုပါစို့၊ သူတို့မှာ ဘာလိုနေသလဲ ကြည့်လိုက်ရင် အသိအမှတ်ပြုစကားဗျ၊ ငွေတော့ ထည့်မပြောနဲ့တော့ပေါ့ဗျာ.......ဟုတ်လား၊ သူတို့ အသိအမှတ်ပြု မခံရဘူးဗျ၊ ဘယ်သူကမှ ခင်ဗျားတို့ လုပ်နေတဲ့ စာပို့တိုက်အလုပ်ကြီးဟာ ကောင်းပါတယ်၊ အကျိုးပြုပါတယ် မပြောကြဘူး”

“ဟ...ခင်ဗျားလူတွေကလဲ ကောင်းကောင်းမှ မလုပ်ကြဘဲဗျ”

“ခင်ဗျားပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ သူတို့စိတ်ထဲမှာ ငါတို့ ကောင်းကောင်းလုပ်လုပ် မလုပ်လုပ် အကြောင်းမထူးဘူး၊ ဘယ်သူမှလဲ အရေးမစိုက်ဘူး၊ အသိအမှတ်မပြုဘူး ဆိုတာကြီးက စွဲနေတာကိုး၊ အဲဒီတော့ တစ်ယောက်ယောက်က သူတို့အပေါ် ကြင်နာတဲ့စကား အသိအမှတ်ပြုတဲ့စကား ပြောမပေးသင့်ဘူးလားဗျ”

စကားပြောရင်း လျှောက်လာကြရာ ဆောက်လက်စ အဆောက်အဦး တစ်ခု အနီးသို့ ရောက်လာသည်။ အဲသည်မှာ အလုပ်သမား ၅ယောက် နေ့လည်စာ စားနေကြတာတွေ့တော့ ကျွန်တော့် မိတ်ဆွေက ရပ်ပြီး စကားပြောသည်။

“ခင်ဗျားတို့ အဆောက်အဦးကြီး ကြည့်ရတာ အရမ်းသားနားတယ်ဗျာ၊ အတော် ခက်ခက်ခဲခဲ လုပ်ရမှာပဲ၊ အန္တရာယ်လဲ များမယ့်ပုံ”

အလုပ်သမားများ ကျွန်တော့်မိတ်ဆွေကို သင်္ကာမကင်းဟန်ဖြင့် ကြည့်ကြသည်။

“ဘယ်တော့ပြီးမလဲဗျ” မိတ်ဆွေက ဆက်မေးသည်။

“ဇွန်လ” တစ်ယောက်က တိုတို ပြတ်ပြတ် ဖြေသည်။

“ဟာ......ဟုတ်လား၊ ကောင်းတယ်ဗျာ ခင်ဗျားတို့အဖို့တော့ ကိုယ့်လုပ်ရပ်အတွက် ဂုဏ်ယူစရာပါ”

ကျွန်တော်တို့ ထွက်လာခဲ့သည်။

“အင်း ခင်ဗျားလို ပုဂ္ဂိုလ်မျိုးကတော့ ရှာမှရှားပဲဗျို့” ကျွန်တော် သြဘာပေးမိသည်။

သူကအေးအေး ဆေးဆေး။

“ရုတ်တရက်တော့ တစ်မျိုးပေါ့ဗျာ၊ ဒါပေမဲ့ ကျွန်တော့်စကားတွေ တဖြည်းဖြည်းစိမ့်ဝင်သွားလိမ့်မယ်၊ အဲဒီအခါကျတော့ ၀မ်းသာကြ စိတ်ကြည်နူးကြမှာပေါ့၊ သူတို့ စိတ်ချမ်းသာရင် အဲဒီအကျိုးဆက်ကို ဒီမြို့ကြီးထဲက တစ်ခြားလူတွေ ခံစားရလိမ့်မယ်”

“ဒါပေမဲ့ ခင်ဗျားတစ်ယောက်တည်း လုပ်နေရုံနဲ့တော့ ထင်သလောက် ဖြစ်မလာနိုင်ပါဘူးဗျာ” ကျွန်တော်က ငြင်းနေသည်။

“ဘယ်ဟုတ်မလဲဗျ၊ ဒီကိစ္စမှာ အရေးအကြီးဆုံး အချက်က အားမလျှော့ဖို့ပဲ၊ မြို့ကြီးတစ်မြို့လုံးက လူတွေ သဘောကောင်းလာအောင် လုပ်တဲ့ကိစ္စဗျာ၊ အလွယ်တကူတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ၊ ဒါပေမဲ့ ကျွန်တော့်စစ်ဆင်ရေးထဲမှာ တခြားလူတွေ ပါဝင်လာအောင် စည်းရုံးနိုင်မယ်ဆိုရင် .....”

“ကြည့်စမ်း....ဟေ့လူ.....ခင်ဗျား ခုနက အရုပ်ဆိုးဆိုး မိန်းမကို မျက်စပစ်ပြလိုက်တယ် မဟုတ်လား” ကျွန်တော် ကြားဖြတ်မေးသည်။

“ဟုတ်တယ်လေဗျာ၊ ဒါလောကက် အရုပ်ဆိုးတဲ့မိန်းမ ကျွန်တော် မျက်စပစ်ပြလိုက်တော့ သူ့ကိုလဲ သဘောကျတဲ့လူ ရှိသေးတာပဲ တွေးပြီး ကြည်နူးသွားမယ်၊ အကယ်၍ သူသာ ကျောင်းဆရာမ တစ်ယောက် ဖြစ်မယ်ဆိုပါတော့ အတန်းထဲက ကလေးတွေအဖို့တော့ ဒီနေ့ဟာ နေ့ထူးနေ့မြတ်ကြီးပေါ့” တဲ့။

ကျွန်တော့်မိတ်ဆွေက ပျော်ပျော်ကြီး ပြောဆိုနေလေသည်။

ဖေမြင့်၏ နှလုံးသာအဟာရများ မှ...................

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, December 5, 2009

သက်သတ်လွတ်စားသုံးခြင်း


မေး။ ။ “သက်သတ်လွတ် စားသုံးခြင်းသည် မည်သည့်ဘာသာ၏ အယူအဆ အကျင့်အကြံဖြစ်သည်၊ သက်သတ်လွတ် စားသုံးခြင်းဖြင့် မည်သည့်အကျိုးထူးများ ရရှိခံစားနိုင်သည်ကို ဖြေကြားပေးတော်မူပါဘုရား။

ဖြေ။ ။ သက်သတ်လွတ်နဲ့ ပတ်သက်ပြီး မေးကြ၊ ဖြေကြ၊ ဝေဖန်ဆွေးနွေးကြ၊ ငြင်းခုံလာကြတာဟာ ယနေ့အချိန် အထိ ကာလအတော်ကြာလာခဲ့ပါပြီ။ နှစ်ပေါင်း အင်္သေချေ အင်္သချာ မရေမတွက်နိုင်အောင် ကြာခဲ့ပါပြီ။ အဆုံးမသတ်သေးပါ။ ဘုရားရှင်ရဲ့ စကားတော်ကို ယုံကြည်လေးစားပြီး၊ မဇ္ဈိမပဋိပဒါကျကျ စိတ်ထား မတတ်ရင်တော့ ၊ မယူဆ တတ်ရင်တော့ နောင်လည်း ငြင်းခုံနေကြ ဦးမှာပါပဲ။ အဆုံးသတ်စရာ မမြင်ပါ။

ထေရ၀ါဒ ကျမ်းဂန်အရ ပြောရရင် သည်သတ်သတ်လွတ် ၀ါဒဟာ သည်ကမ္ဘာမှာ ပွင့်တော်မူခဲ့တဲ့ သုံးဆူမြောက် ကဿပဘုရားရှင် လက်ထက်မှာကတည်းက ရှိလာခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သက်သတ်လွတ်ဝါဒ ရှိမှန်း သိရာကာလကိုသာ ပြောတာပါ။ သည်ဝါဒ စတင်ပေါ်ပေါက်ရာ ကာလကိုပြောတာ မဟုတ်ပါဘူး။ စတင်ပေါ်ပေါက်ရာ ကာလကိုတော့ ဘယ်လိုမှ မမှန်းဆတတ်အောင် ဖြစ်ပါတယ်။

သည်နေရာမှာ တစ်ခု သတိထားရမှာက ယခုပြောပြနေတာဟာ ထေရ၀ါဒ ဗုဒ္ဓကျမ်းဂန်များအဆိုကို မဏ္ဍိုင်ထား ပြောပြနေတာ ဖြစ်ပါတယ်။ သိပ္ပံပညာ အဆိုများကို မဏ္ဍိုင်ထား ပြောကြားနေတာ မဟုတ်ဘူးဆိုတဲ့ အချက် ဖြစ်ပါတယ်။

သိပ္ပံပညာအရကတော့ လူဟာ မျောက်က ဆင်းသက်လာတာ။ သတ္တ၀ါတွေဟာ ပင်လယ်ရေညှိကလေးတွေက စတင် လာခဲ့တာ။ အင်္ဂါဂြိုလ်၊ လကမ္ဘာ စသည်တို့မှာ သက်ရှိသတ္တ၀ါတွေ စတင်ဖြစ်ပေါ်လာရတာ ဖြစ်ကောင်း ဖြစ်မယ်ဆိုပြီး အဲသည်နေရာတွေမှာ ဂြိုလ်တုတွေ လွတ်ပြီး စူးစမ်းနေကြတာ ကြားသိနေရပါတယ်။ သူတို့ အလိုအရ ဘယ်အချိန်ကာလက သက်သတ်လွတ်ဝါဒ စတင်ခဲ့တယ်လို့ ဆိုမလဲ မပြောတတ်ပါဘူး။

သည်တော့ သက်သတ်လွတ်ဝါဒ ရှိမှန်းသိရာ ကာလကလေးဟာ စိတ်ဝင်စားစရာလည်းကောင်း၊ သက်သတ်လွတ် စားသင့်မစားသင့် ၊ သက်သတ်လွတ် စားကောင်းမစားကောင်း ဆိုတဲ့ အငြင်းပွားမှုကိုလည်း မိမိတို့ဥာဏ်နဲ့ အဆုံးအဖြတ်ပေးနိုင်စရာ ဖြစ်တာမို့ အဲသည်အကြောင်းကလေး ပြောကြရအောင်။

ယခု ဂေါတမရှင်တော်ဘုရား မပွင့်မှီအချိန်မှာ အာမဂန္ဓ ဆိုတဲ့ ဗြဟ္မဏတစ်ဦးဟာ သူငယ်ချင်း ငါးရာနဲ့အတူ ရသေ့ရဟန်းပြုပြီး ဟိမ၀န္တာတောမှာ နေကာ အမဲသားငါး လုံးဝမစားဘဲ တောသစ်မြစ် သစ်သီး သစ်ဥတွေကိုသာ စားသောက်နေကြသတဲ့။

ဆားတို့ အချဉ်တို့ကို လုံးဝ မစားကြဘူးတဲ့။ ဒါကြောင့် အဲသည်ရသေ့တွေ ကိုယ်ခံအားနည်းပြီး ကျန်းမာရေး ချို့ယွင်းလာတာနဲ့ ရွာသို့ သွားရောက်ကာ ဆားတို့ အချဉ်တို့ကို မှီဝဲ စားသောက်ကြတဲ့အတွက် ပြန်လည် ကျန်းမာလာပြီးတဲ့အခါ မိမိတို့နေမြဲ ဟိမ၀န္တာကျောင်းမှာ ပြန်နေကြသတဲ့။

အဲသည်အချိန်မှာ ဂေါတမ ရှင်တော်ဘုရား ပွင့်တော်မူလာပြီး ဒေသစာရီ လှည့်လည်တရားဟောရင်းနဲ့ ရသေ့တို့ နှစ်စဉ် လာရောက်လေ့ရှိတဲ့ ရွာကိုရောက်သွား တရားဟောတာနဲ့ ရွာသူ၊ ရွာသားတွေဟာ တချို့ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ တချို့ ရဟန်းပြုပြီး ရဟန္တာထိအောင် ဖြစ်ကြပါသတဲ့။

အာမဂန္တရသေ့ အမှူးရှိတဲ့ ရသေ့ငါးရာတို့ဟာ နှစ်စဉ်လာနေကြအတိုင်း အဲသည်ရွာ လာရောက်တဲ့အခါ ရွာသူ ရွာသားတွေ ပြောပြချက်အရ လောကမှာ ဘုရားပွင့်တော်မူပြီလို့ သိရတာနဲ့ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး “မေးစမ်းပါရစေ ဒကာတို့ အဲသည်ဘုရားရှင်ဟာ 'အာမဂန္ဓ' ကို ဘုဉ်းပေးသလားလို့ ”မေးတဲ့အခါ ဒကာတွေက မသိတာနဲ့ “အာမဂန္ဓဆိုတာ ဘာကိုခေါ်ပါသလဲလို့” ပြန်မေးရာ “အာမဂန္ဓ ဆိုတာ ငါးအမဲ၊ သားငါးပေါ့” လို့ ပြောတဲ့အခါ “အရှင်ရသေ့ ဘုရားရှင်ဟာ အာမဂန္ဓ-အမဲသားငါး ဘုဉ်းပေးပါတယ်လို့”ပြန်လျှောက်တော့ အာမဂန္ဓရသေ့ဟာ အတော်ကြီးစိတ်မချမ်းမသာ ဖြစ်သွားပြီး “အာမဂန္ဓ- သားငါး ဘုဉ်းပေးရင် ဘုရား မဟုတ်နိုင်ဘူး” လို့ ကောက်ချက်ချလိုက်ပါသတဲ့။

နောက်ဆက်ပြီး လောကမှာ ဘုရားဆိုတဲ့ အသံကို ကြားဖို့ရာ အလွန် ခဲယဉ်းတာပဲ။ ကိုယ်တိုင်သွားတွေ့၊ ဘုရား ဟုတ်မဟုတ် အသေအချာ သိရအောင် လုပ်တာကောင်းပါတယ်လို့ စဉ်းစားပြီး ဘုရားရှင်ရှိရာ သာဝတ္ထိပြည် အရောက် အလျင်အမြန်သွားပြီး တရားဟောခါနီး ဖြစ်နေတဲ့ ဘုရားရှင် အနီးအပါးမှာ ရှိလည်းမခိုး၊ လုံးဝ ဘာစကားမှလည်း မပြောဘဲ တိတ်ဆိတ်စွာ ထိုင်နေကြပါတယ်။

သည်အခါ ဘုရားရှင်က ကျန်းမာ ချမ်းသာကြောင်း စသည် ၀မ်းမြောက်ဖွယ်စကား မေးမြန်းပြောဆိုပြီးတဲ့နောက် အာမဂန္တရသေ့က “အရှင် ဂေါတမ၊ အရှင် အာမဂန္ဓကို ဘုဉ်းပေးပါသလားလို့” မေးလျှေက်တဲ့အခါ ဘုရားရှင်က “အာမဂန္ဓဆိုတာ ဘာလဲ” လို့ ပြန်မေးပါတယ်။ ရသေ့က “အာမဂန္ဓဆိုတာ သားငါးပေါ့” လို့ ပြန်လျှောက်တဲ့ အခါ ဘုရားရှင်က “သားငါး ဟာအာမဂန္ဓမဟုတ်ဘူး၊ ယုတ်မာ ဆိုးရွားတဲ့ ကိလေသာ အကုသိုလ်တရားတွေသာ အာမဂန္ဓ ဖြစ်တယ်”

“ရသေ့၊ သင်ရသေ့သာ အာမဂန္ဓ စား - မစား မေးတာ မဟုတ်ဘူး၊ ငါ့နောင်တော် ကဿပဘုရားရှင်ကို တိဿရသေ့ဟာ အာမဂန္ဓ စား - မစား မေးခဲ့ဖူးပြီ” လို့ မိန့်တော်မူကာ ကဿပဘုရားရှင်နဲ့ တိဿရသေ့တို့ရဲ့ အာမဂန္ဓ နဲ့ ပတ်သက်တဲ့ အမေးအဖြေကို အကျယ်ဟောပြတော် မူပါတယ်။

ကဿပဘုရားရှင်ရဲ့ ဖြစ်စဉ်ဟာ ဂေါတမဘုရားရှင်ရဲ့ ဖြစ်တော်စဉ်နဲ့ မတူတတ်တာကြောင့် ကဿပဘုရားရှင်ရဲ့ ဖြစ်တော်စဉ် ကဿပဗုဒ္ဓ၀င် အကျဉ်းကလေးကို ဗဟုသုတအတွက် ဖော်ပြလိုက်ပါတယ်။ ယခု ဂေါတမဗုဒ္ဓရှင်တော် ပွင့်တော်မမူခင်က ကဿပဘုရားရှင် ပွင့်တော်မူပါတယ်။ ကဿပ ရှင်တော်ဘုရားဟာ ဗြဟ္မဏမျိုးနွယ် ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ လက်ျာတော်ရံ အဂ္ဂသာဝကဟာလည်း ဗြဟ္မဏ မျိုးနွယ်ဖြစ်ပြီး တိဿ အမည်ရှိပါတယ်။ သူ့ဖခင်ကတော့ ဗာရာဏသီမင်းကြီးရဲ့ဆရာ ပုရောဟိတ်အမတ်ကြီး ဖြစ်ပါတယ်။ ကဿပမြတ်စွာဘုရားအလောင်းတော်နဲ့ တိဿသူငယ်တို့ဟာ တစ်နေ့တည်း ပဋိသန္ဓေနေ၊ တစ်နေ့တည်း ဖွားတော်မူကြတဲ့ ဖွားဖက်တော်များ ဖြစ်ပါတယ်။ အတူတကွ ကစားဖော် ကစားဖက်လည်း ဖြစ်ကြပါတယ်။

တိဿသူငယ်ရဲ့ ဖခင်အမတ်ကြီးက သားကိုခေါ်ပြီး “ချစ်သား တိဿ၊ တစ်နေ့မှာ ကဿပဟာ တောထွက်ရဟန်းပြုပြီး ဘုရားဖြစ်လိမ့်မယ်။ ချစ်သားလည်း ကဿပထံမှာ ရဟန်းပြုပြိး သံသရာမှ လွတ်မြောက်အောင်လုပ်ပါ” လို့ ပြောတဲ့အခါ “ကောင်းပါပြီ” လို့ ၀န်ခံပြီး ဘုရားအလောင်း ကဿပထံ သွားကာ “မိတ်ဆွေ ကျွန်ုပ်တို့နှစ်ယောက် ရဟန်းပြုရအောင်”လို့ အဖော်ညှိတဲ့အခါ ဘုရားအလောင်းတော်က “ကောင်းပြီ ပြုကြတာပေါ့”လို့ ပြောပေမယ့် တောမထွက်ဘူးတဲ့။ နောက်တစ်ကြိမ် တောထွက်ဖို့ အဖော်ညှိသော်လည်း တောမထွက်ပဲ နေပါသတဲ့။

ဒါနဲ့ တိဿသတို့သားဟာ အလောင်းတော် ဥာဏ်မရင့်ကျက်သေးလို့ ဖြစ်မှာပါပဲ ဆိုပြီး သူတစ်ဦးတည်း တောထွက် ရသေ့ဝတ်ပြီး တောင်ခြေတစ်ခုရှိ ကမ္မဋ္ဌာန်းကျောင်းမှာ နေပါသတဲ့။ အလောင်းတော်ဟာ ဥာဏ်ရင့်ကျက်လာတဲ့တစ်နေ့မှာ နန်းပြာသာဒ်မှာ နေရင်းနဲ့ အာနာပါနဿတိကမ္မဋ္ဌာန်း စီးဖြန်းကာ ဈန်အဘိဥာဉ်တို့ကို ဖြစ်စေပြီး နေထိုင်ရာ နန်းပြာသာဒ်ကြီးနဲ့တကွ ကောင်းကင်ခရီးဖြင့် ဗောဓိပင်နဲ့ မနီးမဝေးသို့ သွားရောက်ကာ နန်းပြာသာဒ် သူ့နဂို နေမြဲနေရာမှာ ပြန်စေလို့ အဓိဋ္ဌာန်ပြီး နန်းပြာသာဒ်ကြီးကို ပြန်လွတ်လိုက်ပါသတဲ့။

ရဟန်း မပြုတဲ့ပုဂ္ဂိုလ်ဟာ ဗောဓိမဏ္ဍိုင်(ဗောဓိပင်ရင်း) သို့ ချဉ်းကပ်လို့ မရနိုင်တဲ့အတွက် ရဟန်းပြုပြီးနောက် ဗောဓိမဏ္ဍိုင်သို့ ချဉ်းကပ် နေထိုင်ပြီး တရားအားထုတ်လိုက်တာ ခုနှစ်ရက်မြောက်တဲ့ နေ့မှာ ဘုရားဖြစ်တော် မူသွားပါသတဲ့။

အဲသည်အခါ ကဿပမြတ်စွာဘုရားဟာ ဣိသိပတအရပ်မှာ နေထိုင်ကြတဲ့ ရသေ့ပေါင်း နှစ်သောင်းတို့ကို ခေါ်တော်မူလိုက်ပြီး ဓမ္မစကြာတရား ဟောတော်မူလိုက်တာ အားလုံး ရဟန္တာ ဖြစ်ကုန်ပါသတဲ့။ ဘုရားရှင်ဟာ အဲသည် ရဟန္တာပေါင်းနှစ်သောင်း အခြံအရံနဲ့ ဣိသိပတနအရပ်မှာပဲ သီတင်းသုံးနေတော်မူပါတယ်။ ကာသိတိုင်းဘုရင် ကိကီမင်းကြီးက ဘုရားအမှူးရှိတဲ့ သံဃာတော်များကို ပစ္စည်းလေးပါးတို့ဖြင့် ထောက်ပံ့လှူဒါန်း ပြုစု လုပ်ကျွေးနေပါတယ်။

တစ်နေ့မှာ ဗာရာဏသီမြို့သားတစ်ယောက်ဟာ တောတောင်ထဲမှာ စန္ဒကူး နံ့သာနှစ်ကို ရှာဖွေနေတုန်း တိဿရသေ့နဲ့ တွေ့တဲ့အခါ “သင်ဘယ်ကလာသနည်း” မေးသဖြင့် ဗာရာဏသီမြို့က လာကြောင်းပြောရာ “ဗာရာဏသီမှာ ဘယ်လိုသတင်းထူးတွေများရှိသလဲ” မေးတာနဲ့ “ထူးဆန်းတဲ့အကြောင်းအရာကတော့ ဗာရာဏသီမှာ ကဿပဘုရားရှင် ပွင့်တော်မူနေတဲ့ အကြောင်းပါပဲ” လို့ ပြောတဲ့အခါ တိဿရသေ့ဟာ ကြားရခဲတဲ့စကားကို ကြားလိုက်ရတဲ့အတွက် အလွန်ပဲ နှစ်သက်ကျေနပ်သွားပါသတဲ့။

နောက်ဆက်လက်ပြီး “အဲသည် ကဿပဘုရားရှင်ဟာ အာမဂန္ဓ ကို ဘုဉ်းပေးသလား၊ ဘုဉ်းမပေးဘူးလား”လို့ မေးပြန်တဲ့အခါ ဗာရာဏသီမြို့သားက “အာမဂန္ဓဆိုတာ ဘာပါလဲ” လို့ ပြန်မေးတာနဲ့ ရသေ့က “အာမဂန္ဓဆိုတာ အမဲ သားငါးကို ခေါ်တယ်”လို့ ပြန်ပြောသဖြင့် “ဘုရားရှင်က အာမဂန္ဓဆိုတာကို ဘုဉ်းပေးပါတယ်လို့” ပြန်ပြောလိုက်ပါတယ်။ သည်စကားကြားတဲ့အခါ တိဿရသေ့ဟာ စိတ်မသက်မသာ ဖြစ်သွားပြီး စဉ်းစားလိုက်တယ်။

ဘုရားရှင်ကို ကိုယ်တိုင်သွားတွေ့ပြီး မေးမြန်းလျှောက်ထားမယ်။ ဘုဉ်းပေးတယ်ဆိုရင် သည်အမဲသားငါးဆိုတဲ့ အာမဂန္ဓကို ဘုဉ်းပေးမှုဟာ အရှင်ဘုရားတို့ရဲ့ ဗြဟ္မဏမျိုးဇာတ် အနွယ်တို့နဲ့ လုံးဝ မသင့်လျော်တဲ့အမှု ဖြစ်ပါတယ်လို့ ပြောဆိုပြီး မဘုဉ်းပေးအောင် တားမြစ်မယ်။ တားမြစ်ပြီးနောက် ဘုရားရှင်ထံမှာ ရဟန်းပြုပြီး သံသရာမှ လွတ်မြောက်အောင်လုပ်မယ်လို့ စဉ်းစားကာ အချိန်ဆိုင်းမနေဘဲ ချက်ချင်းဆိုသလို ဘုရားရှင် ရှိရာ ဗာရာဏသီမြို့ ဣိသိပတနအရပ်ရောက်အောင် သွားပါတော့တယ်။

သည်အချိန်မှာ ဘုရားရှင်ဟာ တရားဟောဖို့နေရာမှာ ထိုင်နေတော်မူပါတယ်။ တိဿရသေ့ဟာ ဘုရားအနီးအနားသွားပြီး ရှိမခိုး , ဦးမချ , စကားလည်းမပြောဘဲ ထိုင်နေပါတယ်။ တိဿရသေ့ကို ဘုရားရှင် မြင်တော်မူတဲ့အခါ ၀မ်းမြောက်ဖွယ်စကား မေးမြန်းတော်မူပါတယ်။ တိဿရသေ့ကလည်း ၀မ်းမြောက်ဖွယ်စကား ပြောဆို ထိုင်နေပြီး

“အရှင်ကဿပ၊ အရှင် အာမဂန္ဓ ကို ဘုဉ်းပေးပါသလား”

“ရသေ့ ၊ ငါ အာမဂန္ဓကို မဘုဉ်းပေးပါဘူး”

“အရှင်ကဿပ ကောင်းပေစွ၊ ကောင်းပေစွ၊ သူတစ်ပါး အသေကောင်ကို မဘုဉ်းပေးတာဟာ ကောင်းတဲ့အလုပ် ဖြစ်ပါပေတယ်၊ သည်လို မဘုဉ်းပေးတာဟာ အရှင်ကဿပတို့ရဲ့ အမျိုးဇာတ်အနွယ်နဲ့ လျော်ကန်သင့်မြတ်ပါပေတယ်” လို့ ပြောပါတယ်။

သည်အခါ ဘုရားရှင်က “ငါက အကုသိုလ် ကိလေသာဆိုတဲ့ အာမဂန္ဓကို ရည်ရွယ်ပြီး မဘုဉ်းပေးဘူးလို့ ပြောတယ်။ ရသေ့က ငါးအမဲကို အာမဂန္ဓလို့ ယုံကြည်နေတယ်။ နက်ဖြန်ခါ ဆွမ်းခံမကြွဘဲ ကိကီမင်းကြီး ပို့လှူတဲ့ ဆွမ်းကို ဘုဉ်းပေးပြီး သည်ပြဿနာကို ရှင်းမှပဲ လို့ ကြံစည်တော်မူကာ တိဿရသေ့နဲ့ ပြောဆိုမှုကို ရပ်စဲလိုက်ပါတယ်။

နောက်တစ်နေ့ နံနက်မှာ ဘုရားရှင်ဟာ ဂန္ဓကုဋိတိုက်ခန်းမှ ထွက်ကြွတော်မူပြီး ဘုရားရှင်အတွက် ခင်းထားတဲ့ နေရာမှာ ထိုင်တော်မူပါတယ်။ တိဿရသေ့လည်း ဟင်းရွက်ပြုတ်ကို စားရင်း ဘုရားရှင်အနီးမှာ ထိုင်နေပါတယ်။ အဲသည်အချိန်မှာ ကိကီမင်းကြီးဟာ အသားတို့ဖြင့်ထူးထူးခြားခြား စီမံထားတဲ့ ဆွမ်း၊ ဘောဇဉ်တို့ကို ပို့လှူကာ ဘုရားရှင်အား ဆက်ကပ် လုပ်ကျွေးစေပါတယ်။

ရှေးဦးစွာရေတော်ဆက်ကပ်ပြီးနောက် အသားအမျိုးမျိုးတို့နဲ့ အထူးစီမံထားတဲ့ ယာဂုကို ဆက်ကပ်ပါတယ်။ ဒါကို ရသေ့မြင်တဲ့အခါ ဘုဉ်းပေး၊ မပေး အကဲခတ် ကြည့်နေပါတယ်။ အဲသည်လို ရသေ့ကြည့်နေတုန်းမှာပဲ ဘုရားရှင်ဟာ ယာဂုကို ဘုဉ်းပေးလိုက်ပြီး အသားတုံးတစ်ခုကို ခံတွင်တော်ထဲ ထည့်လိုက်ပါတယ်။ ဒါကို ရသေ့ မြင်တဲ့အခါ စိတ်ဆိုးသွားပါတယ်။ ယာဂုဘုဉ်းပေးပြီးနောက် အရသာနဲ့ပြည့်စုံတဲ့ အသားဟင်းနဲ့ ဆွမ်းဘောဇဉ်တို့ကို ဆက်ကပ်တဲ့အခါ ရှင်တော်ဘုရား ဘုဉ်းပေးတော်မူတာကို တွေ့ရတဲ့ ရသေ့ဟာ ငါး အမဲကို ဘုဉ်းပေးလျှက်သားနဲ့ မဘုဉ်းပေးဘူးလို့ ပြောရမလားဆိုပြီး အကြီးအကျယ် စိတ်ဆိုးသွားပါတော့တယ်။

ယာဂုဆွမ်းများ ဘုဉ်းပေးပြီး ခြေ , လက်များ ဆေးကြောသုတ်သင်ကာ ထိုင်နေတော်မူတဲ့ ဘုရားရှင်ထံ ချဉ်းကပ်ကာ “အရှင်ဘုရား ကဿပ၊ အရှင်ဘုရားဟာ မုသားပြောတာပါလား၊ သည်လို မုသားပြောတဲ့အလုပ်ဟာ ပညာရှိတို့ရဲ့ အလုပ် မဟုတ်ပါဘူး။ မုသားပြောဆိုမှုကို ဘုရားရှင်များ ကဲ့ရဲ့တော် မူကြပါတယ်။ တောင်ခြေမှာ နေပြီး တောသစ်မြစ်, သစ်သီး , သစ်ဥ , သစ်ဖုများကို စားနေကြတဲ့ ရသေ့များဟာ မုသားမပြောကြပါဘူး” လို့ သက်သတ်လွတ်စားနေကြတဲ့ ရသေ့တွေကို ဂုဏ်တင်ပြီး ဘုရားရှင်ကို မုသာဝါဒ နဲ့ နှိပ်စက်ပြောဆိုပါတယ်။

တိဿရသေ့ဟာ သည်လိုပြောဆိုရင်းနဲ့ ဘုရားရှင်ကို ခြေဖ၀ါးပြင်က စပြီး အထက်ဆံဖျားတိုင်အောင် မော့ကြည့်တဲ့အခါ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ် အသွယ်သွယ် တို့ဖြင့် တင့်တယ်တော်မူတဲ့ ယောက်ျားမြတ် ပုဂ္ဂိုလ်တစ်ဦးဟာ မုသားစကားမပြောထိုက်ပါဘူး။ ကဿပဘုရားရှင်မှာ နောက်နောက်ဘ၀တွေက မုသားမပြော၊ မှန်သော သစ္စာစကားကိုသာ ပြောခဲ့တဲ့အတွက် မျက်မှောင်နှစ်ခုတို့အလယ် ၀ါဂွမ်းဆိုင် အနုကလေးသဖွယ် တင့်တယ်ဖြူဖွေးတဲ့ ဥဏ္ဍလုံမွေးရှင်တော်လည်း ရှိတယ်။ မွေးတွင်းတစ်ခုမှာ တစ်ပင်သာပေါက်တဲ့ မွေးညင်းတော်လည်း ရှိတယ်။ သည်လို မုသားမပြောတာကို ဖော်ပြတဲ့ လက္ခဏာတော်တွေ ရှိနေလျက်နဲ့ ဘယ့်နှယ့်ကြောင့် အာမဂန္ဓ ကို မစားဘူးလို့ မုသားပြောရတာလဲ။ သူဆိုလိုတဲ့ အာမဂန္ဓက ငါဆိုလိုတဲ့ အာမဂန္ဓနဲ့ တခြားစီများ ဖြစ်နေမလား။ မေးမြန်းကြည့်မှ သေသေချာချာ သိရတော့မှာပဲ” လို့ စဉ်းစားပြီး အလွန်ရိုသေစွာနဲ့.......................

“အရှင်ဘုရားကဿပ၊ အရှင်ဘုရားက ဘာကို အာမဂန္ဓလို့ ဆိုလိုတာပါလဲ” လို့ မေးလျှောက်တဲ့အခါ ကဿပဘုရားရှင်က “ရသေ့ ငါက ပါဏာတိပါတ အစရှိတဲ့ အကုသိုလ် ဒုစရိုက်တရားတွေ၊ ကိလေသာ တရားတွေ၊ တိတ္တိအကျင့်တွေ ပြုကျင့်တာကို အာမဂန္ဓ အညှီအဟောက်တွေ၊ စိမ်းစော်နံတယ်၊ အဆိပ်စော်နံတယ်၊ ပုပ်စော်နံတယ်လို့ ဆိုလိုတယ်။

သား, ငါး စားတာကို အာမဂန္ဓလို့ မဆိုလိုဘူး။ ကိုယ့်အတွက် သတ်တာကို မြင်ရတဲ့ အသားမျိုး၊ ကိုယ့်အတွက် သတ်တဲ့အသားပဲလို့ တစ်နည်းနည်းနဲ့ ကြားသိရတဲ့ အသားမျိုး၊ ကိုယ့်အတွက် သတ်တဲ့အသားများ ဖြစ်လေသလားလို့ သံသယ ဖြစ်ရတဲ့ အသားမျိုး အဲသည်အမြင်, အကြား, သံသယ ဆိုတဲ့ အစွန်းသုံးပါးမှ လွတ်တဲ့ အသားမျိုးဟာ လောကအပြစ်၊ ဓမ္မအပြစ် ဘာမှ မရှိတဲ့အတွက် အဲသည် အသားမျိုးစားတာကို အာမဂန္ဓလို့ မဆိုလိုဘူး” အကျဉ်းဟောပြပြီးတဲ့နောက် ဆက်လက်ပြီး.....................

တိဿရသေ့ သူ့အသက်သတ်ခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်း၊ မုသားဆိုခြင်း၊ အကျိုးမရှိသောကျမ်းဂန် တို့ကို သင်ယူခြင်း၊ သူတစ်ပါး မယားကို ပေါင်းဖော်မှီဝဲခြင်း၊ ဤသည်တို့ကား အာမဂန္ဓ - အညှီအဟောက်တည်း။ သား ငါး ဟူသော ဘောဇဉ်သည် အာမဂန္ဓမဟုတ်၊ အညှီအဟောက်မဟုတ်”

“အကြင်သူတို့သည် ဆူးအပေါ်၌အိပ်ခြင်း၊ မြေကြီးပေါ်၌အိပ်ခြင်း၊ အစာမစားဘဲနေခြင်း စသော ကိုယ်ကိုညှဉ်းဆဲခြင်း၊ အတ္တကိလမထာနုယောဂ အကျင့် ရှိကုန်၏။ ရှေ့တွင် ချီးမွမ်း၍ နောက်ကွယ်၌ ကဲ့ရဲ့ကုန်၏။ အဆွေခင်ပွန်းကို ပြစ်မှားကုန်၏။ သနားဂရုဏာ ကင်းကုန်၏။ အလွန် မာန်မူကုန်၏။ ပေးကမ်းတတ်သော အလေ့မရှိကုန်။ အလွန် စဉ်းလဲကုန်၏။ ထိုသူတို့၏ ဤအတ္တကိလမထ စသည်ပင် အာမဂန္ဓ အညှီအဟောက်တည်း။ သား , ငါး, ဘောဇဉ်သည် အညှီအဟောက် မဟုတ်။ အာမဂန္ဓ မဟုတ်။

“ကြွေးမှီကိုယူ၍ မပေးမဆပ် ဖျက်ဆီးတတ်သည့်အပြင် ကုန်းချောတတ်ကုန်၏။ တံစိုးစားကာ၊ လာဘ်ယူကာ ကောက်ကျစ်စဉ်းလဲသဖြင့် တရားစီရင်တတ်ကုန်၏။ သီလရှိယောင် အတုဆောင်တတ်ကုန်၏။ အမိ အဖ စသည့် လူကြီးသူမတို့အပေါ်၌ ရိုသေလေးစားမှုမရှိ၊ ရိုင်းစိုင်းကြမ်းတမ်း ကြကုန်၏။ ထိုသူတို့၏ ဤမကောင်းသော အလေ့အကျင့်သည်ပင် အာမဂန္ဓ အညှီအဟောက်တည်း၊ သား ,ငါးဟူသောဘောဇဉ်သည် အာမဂန္ဓ အညှီအဟောက် မဟုတ်။

ဤသူ့အသက်ကို သတ်ခြင်း စသော ဒုစရိုက်မှုကို ပြုကျင့်ခြင်း၊ ဆူးပေါ်၌အိပ်ခြင်း၊ အစာမစားဘဲနေခြင်း စသော တိတ္တိတို့၏ အတ္တကိလမထအကျင့်ကိုကျင့်ခြင်း စသည်တို့သည်သာ နှစ်သက်စရာ မဟုတ်တဲ့အတွက် လည်းကောင်း၊ ကိလေသာဟူသော မစင်ကြယ်သော သဘောနှင့် ရောနှောနေသောကြောင့်လည်းကောင်း၊ သူတော်ကောင်းတို့ စက်ဆုပ်ဖွယ်ရာ ဖြစ်တဲ့အတွက်လည်းကောင်း၊ လွန်လွန်ကဲကဲ ဆိုးဆိုး ရွားရွား စော်နံ(စိမ်းစော်နံ၊ အဆိပ်စော်နံ၊ ပုပ်စော်နံ) သောကြောင့်လည်းကောင်း အာမဂန္ဓ ဖြစ်ြကကုန်၏။

ကဿပရှင်တော်ဘုရားဟာ အထက်ဖော်ပြပါအတိုင်း သား, ငါး စတာကို အာမဂန္ဓလို့ မခေါ်ကြောင်း စသည်ဖြင့် ရှင်းပြပြီးတဲ့နောက် တိဿရသေ့၊ အချို့ ပုဂ္ဂိုလ်တို့ဟာ ငါးအမဲ မစားခြင်း၊ လုံးဝ အ၀တ်မ၀တ်ဘဲနေခြင်း၊ အစာမစားဘဲနေခြင်း၊ တရားကျင့်တဲ့ ရသေ့အသွင် ဆံကျစ်ထားခြင်း၊ တရားအားထုတ်နေရတဲ့အတွက် သွားတောင်မတိုက်အားသယောင် အာဘောင်ပြစ်ထေး သွားချေးဗရပျစ်နဲ့ နေခြင်း၊ အခင်းမပါ မြေမှာအိပ်ခြင်း၊ ဆူးပေါ်မှာအိပ်ခြင်း၊ ရေတောင်မချိုးအားအောင် တရားကျင့်နေရတဲ့အတွက် ကိုယ်မှာ ညစ်ထေးနေသယောင် ချေး(ဂျီး)ညှော် အလိမ်းလိမ်းနဲ့ နေခြင်း၊ သုံးနှစ်, ခုနှစ်နှစ်,တဆယ့်နှစ်နှစ်တိုင် ဆောင့်ကြောင့်ထိုင်နေခြင်း၊ နွေအခါ နေ့မွန်းတည့်ချိန် အမိုးအကာမရှိတဲ့ ဟင်းလင်းပြင်မှာ ဦးခေါင်းပေါ်တည့်တည့်က နေမင်းကြီး၊ လေးဘက်လေးတန်က မီးပုံလေးပုံအားဖြင့် အပူငါးခုရဲ့ အလယ်ကောင်မှာ ထိုင်နေခြင်း၊ (ပဉ္စတပ အကျင့်ခေါ်သည်) ဆောင်းဥတု အအေးဆုံးအချိန်မှာ မနက်စောစောကြီး မြစ်ထဲဆင်း ရေစိမ်ခြင်း၊ မိုးတွင်းအခါ အမိုးအကာအောက်မှာ မနေပဲ သစ်ပင်ရင်း ၀ါးရုံအောက်မှာနေခြင်း စသည် ကိုယ့်ကိုယ်ကို ညှင်းဆဲ နှိပ်စက်တဲ့ အတ္တကိလမထ အကျင့်တွေ(ဤ အကျင့်တွေကိုကြည့်ရင် အချို့တရားအားထုတ်သူများဟာ ခြင်ကိုက်ခံနိုင်တာ ဂုဏ်ယူပြီး “ဘယ်သူက ဘယ်လောက်အကြာကြီး ခြင်အကိုက်ခံပြီး ထိုင်နိုင်တယ်။ သူကတော့ ပိုပြီး အချိန်ကြာကြာ ခြင်အကိုက်ခံပြီး ထိုင်ခဲ့တယ် စသည်ဖြင့် ဂုဏ်ယူပြောဆိုနေကြတာဟာ အတ္တကိလမထ အကျင့်ထဲ ရောက်မရောက် စဉ်းစားစရာပဲလို့ ထင်ပါတယ်။ ရဟန်းတော်များ ခြင်အကိုက်မခံရဘဲ ချမ်းချမ်းသာသာနဲ့ သမာဓိရရ တရားအားထုတ်နိုင်အောင် ဘုရားရှင်က ခြင်ထောင် အသုံးပြုဖို့ ခွင့်ပြုတော်မူခဲ့ပါတယ်။)

ဗေဒင်ရွတ်အံသရဇ္ဈယ်နေတာတွေ၊ မီးပုံထဲ ထောပတ်တွေ လောင်းထည့်ပြီး မီးပူဇော်တာတွေ၊ သတ္တ၀ါ၏ အသက်ကို သတ်ပြီး ယဇ်ပူဇော်တာတွေ စသည်များဟာ မဂ်ဖိုလ်ရကြောင်း၊ သံသရာမှ ထွက်မြောက်ကြောင်းလို့ ထင်မြင်ယူဆပြီး ပြုလုပ်နေကြတာတွေမှန်သမျှ အားလုံးဟာ မိစ္ဆာဒိဋ္ဌိ (အယူမှားတွေ) တိုးပွားဖို့သာ ဖြစ်တယ်လို့ ဆက်လက်ပြီး ရှင်းလင်းဟောပြတော်မူပါတယ်။

သည်နေရာမှာ သက်သတ်လွတ်စားတာ (သား, ငါး မစားဘဲ ရှောင်ကြဉ်တာ) ကို အတ္တကိလမထအကျင့်တွေနဲ့ တန်းတူထားပြီး မိစ္ဆာဒိဋ္ဌိ ထဲ ထည့်သွင်း ဟောကြားတော်မူတာကို သတိပြုရပါမယ်။

ဒါကိုကြည့်ရင် သား,ငါး မစားဘဲ ရှောင်ကြဉ်တာ (သက်သတ်လွတ်စားတာ) ဟာ မဂ်၊ဖိုလ် ရကြောင်း အကျင့်တစ်ခု ဖြစ်တယ်လို့ ယူဆရင် မိစ္ဆာဒိဋ္ဌိအယူ ဖြစ်တယ်။ မဂ်ဖိုလ်ရကြောင်း အကျင့်က မဂ္ဂင်ရှစ်ပါး ဖြစ်ပါတယ်။ သက်သတ်လွတ်စားတဲ့ အကျင့်ဟာ မဂ္ဂင်ရှစ်ပါးထဲ မပါဘူး။ မဂ္ဂင်ရှစ်ပါးမှ လွတ်တဲ့ ၊မဂ္ဂင်ရှစ်ပါးထဲ မပါတဲ့ အကျင့်ဟာ မဂ် , ဖိုလ် မရစေနိုင်ပါဘူး။ ဒါကြောင့် မဂ်, ဖိုလ် ရကြောင်း အကျင့်တစ်ခုအနေနဲ့ သက်သတ်လွတ် မစားကောင်းဘူးလို့ မှတ်သားရမယ် ဖြစ်ပါတယ်။

သည်လိုမဟုတ်ဘဲ ကျန်းမာရေးကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အဓိဋ္ဌာန်ကြောင့်၊ ရည်မှန်းချက်ကြောင့်၊ အတတ်ပညာကြောင့်၊ စာမေးပွဲအောင်လိုသောကြောင့်၊ ထီပေါက်လိုသောကြောင့် စသည် စသည် ထိုထိုဤဤ အကြောင်းတွေကြောင့် သက်သတ်လွတ်စားတာက ဘာမှ ပြောစရာ မရှိပါဘူး။ သဘောအတိုင်း စားနိုင်ပါတယ်။

ရှေး အချို့ဆရာတော်ကြီးများလည်း သက်သတ်လွတ် သုံးဆောင်ကြပါတယ်။ ဒါပေမယ့် သူများကိုတော့ အထူးတိုက်တွန်းတော် မမူကြပါဘူး။ သက်သတ်လွတ်စားတဲ့ အတွက်လည်း အထူး ဂုဏ်တင်တော် မမူကြပါဘူး။

တစ်ခါက ရဟန်းငယ်တစ်ပါးဟာ ရဟန္တာလို့ ကျော်ကြားတော်မူတဲ့ ဘုန်းတော်ကြီး (ဆရာတော်ကြီး ဦးသီလ) ထံ သွားပြီး “တပည့်တော်များအား ဆရာတော်ဘုရားထံ နေခွင့်ပြုတော်မူပါ။ ဆရာတော်ဘုရားကြီးရဲ့ ၀တ်ကြီး ၀တ်ငယ်ကိုလည်း ပြုပါ့မယ်။ တရားလည်း အားထုတ်ပါ့မယ်။ သက်သတ်လွတ်လည်း စားပါမယ်” လို့ လျှေက်ထားပါတယ်။

ဆရာတော်ဘုရားကြီးက သိက္ခာဝါ၊ ပရိယတ္တိ အခြေအနေများကို မေးတော်မူပြီး “ဦးပဉ္စင်း ငယ်သေးတယ် ၊စာပေ အခြေခံလည်း နည်းသေးတယ်။ မူရင်းဆရာသမားများထံ ပြန်ပြီး စာပေသင်ကြားဦး၊ ငါးဝါကျော်ကျော်လောက် ရပြီး စာပေအခြေခံ အတော်ကလေးရမှ လာခဲ့ပါ။ တပည့်တော် သက်သတ်လွတ်စားတာက သွားနာ သက်သာလို့စားတာ။ သက်သတ်လွတ်စားမှ တရားအားထုတ်လို့ ဖြစ်မှာကြောင့် စားတာမဟုတ်ဘူး။” လို့ မိန့်တော်မူလိုက်ပါသတဲ့။

သား, ငါး စားတာနဲ့ ပတ်သက်ပြီး ဗဟုသုတအဖြစ် အနည်းငယ် ဆက်ပြောဦးမယ်.....................

လူသား၊ မြွေသား၊ မြင်းသား၊ ဆင်သား၊ ခွေးသား၊ ခြင်္သေ့သား၊ကျားသစ်သား၊ ကျားသား၊ ၀ံသား၊ အောင်းသား သည်အသား ဆယ်မျိုးကို သာသနာတော် ဝေါဟာရအားဖြင့် “အသားကြီးဆယ်မျိုး”လို့ ခေါ်ပါတယ်။

အဲသည် အသားကြီးဆယ်မျိုးကို နောက်ကပြခဲ့တဲ့ အစွန်းသုံးပါးမှ လွတ်သည်ဖြစ်စေ ၊မလွတ်သည်ဖြစ်စေ ရဟန်းတော်များ လုံးဝ မစားကောင်း၊ စားရင် အာပတ်သင့်ပါတယ်။

အကြောင်းကတော့ လူသားက ဇာတ်တူသားဖြစ်တယ်။ မြွေသား၊ ခွေးသားတွေက စက်ဆုပ်ရွံရှာဖွယ် အသားတွေ ဖြစ်တယ်။ မြင်းသား ၊ဆင်သားတွေက မင်းစီးတော်ယာဉ် ရတနာ စစ်အင်္ဂါတွေ ဖြစ်တယ်။ ခြင်္သေ့သား၊ ကျားသစ်သား၊ ကျားသား၊ ၀ံသား၊ အောင်းသားတွေက စားသူထံမှ အနံ့ရရင် ခြင်္သေ့ စသည်တွေက အန္တရာယ် ပြုတတ်တယ်။ ဒါကြောင့်ပါပဲ။

ပြီးတော့ သုဿန်ဓုတင်ဆောင် (သုဿန်မှာတရားကျင့်တဲ့) ရဟန်းတော်များ အမဲသားငါး မစားရ။ အစိမ်း သားရဲ သင်းကွဲပြိတ္တာ တစ္ဆေ မြေဖုတ် ဘီလူးတို့ ကြိုက်တဲ့ အစာမျိုးဖြစ်တဲ့အတွက် စားသူကို သူတို့က တစ်နည်းနည်း အနှောက်အယှက် ပေးတတ်လို့ ဖြစ်ပါတယ်။ မှတ်သားစရာ ဖြစ်ပါတယ်။

လူခပ္ပသန္နာ ဟိ မနုဿာ -ခေါင်းခေါင်းပါးပါး၊ ခြိုးခြိုးခြံခြံ ကျင့်တယ်ဆိုရင် အထင်ကြီးတတ်တာ ကြည်ညိုလေးစား တတ်တာဟာ လူ့သဘာဝပဲ လို့ ဆိုပါတယ်။ သည်သဘာဝဟာ သဒ္ဓါလွန်ကဲ ဥာဏ်မွဲ သူတို့ရဲ့ ပျော့ကွက်တစ်ခု ဖြစ်ပါတယ်။

ကောက်ကျစ်စဉ်းလဲသူများဟာ သည်ပျော့ကွက်ကို အခွင့်ကောင်းတစ်ခုအဖြစ် လိမ္မာပါးနပ်စွာ အသုံးချပြီး ဘယ်နှစ်ရက် ထမင်းမစားဘဲ ရေသာ သောက်ပြီးနေပြ၊ စကားမပြောဘဲ ၀စီပိတ် ကျင့်တယ်ဆိုပြီးနေပြ (ဒါကို မြတ်စွာဘုရားက တိရစ္ဆာန်အကျင့် ဆိုပြီး ရှုတ်ချ ကဲ့ရဲ့တော်မူပါတယ်။) သစ်သီး ,သစ်ရွက်သာစား (သက်သတ်လွတ်စားပြီး) နေပြ၊ ဂူအောင်းပြ စသည်စသည် ပြုလုပ်နေထိုင် ပြပြီး လာဘ်မျာအောင်၊ အခြွေအရံ ပရိတ်သတ်များအောင် ၊ နာမည်ကြီးအောင် လုပ်ချင်နေကြတာကို တွေ့မြင်ကြားသိနေရပါတယ်။

သည်လို မူမမှန်တဲ့ လုပ်ရပ်တွေကိုသဒ္ဓါလွန်ကဲ၊ ဥာဏ်နည်းနည်းဖြင့် အကြည်ညို လွဲရင် ၊ကိုးကွယ်ဆည်းကပ်မှု လွဲမှားရင် “ဆရာရှုံးတော့ တစ်သံသရာလုံးမှောက်” ဆိုတဲ့အတိုင်း သည်ဘ၀မှာလည်း ပစ္စည်းကုန် လူပန်း၊ ဘ၀ပါ ပျက်လောက်အောင် ညှိုးနွမ်းရပြီးနောက် သံသရာတစ်လျှေက်မှာလည်း အောက်ရပ် အပါယ်စခန်းမှာ မမှန်းဆ နိုင်လောက်တဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်တွေ့ကြုံလိမ့်မယ်ဆိုတာ အလေးအနက် သတိထားဖို့ရာ ဖြစ်ပါတယ်လို့ ပြောလိုပါတယ်။

သက်သတ်လွတ်စားသုံးခြင်းဖြင့် ရနိုင်တဲ့ အကျိုးအာနိသင်တွေကတော့ အထက်ဖော်ပြပါအတိုင်း အစိမ်းသူရဲ, သင်းကွဲပြိတ္တာ၊ တစ္ဆေ၊ မြေဖုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာများဘေး၊ ခြင်္သေ့၊ သစ်၊ ကျား စတဲ့ သားရဲ တိရစ္ဆာန်များ ဘေးအန္တရာယ်မှ ကင်းဝေးခြင်း၊ သက်ရှည် ကျန်းမာ ရောဂါကင်းသဖြင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းစတဲ့ အကျိုးများကို ရနိုင်တယ်လို့ ပြောနိုင်ပါတယ်။

အထူးအားဖြင့် ကျွဲ၊ နွား တို့အသားကို မစားဘဲ ရှောင်ကြဉ်ခြင်းဟာ ပိုပြီး ရောဂါကင်းတယ်၊ သက်ရှည် ကျန်းမာတယ်လို့ သုတ္တနိပါတ် ပါဠိတော်မှာ...................................

“တယော ရောဂါ ပုရေ အာသုံ၊ ဣစ္ဆာ အနသနံ ဇရာ။

ပသူနဉ္စ သမာရမ္ဘာ၊ အဌန၀ုတိ မာဂမုံ”လို့ ဟောတော်မူပါတယ်။

အဓိပ္ပါယ်ကတော့ နွားသတ်သမား၊ နွားသားစားသူတို့ မပေါ်မှီ ရှေးအခါက ...............

(၁)ဣစ္ဆာ - လိုချင်တာကို မရတဲ့အတွက် စိတ်ပူပန် အနှောက်အယှက် ဖြစ်ရတဲ့ ရောဂါ။

(၂)အနသန - စားချိန်မှာ မစားရ၊ အိပ်ချိန်မှာ မအိပ်ရ တဲ့အတွက် စိတ်ပူပန် အနှောက်အယှက် ဖြစ်ရတဲ့ရောဂါ။

(၃)ဇရာ - အိုချိန်ကျတဲ့အခါ အိုရင့်ရတဲ့ ရောဂါ ဆိုတဲ့ ရောဂါ သုံးမျိုးတို့သာလောကမှာရှိတယ်။

ထမင်းရှင်၊ ဟင်းရှင် ၊ ကျွဲ၊ နွား သတ္တ၀ါများကို သတ်ဖြတ်စားသောက်တဲ့ အချိန်ကစပြီးတော့ လောကမှာ (၉၈) ပါးသော ရောဂါ ဝေဒနာများ ဖြစ်ပေါ်လာကြတယ်လို့ ဆိုပါတယ်။ ဒါက ထေရ၀ါဒ ဗုဒ္ဓဘာသာ စာပေကျမ်းဂန်လာ အတိုင်း ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

ဟံသာသီရိ၏ ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများမှ......................


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Thursday, December 3, 2009

သက္ကာယဒိဋ္ဌိ ဖြစ်ပေါ်ခြင်းအကြောင်းနှင့် အပြစ်ကြီးပုံ

သက္ကာယဒိဋ္ဌိ ဆိုသည်မှာ “သန္တော ကာယော သက္ကာယော” ပရမတ္တသဘောအားဖြင့် ထင်ရှားရှိနေသော ခန္ဓာငါးပါး အပေါင်းအစုဟု ဆိုလိုသည်။ ဒိဋ္ဌိ - မှားသောအယူ ဟု ဆိုလိုသည်။ မည်သို့ မှားသော အယူဖြစ်သနည်း။ ခန္ဓာငါးပါး အပေါင်းအစုပေါ်၌ ပုဂ္ဂိုလ် ၊ သတ္တ၀ါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ ဟူ၍ မှားသောအယူဖြင့် စွဲယူခြင်းဖြစ်သည်။

ပရမတ္တအားဖြင့် ငါ၊ သူတစ်ပါး၊ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ယောက်ျား၊ မိန်းမ မရှိပါဘဲလျှက် ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ယောက်ျား၊ မိန်းမ ဟူ၍ အသိမှား၊ အမြင်မှား၊ အယူမှားခြင်း ဖြစ်သည်။

မိစ္ဆာဒိဋ္ဌိသည် သုံးဆယ့်တစ်ဘုံ၌ အလွန်ဆိုးရွားလှသော တရား ဖြစ်သည်။ မြတ်စွာဘုရားသခင်သည် “၀ဇ္ဇာနံ ဘိက္ခဝေ မိစ္ဆာဒိဋ္ဌိ ပရမာနိ” အပြစ်တကာ အပြစ်ထဲတွင် မိစ္ဆာဒိဋ္ဌိသည် အပြစ်အကြီးဆုံး ဟောတော်မူခဲ့၏။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

နိဗ္ဗာန်ကို ကြောက်နေကြသူများ

ဘာသာခြား ပုဂ္ဂိုလ် အချို့က နိဗ္ဗာန်ဆိုတာ အသေကြီးသေသွားတဲ့ ကိစ္စပဲလို့ အပြစ်တင် ကဲ့ရဲ့စာတွေ ရေးခဲ့ဖူးတယ်။ တချို့ကလဲ နိဗ္ဗာန်ဆိုတာ အိပ်မက် မမက်ပဲ အိပ်ပျော်နေမှုပဲလို့ ဆိုကြတယ်။ ပုဂ္ဂိုလ် သတ္တ၀ါ ပျောက်ကွယ်သွားလို့ ကြောက်စရာကြီးလို့ ထင်မှတ်သူက ထင်မှတ်နေကြတယ်။

တကယ်တော့ နိဗ္ဗာန်ဆိုတာ အသင်္ခတဓာတ်လဲဖြစ်၊ သန္တိသုခလဲဖြစ်၊ ဒုက္ခနိရောဓသစ္စာလဲ ဖြစ်လို့ အထွတ်အထိပ် နိုးကြားမှုပဲ။ သီလ၊ သမာဓိ၊ ပညာ ခိုင်မြဲမှုပါပဲ။ အိပ်မက် ဘ၀ကနေ သစ္စာတရား သိမြင်နိုးကြားတယ်။ ဥာဏ်ပညာ ပွင့်လင်းနေတော့ အမြင်မှား ၊ အယူမှား၊ ဒိဋ္ဌိ အားလုံး ကင်းစင်တယ်။

တကယ်တော့ ဘ၀ဆိုတာ အိပ်မက်ပဲ။ ဘ၀မှာ နေထိုင်မှုက အိပ်မက်နေထိုင်မှုပါပဲ။

ဘ၀ဟာ မီးလောင်နေမှုပဲ။ လောကဟာ တံလျှပ်၊ ရေပွက်ပဲ။ ပုထုဇဉ်တွေက လောဘ၊ ဒေါသ၊ မောဟ ဒိဋ္ဌိမျက်စိနဲ့ ကြည့်ရှု့တော့ ဒွါရ ခြောက်ပါးမှာ ကိလေသာမီးလောင်နေတယ်။ နိဗ္ဗာန်ကို သိလဲမသိ၊ ကြိုက်လဲ မကြိုက်ဘူး။ မြတ်စွာဘုရား အစရှိတဲ့ အရိယာတွေက နိဗ္ဗာန်ကို သိလဲသိ ကြိုက်လဲကြိုက်တယ်။ ပုဂ္ဂိုလ်၊ အတ္တ၊ ဇီဝ ကွယ်ပနေလို့ အသေကြီးသေနေတာလို့ ထင်ကြတယ်။ ထာဝရ အိပ်ပျော်မှု မဟုတ်ဘူး။ မီးဆယ့်တစ်ပါး ချုပ်ငြိမ်းသွားတဲ့ အိပ်ပျော်မှုသဘောပဲ။ အရိယာဖြစ်အောင် လေ့ကျင့်ရင် မီးငြိမ်းတယ်။ ဗုဒ္ဓမြတ်စွာလဲ မီးငြိမ်းတယ်။

It is not an annihilation or nothing. နိဗ္ဗာန်ဆိုတာ ဘာမှ မရှိတဲ့ဟာမျိုးလဲ မဟုတ်ဘူး။ ခုဘ၀မှာပဲ လင်ငင်း ခံစားလို့ ရတယ်။ ဒီ အငြိမ်းဓာတ်ခေါ် နိဗ္ဗာနဓာတ် သစ္စာတရားကို ခုဘ၀ ခုအချိန်မှာပဲ ရနိုင်တယ်။ နောင်ဘ၀ကျမှ ရမယ့် နိဗ္ဗာန်မျိုးမဟုတ်ဘူး။ ဒါကို သိလို့ ဘုန်းကြီး ဗုဒ္ဓဘာသာကို ကူးပြောင်းလိုက်တယ်။

အဲဒီရောမ ဗရင်ဂျီ ဘုန်းကြီးကပဲ “ဗုဒ္ဓဘာသာဟာ Pessimism စိတ်ပျက်စရာ၊ အားလျှော့စရာ၊ အဆိုးမြင်ဝါဒပဲ” လို့ ဟောပြောပြန်တယ်။

ဒီဘ၀မှာပင် နိဗ္ဗာန်အထိ အတုမရှိ ချမ်းသာကို ပေးနိုင်တဲ့ ဗုဒ္ဓဘာသာကို ဘာကြောင့်စိတ်ပျက်ရမှာလဲ။ ဘာကြောင့် အားလျှော့ လက်လျှော့ နေရမှာလဲ။ တကယ် အားတက်စရာ အကောင်းဆုံး ဘာသာကြီးပါပဲ။ ခုဘ၀မှာပဲ ဘ၀ဒုက္ခ၊ ဘ၀သောကတွေ ကုန်ဆုံးရမယ်လို့ မဟာသတိပဋ္ဌာန သုတ်တော်မှာ ကတိဝန်ခံချက် ပေးထားတာ အားတက်စရာကြီးပဲ။ ထာဝရ ချမ်းသာ သုခ ဆိုတာ နိဗ္ဗာန်သုခ၊ သန္တိသုခသာ ရှိလို့ မဂ္ဂင်ရှစ်ပါး လေ့ကျင့်ရတယ်။ မဂ္ဂင် အကျင့်ကြောင့် သန္တိသုခ ရနေကြပြီ။

ဒါကြောင့် ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး သမားတော်ကြီးဆိုတာ ဗုဒ္ဓမြတ်စွာပါပဲ။

မဟာသမုဒ္ဒရာကြီးမှာ ငန်တဲ့အရသာ တစ်ခုတည်းရှိသလို မြတ်စွာဘုရား သာသနာမှာ ၀ိမုတ္တိရသ (လွတ်မြောက်မှုအရသာ) တစ်ခုပဲ ပန်းတိုင်ရှိတယ်လို့ ပြတ်သားစွာ ဟောတော်မူခဲ့တယ်။ ဒုက္ခက လွတ်မြောက်တဲ့ ဗုဒ္ဓဘာသာကို စိတ်ညစ်စရာ၊ စိတ်ပျက်စရာ၊ အားလျှော့စရာ ဘာသာလို့ မစွပ်စွဲနိုင်ဘူး။

ဥပမာ ဌက်ဖျားရောဂါသည်ကို ဆရာဝန်က ဌက်ဖျားဆေးပေးလို့ ကုသပျောက်ကင်းသွားရင် ဆရာဝန်နှင့် အဲဒီဆေးဟာ စိတ်ပျက်စရာ၊ အားလျှော့စရာလား။

သစ္စာလေးပါးမှာ မဂ္ဂသစ္စာဆိုတာ ရောဂါတွေပျောက်တဲ့ ဆေးပါပဲ။ ကာမဂုဏ်သုခ လိုချင်တာတွေ၊ ထာဝရဘုံ၊ ထာဝရအတ္တ လိုချင်တာတွေဟာ ဒုက္ခဖြစ်ကြောင်း သမုဒယ သစ္စာပါပဲ။ ဒွါရ အာရုံအရ ပျော်ရွှင်မှုဟာ ချမ်းသာ မဟုတ်ဘူး။ ဆင်းရဲမှုအစစ်ပါပဲ။ ဘယ်တော့မှ မရောင့်ရဲ မတင်းတိမ်ကြဘူး။ ကာမသုခ ခံစားနေသူဟာ နိဗ္ဗာန်ရတဲ့သူ မဟုတ်ဘူး။ ဆာပြီးရင်းဆာရင်း ဆာလောင်မွတ်သိပ်ခြင်းသာ ဖြစ်နေတော့ ဒါ.....ဆင်းရဲခြင်းပါပဲ။

ဒါကြောင့် ပြောင်းပြန်အကျင့်ကို ကျင့်ရမယ်။ ဒွါရခြောက်ပါး၊ အာရုံခြောက်ပါးအရ ပျော်ရွှင်မှုကို သတိပညာဥာဏ်နဲ့ စွန့်လွတ်ပစ်တော့ နိဗ္ဗာန်ချမ်းသာ အခုဘ၀မှာပဲ ရကြတယ်။ မမြဲတဲ့ ချမ်းသာကို စွန့်ပစ်မှ မြဲတဲ့ချမ်းသာကို ရတယ်။ အရိယာတို့ သွားတဲ့လမ်းကို လိုက်ရမယ်။ ပုထုဇဉ်တို့ သွားတဲ့လမ်းကို မလိုက်ရဘူး။ ဆာလောင်မွတ်သိပ်မှု ကင်းပြီး မီးဆယ့်တစ်ပါးလဲ ချုပ်ငြိမ်းတယ်။ ထာဝရ အငြိမ်းသုခလို့ ခေါ်တယ်။ မီးမွှေးစရာ မီးခြစ်ဆံနှင့် ထင်းမရှိတော့ မီးအသစ် မတောက်လောင်တော့ဘူး။ ဒါမှ သုခ အစစ်အမှန်ပဲ။

စိတ်ပညာ ဆရာကြီးတွေကလဲ အတ္တမရှိ၊ ဇီဝမရှိလို့ ပြောနေကြပြီ။ ရွေ့လျားနေတဲ့ စိတ်သာ ရှိလို့ တစ်ခဏမှာ စိတ်လဲ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားတယ်။ ဒီပြောင်းလဲနေတဲ့ ပရမတ္တ အနိစ္စတရား ရှုလို့ စမ်းသပ်လို့ ရပါတယ်။ ဒီလို စိတ်ကို ရှုတာ မဂ္ဂသစ္စာ ၊ တကယ့်ဆင်းရဲက လွတ်အောင် ပို့ဆောင်နိုင်တဲ့ တစ်ခုတည်းသော လမ်းမတော်ကြီးပါပဲ။

အားလုံးချမ်းသာကြပါစေ၊ ခုဘ၀မှာပဲ နိဗ္ဗာန်ရကြပါစေ။

သာဓု........၊ သာဓု........၊ သာဓု........။

ဓမ္မာစရိယ ဦးဌေးလှိုင် စုစည်းစီစဉ်သည့် အီတာလျံ ဘုန်းတော်ကြီး ဦးလောကနာထ၏ ကမ္ဘာလှည့်တရား မှ.....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Wednesday, December 2, 2009

ကာမေသုမိစ္ဆာစာရ


မိစ္ဆာစာရ၊ လွန်ကျူးကလည်း၊

မုန်းကြသူများ၊ ရန်သူပွား၍၊

ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏။

ဣတ္ထိ ပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊

မျက်နှာမလှ၊ အရှက်ရလျှက်၊

လက္ခဏ ဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊

စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊

ရှောင်ကာ အပြန်အကျိုးတည်း။

မေး။ ။ လိင်တူဆက်ဆံကြသော် မည်သည့်ကံ ထိုက်ပါသနည်း။


ဖြေ။ ။ယောက်ျားချင်း လိင်တူ ဆက်ဆံရင် ကာမေသုမိစ္ဆာစာရကံ ထိုက်, မထိုက် ဆိုတဲ့အမေးကို ဖြေရလျှင် ဘယ်လိုဟာမျိုးဟာ ကာမေသုမိစ္ဆာစာရကံ ထိုက်တယ်၊ သည်လိုဟာမျိုးဟာ မထိုက်ဘူးဆိုတာ ပထမ စိစစ် ကြည့်ရပါမယ်။
၁။မာတုရက္ခိတာ - မိခင်စောင့်ရှောက်ထားတဲ့ မိန်းမ။

၂။ပိတုရက္ခိတာ - ဖခင်စောင့်ရှောက်ထားတဲ့ မိန်းမ။

၃။မာတာပိတုရက္ခိတာ - အမိ၊ အဖ နှစ်ဦးစလုံးက စောင့်ရှောက်ထားတဲ့ မိန်းမ။

၎။ဘဂိနီရက္ခိတာ - အစ်မ၊ ညီမ တို့က စောင့်ရှောက်ထားတဲ့ မိန်းမ။

၅။ဘာတုရက္ခိတာ - အစ်ကိုကြီး၊ မောင်ငယ်တို့က စောင့်ရှောက်ထားတဲ့ မိန်းမ။

၆။ဥာတိရက္ခိတာ - ဆွေမျိုးတို့က စောင့်ရှောက်ထားတဲ့ မန်းမ။

၇။ဂေါတ္တရက္ခိတာ - အနွယ်တူ လူတို့က စောင့်ရှောက်ထားတဲ့ မိန်းမ။

၈။ဓမ္မရက္ခိတာ - အတူတကွ တရားကျင့်ဖော်တို့က စောင့်ရှောက်ထားတဲ့ မိန်းမ။ (ယောဂီ၊ ရသေ့မ၊ သီလရှင်များ)

သည်ရှစ်ယောက်တို့ဟာ ကာမပိုင် ယောက်ျားမရှိတဲ့ အပျိုများ ဖြစ်ကြတာကို မှတ်ခဲ့ပါ။

၉။သပရိဒဏ္ဍာ - မင်း စတဲ့ အာဏာပိုင်များက ကိုယ်တိုင်သိမ်းပိုက်မှာမို့ သူ့ကိုသွားလာလျှင် ၊ ပေါင်းသင်းလျှင် ပြစ်ဒဏ်ပေးမယ်လို့ သတ်မှတ်ထားတဲ့အတွက် သွားလာပေါင်းသင်းသူ ပြစ်ဒဏ်မကင်းတဲ့ မိန်းမ။

၁၀။သာရက္ခာ - အစောင့်အရှောက်ရှိတဲ့ မိန်းမ။(အမိ ၀မ်းတွင်းရှိစဉ်ကပင် ဖွားမြင်လာလျှင် မယားပြုဖို့ရန် သတ်မှတ် တောင်းရမ်းထားတဲ့ မိန်းမ။ ယနေ့ခေတ်အရ ပြောရလျှင် စေ့စပ်ကြောင်းလမ်းထားတဲ့ မိန်းမမျိုးလို့ ဆိုရမှာ ဖြစ်ပါတယ်။

၁၁။ဓနတ္ကိတာ - ရွှေ ၊ ငွေ အစရှိတဲ့ ဥစ္စာဖြင့် ၀ယ်ထားတဲ့ မိန်းမ။

၁၂။ဆန္ဒ၀ါသိနီ - မိန်းကလေး ကိုယ်တိုင်က ဆန္ဒတူ(ကြိုက်) သဖြင့် ယောက်ျားလေးအိမ် လိုက်နေတဲ့ မယား၊ ခိုးရာလိုက်တဲ့ မယား။

၁၃။ဘောဂ၀ါသိနီ- ဆင်းရဲလှတဲ့အတွက် ပန်းကန်၊ ခွက်ယောက် အစရှိတဲ့ အသုံးအဆောင်ပစ္စည်းကလေးများ ပေးပြီး ယူထားတဲ့မိနးမ။

၁၄။ပဋ၀ါသိနီ - အင်္ကျီ၊ လုံချည် အစရှိတဲ့ အ၀တ်တန်ဆာရရေးအတွက် နေထိုင်တဲ့မယား။

၁၅။သြဒပတ္တကိနီ - ရေခွက်မှာ လက်ဆုံချ ထိမ်းမြားထားတဲ့မယား။(ယနေ့ခေတ် ထိမ်းမြားလက်ထပ်ထားတဲ့ မယား)

၁၆။သြဘတ စုမ္ဗတာ - ခေါင်းပေါ်က ခေါင်းခုကျသွားတဲ့မယား။ ဆင်းရဲ၍ ခေါင်းခုဖြင့် ထင်း စသည် ရွက်ရောင်းရတဲ့ ဆင်းရဲသူကလေးကို မယားအဖြစ် အတည်ယူလိုက်တဲ့အခါ ထင်းစသည် မရောင်းရတော့တဲ့ အတွက် ခေါင်းပေါ်က ခေါင်းခုကျသွားတဲ့ မယားလို့ ပြောလိုတာ ဖြစ်ပါတယ်။

၁၇။ဓဇာဟတာ - တစ်နိုင်ငံကို စစ်သွားတိုက်လို့ နိုင်တဲ့အတွက် အောင်လံစိုက်ထောင် ယူဆောင်လာတဲ့ သုံ့ပန်းများထဲက မယားအဖြစ် သိမ်းပိုက် ယူလိုက်တဲ့မယား။

၁၈။ကမ္မကာရီဘရိယာ - အစေခံ၊ အိမ်ဖော်မယား၊ (တစ်ချို့က အိမ်ဖော်မကလေးကို မယားအဖြစ် အတည်ယူ ထားတတ်သည်။

၁၉။ဒါသီဘရိယာ - ကျွန်မ မယား။(တစ်ချို့ ကျွန်မကလေးများကို မယားအဖြစ် အတည်ယူထားတတ်သည်။)

၂၀။မုဟုတ္တိကာ - အတည်အမြဲ မဟုတ်ဘဲ အခကြေးငွေပေးပြီး၊ ရက်ပိုင်းမျှ အချိန်ပိုင်းမျှ ခဏခေတ္တ ယူထားတဲ့ မယား။ (ပြည့်တန်ဆာလို မိန်းမမျိုး ဖြစ်သည်။)

ယခု ဖော်ပြလိုက်တဲ့ အပျို၊ အအို မိန်းမ (၂၀) ဟာ ယောက်ျားများ အတွက် အဂမနီယ၀တ္ထု - မသွား မလာကောင်းတဲ့ မိန်းမများဖြစ်ပါတယ်။ ယောက်ျားတစ်ယောက်က.......................

၁။သည်မိန်းမ (၂၀) ထဲက တစ်ယောက်ယောက်ကို (အဂမနီယ၀တ္ထုကို)

၂။မှီဝဲလို၊ ပေါင်းသင်းလိုစိတ်နှင့် (မှီဝဲလိုစိတ်ရှိခြင်း)

၃။မိန်းမ၏ မဂ်သုံးခုဖြစ်တဲ့ “မုခမဂ် - ခံတွင်း ပါးစပ်၊ ပဿာဝ မဂ် - ကျင်ငယ် လမ်းကြောင်း၊ ၀စ္စ မဂ် - ကျင်ကြီး လမ်းကြောင်း တစ်ခုခု ထဲသို့ မိမိရဲ့ လိင်ကို သွင်းခြင်း၊ ထုတ်ခြင်း ဆိုတဲ့ လုံ့လပယောဂ ကို ပြုလုပ်တဲ့အခါ (မှီဝဲခြင်း)

၎။သာယာကျေနပ်လျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်တယ်လို့ ဆိုပါတယ်။
ဒါကိုကြည့်လျှင် ဖော်ပြပါ အင်္ဂါလေးချက်နဲ့ ပြည့်စုံမှ ကံထိုက်တာကို မှတ်သားကြဖို့ ဖြစ်ပါတယ်။

ဒါဟာ ယောက်ျားများဘက်က ကိုယ်ပိုင် မယားမှတစ်ပါး ဖော်ပြပါ မာတုရက္ခိတာ စတဲ့ (အပျို-အအို) မိန်းမ(၂၀)လုံးကို သွားလာလွန်ကျူးလျှင် ကာမေသုမိစ္ဆာစာရကံ ထိုက်တယ်လို့ ပြတာ ဖြစ်ပါတယ်။

မိန်းမများဘက်က မာတုရက္ခိတာ စတဲ့ ရှစ်ယောက်ဟာ ကာမပိုင်ယောက်ျား မရှိတဲ့အတွက် မိမိပိုင် ကာမကို သူတစ်ပါးအားပေးသော်လည်း (၀ါ) ဘယ်ယောက်ျားနှင့်မဆို သွားလာသော်လည်း ကာမေသုမိစ္ဆာစာရကံ မထိုက်ပါ။

သည်နေရာမှာ ပြောလိုတာက သည်လို ကံမထိုက်တာကို အခွင့်ကောင်းတစ်ခုအနေနှင့် မှတ်ယူပြီး စိတ်အလို လိုက်မိလျှင် ဂုဏ်သိက္ခာပျက်၊ အရှက်တကွဲ အကျိုးနည်း လူထဲ မျက်နှာမပြ၀ံ့တဲ့ အဖြစ်ဆိုးကြီးက ကာမေသုမိစ္ဆာစာရထက် ကြောက်စရာကောင်းရုံတင်မက ငါ့နှယ် ဖြစ်မှ ဖြစ်ရပလေဆိုတဲ့ ပူပန်သောက နောင်တတွေ တစ်ထွေးကြီးပိုက်ပြီး အပါယ်ဘေးကြီး ဆိုက်ရောက်ရမှာ သေချာသလောက် ဖြစ်တာမို့ ဒါကို အခွင့်ကောင်းတစ်ခုအနေနဲ့ မမှတ်ယူမိအောင် သတိဆောင်ဖို့ ဖြစ်ပါတယ်။

သာရက္ခာစတဲ့ (၁၂)ယောက်တို့ဟာ မိမိကာမကို ပိုင်ဆိုင်တဲ့ယောက်ျား ရှိတဲ့အတွက် မိမိကာမကို မိမိယောက်ျားမှတစ်ပါး အခြားယောက်ျားကို ပေးမိလျှင် ကာမေသုမိစ္ဆာစာရ ဖြစ်ပါတယ်။

ဒါကို ခြုံငုံသုံးသပ်လျှင် မိန်းမနှင့်ယောက်ျားတို့ သွားလာ ဆက်ဆံခြင်းကိုသာ ကာမေသုမိစ္ဆာစာရ ဖြစ်တယ်လို့ ပြထားပြီး ယောက်ျားအချင်းချင်း သွားလာတဲ့အတွက် ကာမေသုမိစ္ဆာစာရ ဖြစ်တယ်လို့ ပြဆိုထားတာ ကျမ်းဂန်မှာ မတွေ့ရပါဘူး။

သည်နေရာမှာ ၀ိသုဒ္ဒါရုံ ဆရာတော်ဘုရားကြီးက .............

မှီဝဲတာကို သာယာတယ်ဆိုတဲ့ နေရာမှာ မဂ်သုံးပါးရှိရာ ဘယ်မဂ်ဟု မဆိုဘဲ “မဂ္ဂေန မဂ္ဂပ္ပဋပတ္တိ အဓိဝါသနံ ” မိမိမဂ်ဖြင့် သူ့မဂ်တွင်း ရောက်သည်ကို “သာယာခြင်း” ဟု သာမန်သာ ဆိုတဲ့အတွက် ပဿာဝမဂ်သာ ကံထိုက်သည်မဟုတ်။ ၀စ္စမဂ်၊ မုခမဂ် တို့၌လည်း ကံထိုက်သည်ဟု မှတ်ရမည်။

ဝစ္စမဂ်၊ မုခမဂ်ချင်းတူလျှင် မိန်းမတို့၏ ၀စ္စ , မုခမဂ်တို့၌သာ ကံထိုက်သည် ၊ ယောက်ျားတို့၏ ၀စ္စမဂ်၊ မုခမဂ်တို့၌ကား ကံမထိုက်ဟု မှတ်ယူရန် မရှိချေ။

ကျမ်းဂန်တို့၌ကား မိန်းမနှင့်ယောက်ျားတို့သာ သွားလာရိုး ဖြစ်သည်။ ယောက်ျားအချင်းချင်း သွားလာရိုး (ထုံးစံ) မဟုတ်၍ မိန်းမ နှစ်ကျိပ်ကိုသာ ပြဟန်ရှိချေသည်။

“ဤအရာသည် ယှက်ထွေး၏။ သဘောဥာဏ်အထင်ကိုသာ ရေးလိုက်သည်။ ဆွေးနွေး မေးမြန်းကြလေဦး ”ဟု ပရမတ္တသရူပဘေဒနီကျမ်းမှာ မိန့်တော်မူထားတာ တွေ့ရပါတယ်။

ဆရာတော်ဘုရားကြီးအနေနှင့် မိစ္ဆာစာရ ဖြစ်တယ်လို့ အယူရှိပုံ ရပါတယ်။ ဒါပေမဲ့ ကျမ်းဂန်မှာ မိစ္ဆာစာရ ဖြစ်, မဖြစ် တိုက်ရိုက်မဆိုထားတဲ့အတွက် အငြင်းမပွား၊ အကုသိုလ် မများစေချင်တာကြောင့် အတိအကျ အဆုံးအဖြတ် ပေးမထားတာ ဖြစ်တယ်လို့ ယူဆစရာ ဖြစ်ပါတယ်။

ကျမ်းဂန်မှာ ကံထိုက်, မထိုက်တိုက်ရိုက် မဆိုထားသော်လည်း အခုလို ယောက်ျားအချင်းချင်း လိင်တူဆက်ဆံခြင်းဟာ အစဉ်အလာထက် လွန်ကဲဆိုးရွား သူတော်ကောင်း၊ ပညာရှိများ ကဲ့ရဲ့ စက်ဆုပ်ဖွယ် တကယ့်အပြစ်ကြီးတဲ့ “အဓမ္မရာဂ” အကျင့်မျိုးပဲလို့ သိရှိနားလည်ရမှာ ဖြစ်ပါတယ်။

သည်လို လိင်တူဆက်ဆံခြင်းမျိုးဟာ ယနေ့ ကမ္ဘာ့လူသားတွေရဲ့ အသက်စည်းစိမ်တွေကို အကြီးအကျယ် အန္တရာယ် ပြုနေတဲ့ အေအိုင်ဒီအက်စ် (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) ဖြစ်စေရာမှာ ထိပ်ဆုံးက နေရာယူထားတဲ့ အဓိက သေမင်းတမန်ပဲလို့လည်း ကြားသိရပါတယ်။

ဒါကြောင့် သည်လို ယုတ်ညံ့တဲ့ စက်ဆုပ်ဖွယ် လူသားမျိုးနွယ် တစ်ခုလုံးအတွက်ပါ အန္တရာယ်များလှတဲ့ အဓမ္မရာဂ အကျင့်ဆိုးမျိုးကို မပြုကျင့်မိအောင် အထူးရှောင်ကြဉ်သင့်ကြောင်း ပြောကြားလိုက်ရပါတယ်။

ဟံသာသီရိ၏ဗုဒ္ဓ၀ါဒဆိုင်ရာအမေးအဖြေများ(ပထမတွဲ) မှ......................................

ကမ္ဘာပေါ်တွင် နေ့စဉ် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ ၆၈၀၀ခန့် ရှိပြီး အေအိုင်ဒီအက်စ် ရောဂါဖြင့် ၅၇၀၀ခန့် သေဆုံးနေကြောင်း၊ ကမ္ဘာတစ်ဝန်း အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရှိသူ ၃၃သန်းခန့် ရှိကြောင်း၊ ၁၉၈၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း အေအိုင်ဒီအက်စ် ရောဂါကြောင့် လူပေါင်း ၂၅သန်းကျော် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ကလေး၊ လူကြီးအပါအ၀င် အိတ်အိုင်ဗွီပိုး ကူးစက်ခံရသူနှင့် အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၂၄၀၀၀၀ဦး ခန့် ရှိပြီး၊ အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် နှင့် ဆက်စပ်ရောဂါများကြောင့် နှစ်စဉ်သေဆုံးသူ ၂၅၀၀၀ ခန့်ရှိကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Tuesday, December 1, 2009

ဘ၀အကျိုးပေးများ


ဗုဒ္ဓဘာသာ ကျမ်းဂန်စာပေများ၌ “ကုသိုလ်ကံ”သည် ကောင်းသော အကျိုးကို ပေး၏။ “အကုသိုလ်ကံ”သည် မကောင်းသော အကျိုးကိုပေး၏။ ဤသို့ လာရှိ၏။ သို့ လာရှိပါသော်လည်း လောလောဆယ် မျက်မြင်အားဖြင့် သူများ မျက်ခုံးအပေါ် စင်္ကြံ လျှောက်နိုင်သော “လူပါးလူနပ်”များက ချမ်းသာကြသည်ကို တွေ့ရတတ်၏။ ဘယ်သူ သေသေ ငတေမာပြီးရော ဟူ၍ ခံယူပြီး ဆောင်ရွက်တတ်သူများက ကြီးပွားကြသည်ကိုလည်း တွေ့ရတတ်၏။ ဤသည်မှာ လောကမျက်မြင်ပင်ဖြစ်၏။ ငြင်း၍ မရ။


ထို့အပြင် ပါးစပ်က အမျိုးဘာသာ သာသနာအတွက်ဟု အော်ဟစ်ကြွေးကြော်ပြီး လက်တွေ့တွင်မူ ကြီးမားသော ဣသာမစ္ဆရိယများဖြင့် မိမိအတွက် လုပ်နေသူများက မြင့်မားနေကြသည်ကိုလည်း တွေ့ရတတ်၏။ တချို့ကမူ ပစ္စည်းဥစ္စာ၌ ဖြစ်စေ၊ ရာထူးဂုဏ်သိန်၌ ဖြစ်စေ၊ ထင်ပေါ်ကျော်စောမှု၌ ဖြစ်စေ တပ်မက်သော စိတ်၊ မောက်မာ ၀င့်ကြွားသော စိတ်၊ အခိုင်အမာ ပြုသောစိတ်များဖြင့် မိမိဘာသာ မိမိ ကြိုးပမ်းရုံ သက်သက်မျှဖြင့် အားမရသေးဘဲ ၊ သူတစ်ဖက်သားကို အပုပ်ချပြီး “လု”တတ်ပါလျှင်လည်း “လု”သည့်အတိုင်း ရတတ်သည်ကိုလည်း တွေ့ရတတ်၏။

ဗုဒ္ဓစာပေ၌ပင် အဇာတသတ်က ဖခမည်းတော် သောတာပန် ဗိမ္ဗိသာရမင်းကြီးကို သတ်ပြီး ဘုရင်ဖြစ်အောင် လုပ်နိုင်သည်ကိုလည်း တွေ့ရ၏။ ထို့အပြင် သမိုင်းများ၌လည်း ကောက်ကျစ်စဉ်းလဲသော လုပ်ရပ်များဖြင့် မိမိအာဏာရအောင် ၊ မိမိကြီးပွားအောင် လုပ်ဆောင်ခြင်းဖြင့် ထိုသူများ အာဏာရကြသည်ကိုလည်းကောင်း၊ ကြီးပွားကြသည်များကို လည်းကောင်း တွေ့ရတတ်ပါ၏။

ကမ္ဘာ့သမိုင်း၌လည်း လက်နက်အားကိုးဖြင့် သူတစ်ပါးနိုင်ငံများကို တိုက်ခိုက်သိမ်းယူပြီး “အင်ပါယာ” ထောင်နိုင်သည်အထိ ကြီးပွားချမ်းသာကြသည်များကိုလည်း တွေ့ရ၏။ ဤသည်များမှာလည်း မငြင်းနိုင်သော အထောက်အထားများ ဖြစ်ကြ၏။

သို့ဖြစ်လျှင်......................................

ယာဝဇီဝံ သုခံ ဇီဝေ၊ ဣဏံ ကတွာ ဃဋံ ပိဝေ

တသ္မိ ဘူတဿ ဒေဟဿ၊ ပုနရာဂမနံ ကုတော။

ဟူသော ဥစ္ဆေဒ၀ါဒီစာရ်ဝါက တို့၏ အယူကပင် မှန်နေသယောင် ရှိ၏။ သူတို့၏ အယူအရ ....................

“လောကဟူသည် ကစားကွင်းဖြစ်၏။ ဘ၀ဟူသည်မှာ ကစားပွဲ ဖြစ်၏။ လူတို့သည် ကစားသမား ဖြစ်ကြ၏။ ထို့ကြောင့် ကစားပွဲတို့၏ ထုံးစံအတိုင်း နိုင်အောင်ကစားရမည် ဖြစ်၏။ နိုင်ဖို့သာ အရေးကြီး၏။ ဘယ်နည်းဖြင့် နိုင်နိုင်၊ နိုင်လျှင် “ဆု”ရမည် ဖြစ်၏။ တရားသည်၊မတရားသည်များကို အလေးထားရမည်မဟုတ်။ တမလွန် ဘ၀ကိုလည်း ထည့်တွက်ရမည် မဟုတ်။ တကယ်တမ်း ထည့်တွက်ရမည်ကား မိမိ နိုင်ရေးပင် ဖြစ်၏။”

ထိုအယူသည် ယနေ့ မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ အမည် ခံနေကြသူများတွင် အများစုက လက်တွေ့ လိုက်နာ ကျင့်သုံးနေကြသည့် အယူဝါဒနှင့် တူသယောင်ရှိ၏။

အထက်ပါ ဂါထာ၏ မြန်မာပြန် အနက်မှာ...............................

လူ့ဘ၀မှာ အသက်ရှင်နေရမည်ဆိုလျှင် မည်သည့်နည်းဖြင့် ဖြစ်ဖြစ် ချမ်းသာစွာ အသက်ရှင်နေရအောင် လုပ်သင့်၏။ ကြွေးတင်ခံပြီး ထောပတ်ကို မှီဝဲသင့်၏။ သေပြီးနောက် ပြာမှုန့်ဖြစ်သွားပြီးတော့ နောက်ဘ၀၌ မည်သို့လျှင် အသက်ပြန်ရှင်နိုင်ပါတော့မည်နည်း ဟူ၍ ဖြစ်၏။

ဤသည်မှာ မဇ္စျိမဒေသရှိ ဒဿနဂိုဏ်းကြီးတစ်ခု၏ အမြင်အယူ ဖြစ်၏။ ဤ ဒဿန ဂိုဏ်းကြီး၏ အမြင်အယူသည် ပါးစပ်ပြောအနေဖြင့် ဆိုရလျှင် များစွာပင် စက်ဆုပ်ဖွယ် ဖြစ်၏။ သို့ရာတွင် ယနေ့လူတို့သည် လုပ်ငန်းကို လုပ်ရာတွင် ထိုအမြင်၊ ထိုအယူအတိုင်း လက်တွေ့အားဖြင့် ကျင့်သုံးနေသည်ကို တွေ့ရ၏။ ထိုအမြင် ထိုအယူကား ဗုဒ္ဓဘာသာဝင် မစစ်သူများအတွက် ပါးစပ်အနေဖြင့် မကြိုက်ဆုံးဖြစ်သော်လည်း လက်တွေ့ အနေနှင့်မူ အကြိုက်ဆုံး ဖြစ်နေသည်ကို တွေ့ရတတ်ပါ၏။

သို့ဖြစ်လေရာ ယနေ့ လက်တွေ့အခြေအနေများကို သုံးသပ်ကြည့်လျှင် အထက်၌ ဖော်ပြထားသည့်အတိုင်း “လူနပ်“ များက ချမ်းသာနေကြသည်မှာ မှန်ပါ၏။ သို့ရာတွင် “လူနပ်” တိုင်း ချမ်းသာကြပါသလော။ သူများ မျက်ခုံးအပေါ်၌ စင်္ကြံလျှေက်သူတိုင်း ကြီးပွားကြပါလော။ ဖခမည်းတော်ကို သတ်သူတိုင်း ဘုရင် ဖြစ်ကြပါသလော။ သူများနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်သူတိုင်း အင်ပါယာကို ထူထောင်နိုင်ပါလော။ ဤ မေးခွန်းများ၏ အဖြေများမှာ ဗုဒ္ဓစာပေ ကျမ်းဂန်လာ အကြောင်းအကျိုး ဆက်သွယ်မှုနှင့် နှီးနွယ်၏။

ပဋ္ဌာန်းကျမ်းတွင် ဥပနိဿယ ပစ္စည်းကို ဖော်ပြရာ၌ အကုသိုလ်ကံ ကလည်း ကုသိုလ်ကံအား အားကြီးသော ဥပနိဿယ ပစ္စည်းဖြင့်် ကျေးဇူးပြုတတ်၏။ ကုသိုလ်ကံ ကလည်း အကုသိုလ်ကံအား အားကြီးသော ဥပနဿယ ပစ္စည်းဖြင့် ကျေးဇူးပြုတတ်၏။ ထို့ကြောင့် ကောက်ကျစ် စဉ်းလဲစွာ ပြုလုပ်သူ ဖြစ်ပါလျှက် သူကောင်းပြု ခံရတတ်၏။ ထိုကဲ့သို့ ခံရခြင်း၌ ဖြစ်စေ၊ ရိုးသား ဖြောင့်မတ်စွာ ကြိုးကြိုးစားစား လုပ်သူ ဖြစ်ပါလျှက် ပြစ်တင် မောင်းမဲခြင်း ခံရတတ်၏။ ထိုကဲ့သို့ ခံရခြင်း၌ ဖြစ်စေ ဤဥပနိဿယ ပစ္စည်းသည် ဗုဒ္ဓဒေသနာကို နားလည်အောင် ရှင်းပြပါ၏။ ကုသိုလ်ကံမှသာ ကောင်းသော အကျိုးကိုပေး၏။ အကုသိုလ်ကံ ဖြစ်ပါက မကောင်းသော အကျိုးကို ပေး၏ ဟူသော အမြင်ကိုလည်း ကြည်လင်စေပါ၏။ အယူကိုလည်း ခိုင်မြဲစေပါ၏။

လူတို့သည် ကံကို ပြုကြ၏။ ထိုသို့ပြုရာတွင် ဒါန၊ သီလ၊ ဘာဝနာ ဟူသော ပုညကြိယာကို ပြုသည်ပင်ဆိုဦး ၊ ကုသိုလ်ကံ စစ်စစ် ဖြစ်သည်လည်း ရှိ၏။ အကုသိုလ်ကံ ရောသည်လည်း ရှိ၏။ အကယ်၍ ကံပြုချိန်က ကုသိုလ်၌ အကုသိုလ် ရောသော ကံဖြစ်ပြီး ထိုကံက အကျိုးပေးသည် ဆိုလျှင် အကုသိုလ် လုပ်ငန်းဖြင့် ကောင်းသော အကျိုးကို ရတတ်၏။ သူများ မျက်ခုံးအပေါ် စင်္ကြံလျှေက်ခြင်းဖြင့် ကြီးပွား၏။ ချမ်းသာ၏။ ဖခမည်းတော်ကို သတ်လျှင် အဇာတသတ်လို ဘုရင် ဖြစ်နိုင်၏။

သို့မဟုတ်ဘဲ အခြားကံမျိုးက အကျိုးပေးသည်ဆိုပါက အကုသိုလ် လုပ်ငန်းဖြင့် ကောင်းကျိုးကို မရနိုင်။ စီးပွားရေး ဖြစ်လျှင် စီးပွားပျက်၏။ နိုင်ငံတော် ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းဖြစ်လျှင် ကြိုးစင်သို့ပင် အတင်ခံရတတ်၏။ “ရာဇ၀တ်ဘေး ပြေးမလွတ်” ဟူသည်မှာ ကုသိုလ်ကံ၏ ကျေးဇူးပြုခြင်း မခံရသော အကုသိုလ် ကံကြောင့် ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်၏။

ထို့ကြောင့် အကုသိုလ်လုပ်ငန်းဖြင့် အသက်မွေးရန် အားထုတ်ခြင်းသည် စင်စစ် မကောင်းသည်သာ ဖြစ်၏။ အကယ်၍ ကုသိုလ်ကံ က ဥပနိဿယပစ္စည်းဖြင့် ကျေးဇူးပြုခြင်း ခံရသော အကုသိုလ်ကံကြောင့် အဇာတသတ်လို ဘုရင်ဖြစ်သည် ဆိုစေဦး၊ အဇာတသတ်သည် တကယ်တမ်း ချမ်းသာသည် မဟုတ်။ အမြဲတမ်း သောက ရောက်နေရ၏။ ခဏတိုင်း ခဏတိုင်း လှံမ တစ်ရာဖြင့် ထိုးခြင်းကို ခံနေရဘိသကဲ့သို့ လည်းကောင်း၊ အ၀ီစိမှ ငရဲ မီးလျှံများ တက်၍ လောင်ကျွမ်းခြင်းကို ခံနေရဘိသကဲ့သို့ လည်းကောင်း စိတ်ထဲ၌ ခံစားနေရ၏။ ထို့ကြောင့် အဇာတသတ်၏ မင်းစည်းစိမ်သည် အမြင်အားဖြင့်သာ ကောင်း၏။ သာယာဖွယ် ဖြစ်၏။ မက်မောဖွယ် ဖြစ်၏။ အနှစ်သာရ အားဖြင့်မူ မကောင်း။ သာယာဖွယ် မဟုတ်။ မက်မောဖွယ် မဟုတ်။ အမှန်အားဖြင့် မကောင်းမှုကံကို ရှေ့သွားပြုသော ချမ်းသာမှန်သမျှသည် သောကတို့ဖြင့် ၀န်းရံထားသော အသွင်ချမ်းသာမျှသာ ဖြစ်၏။ အစစ်ချမ်းသာ မဟုတ်။

အဇာတသတ်၏ ဘ၀ကို လေ့လာကြည့်လျှင် များစွာ သံဝေဂ ဖြစ်ဖွယ် ကောင်း၏။ မြတ်စွာဘုရား၌ အတုမဲ့ကြည်ညိုသူ ဖြစ်လာလင့်ကစား ထိုကောင်းမှုများသည် အဇာတသတ်အား ငရဲမှ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ပါချေ။ သို့ရာတွင် အ၀ီစိငရဲ၌ ကျခံရမည့်အစား လောဟကုမ္ဘီ ငရဲ၌သာ ကျခံရရုံလောက်မျှသာ စွမ်းဆောင်နိုင်ပါ၏။

အမှန်အားဖြင့် အကုသိုလ် လုပ်ငန်းဖြင့်ရသော စည်းစိမ်ချမ်းသာများကို အဇာတသတ်မင်းက မြတ်စွာဘုရား၌ ကောင်းမှုပြုသကဲ့သို့ ရတနာသုံးပါး၌ ကောင်းမှုများ ပြုစေကာမူ မြတ်စွာဘုရားက အဇာတသတ်အား အထိုက် အလျေက် သက်သာရာ ရစေနိုင်ရုံလောက်မျှသာ ထောက်မပေးသကဲ့သို့၊ ထိုနည်းအတူ ရတနာသုံးပါးကလည်း ထိုထို မကောင်းမှုဖြင့် အရင်းတည်ထားသော ကောင်းမှုရှင်များအား အထိုက်အလျေက် သက်သာရာ ရစေနိုင်ရုံမျှသာ ထောက်မပေးမည် ဖြစ်၏။ အမှန်အားဖြင့် ကံ၏ အကျိုးကို မည်သူမျှ မတားမြစ်နိုင်။ ထောက်မ ပေးနိုင်ရုံသာ တတ်နိုင်၏။ ထို့ကြောင့် “အတ္တာဟိ အတ္တနော နာထော” ဟူ၍ ဆိုခြင်း ဖြစ်၏။

ဤနေရာ၌ သတိပြုသင့်သည်မှာ “လောကအနေနှင့်အလွန်မက်မောဖွယ် ဖြစ်သော မင်းစည်းစိမ်သည်ပင် အကုသိုလ် လုပ်ငန်းဖြင့် ရရိုးမှန်ပါက သံသရာ၌ အားကိုးဖွယ် ဖြစ်မလာနိုင်ပါလျှင်၊ အခြားသော မင်းစည်းစိမ်အောက် ယုတ်သော ချမ်းသာများဆိုပါက သံသရာ၌ အဘယ်သို့လျှင် တကယ်တမ်း အားကိုးဖွယ် ဖြစ်နိုင်ပါလေမည်နည်း။ ထို့ကြောင့် အကုသိုလ် လုပ်ငန်းဖြင့်ရသော ချမ်းသာဟူသမျှ မင်းစည်းစိမ်ပဲ ဖြစ်ဖြစ် အခြားမည်သို့သော စည်းစိမ်ပဲ ဖြစ်ဖြစ် သံသရာ၌ တကယ်တမ်း အားကိုးဖွယ်ဖြစ်သော ချမ်းသာမျိုးအဖြစ်သို့ ရောက်အောင် မစွမ်းဆောင်နိုင်လေသောကြောင့် စင်စစ်အားဖြင့် သုခအသွင်ကို ယူထားသည့် ဒုက္ခစစ်စစ်သာ ဖြစ်ပါ၏” ဟူ၍ ဖြစ်၏။

ထို့ကြောင့် အနန္တသူရိယ အမတ်ကြီးကလည်း ................................

ရွှေအိမ်နန်းနှင့်၊ ကြငှာန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည်း.............ဟူ၍ ဆိုခြင်း ဖြစ်၏။

အမှန်အားဖြင့်လည်း သံသရာသက်တမ်းနှင့်စာလျှင် လူ့ဘ၀ သက်တမ်းသည်၊ လူ့ဘ၀၏ တစ်သက်လျာသည် သမုဒ္ဒရာ ရေမျက်နှာထက်က ရေပွက်ပမာ တစ်ခဏမျှသာ ဖြစ်၏။ သို့ပါလျက် ထိုတစ်ခဏတာကိုပင် မဟာကပ် တစ်ခုလို သဘောထားပြီး တစ်ဘ၀ကောင်းစားရေးအတွက် အကုသိုလ်ကို လုပ်ကြ၏။ အကုသိုလ် လုပ်ငန်းဖြင့် ချမ်းသာကို ရှာကြ၏။ ထိုသို့ရှာကြရာတွင် ဆင်ခြေအနေဖြင့် ပါးစပ်က “ဓမ္မ”အတွက်ဟု ဆိုပြီး လက်က“အတ္တ” အတွက် လုပ်ကြလေ၏။ သို့ရာတွင် ထိုသဘောကို ကြည့်တတ်သူများက မြင်ပါ၏။ နားထောင်တတ်သူများက ကြား၏။ ဆင်ခြင်ဥာဏ် ရှိသူများက သိ၏။

ထို့ကြောင့် ဘ၀၏ အကျိုးပေးများနှင့် စပ်လျဉ်း၍ လေ့လာရာတွင် “အကုသိုလ် လုပ်ငန်းဖြင့် ချမ်းသာကြ၏” ဟူ၍ ဆိုသည်မှာလည်း မှန်ပါ၏။ “မင်းစည်းစိမ်ကို ရသည်အထိပင် ချမ်းသာကြ၏” ဟူ၍ ဆိုသည်မှာလည်း မှန်ပါ၏။ သို့ရာတွင် ထိုကဲ့သို့သော ချမ်းသာခြင်းမျိုးကား ကုသိုလ်ကံက ဥပနိဿယ ပစ္စည်းဖြင့် ထောက်ပံ့လိုက်သော အကုသိုလ် လုပ်ငန်းကြောင့် အကျိုးပေးခြင်းသာ ဖြစ်၏။ ထိုကံမျိုးသာ မရှိပါက အကုသိုလ် လုပ်ငန်းဖြင့် ချမ်းသာခြင်းဟူ၍ မရှိနိုင်ပါချေ။ အကယ်၍ ကုသိုလ်ကံ၏ ဥပနိဿယပစ္စည်းကြောင့် အကုသိုလ် လုပ်ငန်းဖြင့် ချမ်းသာသည် ဆိုစေဦး၊ ထိုချမ်းသာသည် အဇာတသတ်မင်း၏ ချမ်းသာမျိုးသာ ဖြစ်၏။ သံသရာ၌ ဘာမျှ အားကိုးလောက်သော ချမ်းသာမဟုတ်။

ထို့အပြင် “ရိုးရိုးသားသားနှင့် ကြိုးကြိုးစားစား လုပ်ပါလျက် ပြစ်တင် မောင်းမဲခြင်းကို ခံရတတ်ကြ၏” ဟူ၍ ဆိုသည်မှာလည်း မှန်ပါ၏။ သို့ရာတွင် ထိုကဲ့သို့ ပြစ်တင်မောင်းမဲခြင်းကို ခံရခြင်းသည်လည်း အကုသိုလ်ကံ က ဥပနိဿယပစ္စည်းဖြင့် ထောက်ပံ့လိုက်သော ကုသိုလ်ကံကြောင့်သာ ဖြစ်ပါ၏။ ကုသိုလ်ကံ သက်သက်ကြောင့် မဟုတ်။

ထိုနှစ်မျိုးတွင် အကုသိုလ်ကံက လမ်းဖွင့်ပေး၏။ ကုသိုလ်ကံ က တိုက်ရိုက်အကျိုးပေး၏။ ထိုအခါ ချမ်းသာ၏။ ဤသည်က တစ်မျိုး။ ကုသိုလ်ကံ က လမ်းဖွင့်ပေး၏။ အကုသိုလ်ကံ က တိုက်ရိုက်အကျိုးပး၏။ ထိုအခါ ပြစ်တင် မောင်းမဲခြင်းကို ခံရ၏။ ဤသည်က တစ်မျိုး။ သို့ရာတွင် လမ်းဖွင့်ပေးခဲ့သော အကုသိုလ်ကံ နှင့် ကုသိုလ်ကံ များကလည်း တိုက်ရိုက်အကျိုးများကို ပေးဦးမည်ဖြစ်၏။ လောလောဆယ် ဒိဋ္ဌဓမ္မအကျိုး အနေဖြင့် ကောက်ကျစ် စဉ်းလဲသူများကို စရိုက်တူ၊ ၀ါသနာတူ မဟုတ်သော လောက လူအပေါင်းက ရွံရှာ၏။ စက်ဆုပ်၏။ ရိုးရိုးသားသားနှင့် ကြိုးကြိုးစားစား လုပ်သူများကို လူငစဉ်းလဲများမှတစ်ပါး ကျန်သော လောကလူအပေါင်းက မြတ်နိုး၏။ လေးစား၏။ သို့ရာတွင် လူငစဉ်းလဲများကမူ တုံးသည်၊ အသည်၊ ဖျင်းသည် ဟူ၍တော့ ဆိုကြပေလိမ့်မည်။ ထိုသို့ ဆိုခြင်းသည်လည်း အကုသိုလ်ကံ၏ တိုက်ရိုက် အကျိုးပေးမှုများပင် ဖြစ်၏။

ဤလောက၌ ၀မ်းရေးသည် အရေးကြီးပါ၏။ ထိုသို့ပင် အရေးကြီးသော်လည်း သမ္မာဒိဋ္ဌိအမြင်အရ သံသရာ သက်တမ်းကို အလေးမူ၍ “သီလစောင့်မှ အူမတောင့်သည်” ဟူသော ယုံကြည်ချက်ဖြင့် ဘ၀၏ အကျိုးပေးများကို ရှာရာ၌ မဂ္ဂင်ရှစ်ပါးတွင် အရေးအကြီးဆုံးဖြစ်သော သမ္မာအာဇီဝမဂ္ဂင် ကို လိုက်နာ ကျင့်သုံး၍ ရှာအပ်ကြောင်း နားလည်အပ်ပါ၏။ မိစ္ဆာဒိဋ္ဌိအမြင် အရ၊ လူ့ဘ၀၏ ခဏသက်တမ်းကို အလေးမူ၍ “အူမတောင့်မှ သီလစောင့်သည်” ဟူသော ယုံကြည်ချက်ဖြင့် မိစ္ဆာအာဇီဝမဂ္ဂင်ကို လိုက်နာကျင့်သုံး၍ ဘ၀၏ အကျိုးပေးများကို မရှာအပ်ကြောင်းကိုလည်း နားလည်အပ်ပါ၏။

ဦးရွှေအောင် မဟာဝိဇ္ဇာ(သက္ကတ)(၀ဋံသကာ နှင့် သိရောမဏိ) ၏ အမြင်များပြောင်းလဲခြင်းနှင့် အတွေးအမြင်စာစုများ မှ...................


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Sunday, November 29, 2009

ဘိုးတော်သာသနာပြုချိန် ဘယ်အခါမှမရောက်


မေး။ ။ဘိုးတော်ဟုပြောသော လူတစ်ယောက်က သာသနာ ၂၅၀၀ ကျော်လျှင် လူပုဂ္ဂိုလ် ၀တ်ဖြူစင်ကြယ် ဘိုးတော် သာသနာပြုချိန် ရောက်သည်ဟုပြောပါသည် မှန်ပါသလားဘုရား။

ဖြေ။ ။အခု မိမိတို့ အမြင်နဲ့ ပြောရရင် ဘိုးတော်တွေ လုပ်နေတာ သာသနာနဲ့ဟာ တခြားစီဖြစ်နေတဲ့အတွက် ၀တ်ဖြူစင်ကြယ် ဘိုးတော်သာသနာပြုချိန် ဘယ်အခါမှ ရောက်မှာ မဟုတ်ပါဘူး။
ဘိုတော်ဆိုသူတွေ အခုလုပ်နေကြတာက အထက်အမိန့်အရဆိုပြီး ဟိုဘုရား သည်ဘုရားသွား၊ ဟိုတောဝင် သည်တောင်တက်၊ အဓိဋ္ဌာန် ၀င်တယ်ဆိုပြီး ရက်ပိုင်း လပိုင်းနဲ့ဂူအောင်း၊ သူတို့ထင်ရာ မြင်ရာ တရားအားထုတ်၊ အသေထွက် အရှင်ထွက် ထွက်ရအောင်ဆိုပြီးကျင့်၊ ဆေးကု၊ အကြားအမြင်ဟော၊ အဂ္ဂိရတ်ထိုး စသည်စသည် အလုပ်မျိုးစုံတွေ လျှောက်လုပ်နေကြတာကို မြင်ရ ကြားရ သိနေရတာပဲ။

ဒါတွေဟာ ဘုရားသာသနာတော်နဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်နေတဲ့အတွက် သူတို့တတွေဟာ ဘုရား သာသနာတော် ကျောပေးပြီး ခရီးဝေးကြီး ချီတက်သွားနေကြသူတွေလို့ ဆိုရမှာပဲ။ သူတို့ဟာ သာသနာတော်နဲ့ ကြာလေ ဝေးလေသာ ဖြစ်စရာ ရှိပါတယ်။ (၁) သာသနာဆိုတာဘာ၊(၂)သာသနာပြုတယ်ဆိုတာဘယ်လို လုပ်တာကို ခေါ်တယ်ဆိုတာတောင် ကျကျနန သိပုံမရဘူး။ သည်အကြောင်း အနည်းငယ် အရိပ်အမြွက်မျှ ပြောပြရရင်..........................

၁။သာသနာတော်ဆိုတာ ဗုဒ္ဓမြတ်စွာရဲ့ အဆုံးအမတော် ဖြစ်တဲ့ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ အားဖြင့် ၃-မျိုး ၊ တစ်နည်း သီလ၊ သမာဓိ၊ ပညာ အားဖြင့် ၃-မျိုး တို့ပဲ ဖြစ်ပါတယ်။

အဲသည်မှာ ပရိယတ္တိဆိုတာ သုတ္တန်၊ ၀ိနည်း၊ အဘိဓမ္မာ ဆိုတဲ့ ပိဋကသုံးပုံ (၀ါ) ဓမ္မက္ခန္ဓပေါင်း ရှစ်သောင်းလေးထောင်နဲ့ အဲသည် ပိဋိကသုံးပုံ၊ ဓမက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို မိမိတို့ စွမ်းနိုင်သလောက် သင်ကြားပို့ချခြင်း၊ နာယူသင်ကြား မှတ်သားခြင်းများပဲ ဖြစ်ပါတယ်။

ပဋိပတ္တိသာသနာဆိုတာက အဲသည် ပိဋိကသုံးပုံဆိုတဲ့ ပရိယတ္တိမှာလာတဲ့ နည်းနာနိဿယ အတိုင်း နည်းလမ်း မှန်ကန်စွာ ကျင့်ကြံအားထုတ်ခြင်းပဲ ဖြစ်ပါတယ်။

ပဋိဝေဒ သာသနာဆိုတာက သည်ကျင့်ကြံ အားထုတ်ခြင်းဖြင့် ရရှိအပ်တဲ့ ဈန်တရား၊ ၀ိပဿနာတရား၊ မဂ်တရား၊ ဖိုလ်တရားတွေပဲ ဖြစ်ပါတယ်။

၂။သာသနာပြုတယ်ဆိုတာ အထက်ဖော်ပြပါ အတိုင်း ပိဋကသုံးဖြာ၊သိက္ခာ ၃-ရပ် သာသနာတော်မြတ်ကို သင်ကြားပို့ချခြင်း၊ နာယူမှတ်သားခြင်း၊ ကျင့်ကြံကြိုးကုတ်အားထုတ်ခြင်း၊ သီလ, သမာဓိ, ပညာ သိက္ခာ ၃-ရပ်ကို မိမိသန္တာန်၊ သူတစ်ပါးသန္တာန်မှာ ထင်စေခြင်းဖြင့် သာသနာတော်ကို တည်တံ့ပြန့်ပွားစေခြင်းများပဲ ဖြစ်ပါတယ်။

သာသနာတော်ကို ကြည်ညိုတဲ့ သဒ္ဒါတရားနဲ့ ပြည့်စုံသူ ဒကာ,ဒကာမ အပေါင်းတို့က သံဃာတော်များအား ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ လှူဒါန်းပူဇော်ကြခြင်း စသည်များဟာလည်း သာသနာ ပြုခြင်းများပဲ ဖြစ်ပါတယ်။

သည်ဖော်ပြပြီး အကြောင်းအရာများကို ကြည့်ရင် ယခု သာသနာတော် ၂၅၃၉ ခုနှစ်အထိ ဘယ်သူတွေ သာသနာ ပြုလာခဲ့ကြတယ်ဆိုတာ ကွက်ကွက်ကွင်းကွင်း အမြင်ရှင်းလောက်ပါပြီ။ သည်လို ဖြစ်ပါလျှက် လူပုဂ္ဂိုလ် ၀တ်ဖြူစင်ကြယ် ဘိုးတော်က သာသနာပြုမယ် ဆိုတာဟာ ရိုးသားတဲ့စကားလို့ ဘယ်လို ယုံကြည်ရမယ်ဆိုတာ မစဉ်းစားတတ်အောင် ဖြစ်ရတယ်လို့ ပြောချင်ပါတယ်။

အဲသည် ပုဂ္ဂိုလ်တွေဟာ မိမိတို့ လုပ်ငန်းကို သာသနာတော်နဲ့ ရောမွှေ၊ သာသနာ့အရှိန်အ၀ါကို ယူပြီး သာသနာတော်ကို မိမိတို့အတွက် အသုံးချဖို့ လုပ်နေတဲ့သူတွေ ဖြစ်တယ်လို့သာ ယူဆပြီး သူတို့ကို ဝေးဝေးက ရှောင်ကြဉ်ခြင်းသာ အကောင်းဆုံးဖြစ်တယ်လို့ ပြောလိုပါတယ်။
အ၀တ်ဖြူဝတ်တာဟာ သာသနာတော်ကွယ်ခြင်းတစ်မျိုးနဲ့ ဆက်စပ်နေတာကြောင့် သည်နေရာမှာ သာသနာတော်ကွယ်ခြင်း ငါးမျိုးကို အကျဉ်းချုံး ဖော်ပြလိုက်ပါတယ်။

၁။မဂ်လေးပါး၊ဖိုလ်လေးပါး၊ ပဋိသမ္ဘိဒါလေးပါး၊ ၀ိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါးတို့ ကွယ်ပျောက်ခြင်း - အဓိဂမအန္တရဓာတု

၂။သာသနာတော်မှာ ပါရာဇိက မကျသေးဘဲ နောက်ဆုံးကျန်နေတဲ့ ရဟန်းတစ်ပါး ပါရာဇိက ကျသွားရင်ဖြစ်စေ။ ပါရာဇိက မကျဘဲ ပျံလွန်တော်မူသွားရင် ဖြစ်စေ ပဋိပတ္တိ ကွယ်ပျောက်သွားပြီလို့ ဆိုရတဲ့ ပဋိပတ္တိအန္တရဓာတု။

၃။ပိဋကသုံးပုံထဲက လေးပါဒမျှရှိတဲ့ ဂါထာလေးတစ်ခုလောက်မျှ မကျန်အောင် ပိဋကသုံးပုံ ကွယ်ပျောက်သွားခြင်း၊ ပဋိယတ္တိအန္တရဓာတု။(လေးပါဒ မျှ ရှိတဲ့ ဂါထာလေးတစ်ပုဒ်မျှ ရှိနေသေးရင် ပရိယတ္တိ မကွယ်ပျောက်သေးဘူးလို့ မှတ်ရပါမယ်။

၎။ခေါင်းတုံးရိတ်ထားခြင်း၊ သင်္ကန်းဝတ်ရုံထားခြင်းကို သာသနာတော်ရဲ့ ထူးခြားတဲ့ အသွင်သဏ္ဍာန် ပုံဟန်လို့ ဆိုပါတယ်။(ဆံရှည်ကိုယ်တော် ဆိုတာတွေကို သတိထားပါ)

နောင်အခါ ရဟန်းတော်များဟာ သင်္ကန်းကို သေခိယသိက္ခာပုဒ်တော်များနဲ့အညီ ၀တ်ရုံကာ ပုံမှန်သွားလာမှုမျိုး မရှိတော့ဘဲ ပုံပျက်ပန်းပျက် ၀တ်ရုံ သွားလာ နေထိုင်ရာက ကာလအတော်ကြာလာတဲ့အခါ သည်သင်္ကန်းကြီး ၀တ်ရုံရတာ လေးလံ ရှုပ်ထွေး ၀န်လေးလှပါတယ်ဆိုပြီး သင်္ကန်း အပိုင်းအစကလေးတစ်ခုကို လက်မှာဖြစ်စေ၊ လည်ပင်းမှာဖြစ်စေ၊ ဆံပင်မှာဖြစ်စေ ရစ်ပတ်ချည်နှောင်ထားကြပြီး အိမ်ထောင် သားမွေး လယ်ယာစသည် လုပ်ကိုင် အသက်မွေးပြီး လှည့်လည်သွားလာ နေထိုင်ကြလိမ့်မယ်။ သည်အချိန်ထိ ရဟန်းအသွင် ကွယ်ပျောက်မသွားသေးပါဘူး။

နောက်ဆုံးတော သည်သင်္ကန်းအစလေးရှိနေတာ လူမဟုတ်။ ရဟန်းမဟုတ်၊ တယ်ရှုပ်လှတယ်ဆိုပြီး အဲသည် လည်ပင်း၊ လက်၊ ဆံပင်က သင်္ကန်းစကလေးတွေကို ဆွဲဖြုတ်ဖြတ်တောက်ပြီး တောထဲ လွှင့်ပစ် လိုက်ကြပါကုန်ရောတဲ့။ အဲသည်အခါကျရင်တော့ဖြင့် ရဟန်းအသွင်သဏ္ဌာန်ဟာ သာသနာတော်က လုံးဝ ကွယ်ပျောက်သွားပြီလို့ ဆိုရပါမယ်။ အဲဒါဟာ လိင်္ဂအန္တရဓာနပါပဲ။
သည်အခါမှာ ရဟန်းအသွင်ကို စွန့်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အ၀တ်ဖြူတွေကို ၀တ်ကြတယ်လို့ ယူဆစရာ ရှိပါတယ်။

ဧတသ္မိံကာလေ လိင်္ဂံ အန္တရဟိတံ နာမ ဟောတိ။ ကဿပ ဒသဗလဿ ကိရ ကာလတော ပဋ္ဌာယ ယောနကာနံ သေတ၀တ္တံ ပါရုပိတွာ စရဏံ စာရိတ္တံ ဇာတန္တိ။ (အင်္ဂုတ္ထိုရ် အဋ္ဌကထာ၊ပ၊၇၀)

ကဿပဗုဒ္ဓရှင်တော်ဘုရား လက်ထက်တော်ကစပြီး ရဟန်းအသွင်ကို စွန့်ခွာသွားကြတဲ့ ယောနက တိုင်းသားတွေဟာ အ၀တ်ဖြူတွေကို ၀တ်ပြီး လှည့်လည်သွားလာ နေကြတဲ့ အလေ့အထဟာ ဖြစ်ပေါ်လာခဲ့တယ်ဆိုတဲ့ အဋ္ဌကထာကို သာဓကပြပြီး ဆိုလိုက်တာဖြစ်ပါတယ်။

သည်အထောက်အထားသာဓက စကားတွေအရ အ၀တ်ဖြူဝတ်ကြတဲ့ လူဘိုးတော်တွေဟာ သာသနာကို ကျောခိုင်း ကိုယ်ထင်ရာကိုယ်စိုင်းနေကြပြီး သူတို့သာသနာပြုချိန်ရောက်ပြီလို့ ပြောတာကို ယုံတဲ့ပုဂ္ဂိုလ် ရှိရင် အဲသည်ပုဂ္ဂိုလ်အောက် ညံ့တဲ့လူသား ဘယ်မှာများ ရှိပါတော့မလဲ။

၅။နောက်ဆုံး ငါးခုမြောက် သာသနာတော် ကွယ်ပျောက်ခြင်း ဓာတုအန္တရဓာနကို ပြောပါမယ်။ အကျဉ်းချုပ်မျှသာ ဖြစ်ပါတယ်။ သည်ကွယ်ပျောက်ခြင်း ငါးမျိုးကို လေ့လာရတာ ကြည်ညိုစရာ၊ ၀မ်းမြောက်စရာ၊ ၀မ်းနည်းစရာ စသည်တွေ စုံလင်လှတာကြောင့် သည်ငါးမျိုးအကျယ်ကို အခွင့်သင့်တဲ့အခါ ရေးသားတင်ပြမယ် ရည်ရွယ်ထားပါတယ်။

ဗုဒ္ဓရှင်တော်ဘုရားရဲ့ ဓာတ်တော်တွေဟာ အပူဇော်ခံရတဲ့ နေရာမှာသာနေပါတယ်။ ပူဇော်သူ မရှိတဲ့နေရာမှာ မနေဘဲ ပူဇော်သူရှိတဲ့နေရာကို ပြောင်းရွှေ့သွားကြပါတယ်။ ဒါဟာ ရှင်တော်ဘုရားရဲ့ အဓိဋ္ဌာန် တန်ခိုးကြောင့်လို့ အဋ္ဌကထာမှာ ဆိုပါတယ်။

သာသနာကွယ်ပလို့ ပူဇော်မည့်သူ မရှိတော့တဲ့အခါကျရင် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည် ၊နဂါးပြည်တို့မှာ ရှိတဲ့ ဓာတ်တော်မှန်သမျှတွေဟာ မုံညှင်းစေ့လေးလောက်တောင် မကျန်တော့ဘဲ မူလ ဗုဒ္ဓပွင့်တော်မူရာ ဗောဓိမဏ္ဍိုင်မှာ အကုန်စုပြီး တေဇောဓာတ်လောင်ကျွမ်းကာ ဓာတုပရိနိဗ္ဗာန် စံဝင်သွားပါလိမ့်မယ်။ အဲဒါဟာ ဓာတုအန္တရဓာနပဲ ဖြစ်ပါတယ်။

သည်လို ပရိနိဗ္ဗာန် ၀င်စံပုံကို တချို့က ဓာတ်တော်တွေ ဗောဓိမဏ္ဍိုင်မှာ စုပေါင်းပြီး တေဇောဓာတ် လောင်ကျွမ်း သွားတာပဲ ဆိုပြီး တချို့က ဓာတ်တော်တွေ စုပေါင်းပြီး လက္ခဏာတော် ကြီးငယ် အသွယ်သွယ်တို့ဖြင့် သပ္ပာယ်တော်မူလှသော ဗုဒ္ဓပုံတော်အတိုင်းဖြစ်ကာ ရေမီးအစုံစုံ အစရှိတဲ့ တန်ခိုးပြာဋိဟာတွေ ပြပြီးမှ တေဇောဓာတ် လောင်ကျွမ်းသွားတယ်။ တရားတော့ မဟောဘူးလို့ ဆိုပါတယ်။

လယ်တီဆရာတော်ဘုရားကြီးက နောက်အယူအဆကို လက်ခံသဘောတူပုံ ရပါတယ်။ အကြောင်းကတော့ ဆရာတော်ဘုရားကြီး ရေးသားတော်မူထားတဲ့ ဆုတောင်းပြည့်ဘုရားကြီး မေတ္တာစာမှာ ..............
'သဗ္ဗညူဘုရား ပြည်နိဗ္ဗူအလားတွင် မိုးသကြားဣန္ဒာသည် သာသနာကိစ္စကို စိတ်ချတော်မူပါဟု ပဋိညာ ၀န်ခံကြောင်းနှင့် ကျမ်းဟောင်းက ထွက်ပါလျက် သက်သက်မဲ့နေသည်ကို စိတ်ကြေဖို့မရှိ မြတ်မုနိမွေရှင်သည် ရွှေပလ္လင်ဇေယျာ၌ တေဇာတော်ဖွင့်လှစ် ရွှေကိုယ်တော် တစ်ဖန်ဖြစ်ကာမှ ဒေ၀ရာဇ်သိကြား နေနိုင်သည့်ဖြစ်လားကို ဇယားပုံလွှာသ၍ မြတ်ဘုရားရှေ့တော်ပြင်ဝယ် ကိုယ်ပင်နှင့်အတင်း မညှာတန်းငြင်းရန်ဖို့ အခင်းသာလိုတော့သည်' ဟု ရေးသာတာ တွေ့ရလို့ပဲဖြစ်ပါသည်။

ဒါကတော့ ဘိုးတော်တွေ အ၀တ်ဖြူဝတ်တာနှင့် ပတ်သက် ဆက်စပ်နေတဲ့အတွက် (ပဉ္စအန္တရဓာန) သာသနာတော်နဲ့ ပတ်သက်တဲ့ ကွယ်ပျောက်ခြင်း ငါးမျိုးကို တင်ပြလိုက်တာဖြစ်ပါတယ်။

ဒါလောက်ဆိုရင် အ၀တ်ဖြူဝတ် လူပုဂ္ဂိုလ် ဘိုးတော်တွေ သာသနာပြုမပြုနဲ့ ပတ်သက်တဲ့ကိစ္စ ရှင်းလောက်ပြီလို့ ယူဆမိပါတယ်။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ကိုယ်တွေ့ဝိပဿနာ


မေး။ ။ အာနာပါနကို အားထုတ်ရာမှာ ၀င်လေကို ရှုတဲ့အခါ အာရုံက ပိုပြီး ထင်ရှားနေတာ ကျွန်တော် တွေ့ရတယ်။ ဒီလို ဖြစ်နေတာဟာ ကျွန်တော့်အတွက် သမာဓိပျက်အောင် လုပ်နေသလိုပဲ။ ကျွန်တော် ဘယ်လို လုပ်ရမလဲ။ (လုပ်နိုင်တာ ရှိသေးလား)

ဖြေ။ ။ ၀င်သက်ထွက်သက်ကို မှတ်တာဟာ ကမ္မဋ္ဌာန်း အားထုတ်ရာမှာ အလွန်စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိစ္စပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အသက်ရှုတာမှာ အလေးအပေါ့၊ အပျော့အပြင်း ကွာခြားမှု နယ် အလွန် ကျယ်လို့ ပါပဲ။ တစ်ခါတစ်ရံ အသက်ရှုရတာ ပြင်းပြီး လေးလံသလိုပဲ။ တစ်ခါတစ်ရံကျတော့ ပေါ့ပါးပြီး အဆင်ပြေပါတယ်။ ဒီလို အပြောင်းအလဲ ဖြစ်တာဟာ ၀င်လေမှာ ဖြစ်ချင်လည်း ဖြစ်တယ်။ ထွက်လေမှာ ဖြစ်ချင်လည်း ဖြစ်တယ်။ အချိန် အပိုင်းအခြားကို လိုက်ပြီးလည်းပဲ အပြောင်းအလဲ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံများဆို အသက်ရှု မှန်းတောင် မသိရလောက်အောင် ညင်သာသွားတဲ့ အခါလည်း ရှိတတ်တာပဲ။ ကမ္မဋ္ဌာန်း ဘာဝနာတရား အားထုတ်ရာမှာ အာနာပါန အလုပ်ရဲ့ တန်ဖိုးဟာ ဘယ်မှာဖြစ်လာသလဲ ဆိုရင်တော့ ထွက်သက် ၀င်သက်လေ သိတ်ပြီး သိမ်မွေ့လွန်းမက သိမ်မွေ့ပြီး ညင်သာလွန်းမက ညင်သာလာပြီဆိုရင် စိတ်ဟာ သတိနှင့် သိမှုပေါ်မှာ ကြာကြာတည်နိုင်ဖို့ရာ လုံလောက်တဲ့ နူးညံ့သိမ်မွေ့မှု (ချောမွတ်မှု) အနေအထားကို ရောက်သွာတော့တာပါပဲ။ ဒီအခါကျတော့ ထပ်ဆင့်ပြီး စိတ်မှာ စွမ်းအင် တစ်ခု ရလာပြန်တယ်။ ဒါက ဘာမှ လုပ်ရတာ မဟုတ်ဘူး။ စိတ်က တိတ်ဆိတ် ငြိမ်သက် သွားတော့တာပါပဲ။

မေး။ ။လူတစ်ယောက် မဂ်ဥာဏ်ရပြီ ဆိုတာကို ဆရာ ဘယ်လိုလုပ်ပြီး ပြောနိုင်မလဲ။

ဖြေ။ ။မဂ်ဥာဏ် ရတယ်ဆိုတာကို ခြေရာခံ လိုက်လံ စုံစမ်းလို့တော့ မရဘူး။ လွတ်မြောက်သွားတဲ့ စိတ်တစ်ခုကို အာရုံတစ်ခုခုနှင့် ထိတွေ့ သိမြင်နိုင်တဲ့ နည်းလမ်းမျိုးလည်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ဒါဟာ စိတ်ဆိုတဲ့ ရိုးရိုး သိနိုင်တဲ့ အသိနယ်ကို ကျော်လွန် သွားလို့ပဲဖြစ်တယ်။ ဒါဟာ ငြိမ်သွားတဲ့ မီးတောက် မီးလျှံကို ဘယ်ရောက်သွားပြီလို့ တထစ်ချ နေရာကို သတ်မှတ်ပြောဖို့ ကြိုးစားတာမျိုးလို ဖြစ်နေတယ်။ အဲဒီ ငြိမ်းသွားတဲ့ မီးကို ခင်ဗျား ဘယ်မှာ သွားရှာမှာလဲ။ ဒီလိုပဲ မဂ်ဥာဏ်ကို ဘယ်နေရာမှာ ဘယ်ဋ္ဌာနမှာ တည်နေတယ်ဆိုတဲ့ နေရာဋ္ဌာန သဘောမျိုးနှင့် စဉ်းစားလို့မရဘူး။ နဖူးပေါ်မှာလည်း မဂ်ဥာဏ်ရဲ့ အထူး ထင်ရှားတဲ့ အမှတ်အသားက ပေါ်လာတာ မဟုတ်ဘူး။ ဒါပေမယ့် လူတွေမှာ ဖြစ်ပေါ်လာတဲ့ ပညာနှင့် ကရုဏာ ဂုဏ်သတ္တိတွေကိုပဲ အသိအမှတ်ပြုပြီး ပူဇော်ကြရတာပဲ။

မေး။ ။မိဘများကို ကျေးဇူးဆပ်ရာမှာ မဂ်လမ်းကို ဖော်ဆောင်ပြီး ကျေးဇူးဆပ်ရမယ်ဆိုတဲ့ သားသမီးများရဲ့ တာဝန်ပိုင်းကို ပြောချင်ပါတယ်။ ကျွန်တော့်မိဘများဟာ ကျွန်တော်ဒီရိပ်သာကို ရောက်နေတာကို အံ့သြနေကြတာ။ ဘာကြောင့် ကျွန်တော် ဒီကို ရောက်နေတာလဲ ၊ ကျွန်တော် ဒီမှာ ဘာလုပ်နေတာလဲဆိုပြီး ဖြစ်နေကြပါတယ်။ ဒါပေမယ့် သူတို့ကို နားလည်သဘောပေါက်အောင် လုပ်ဖို့နည်းလမ်း မမြင်ဘူး။ အဲဒါ ဘယ့်နှယ့် လုပ်မလဲ။

ဖြေ။ ။ဆက်သွယ်ရေးမှာ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ စကားနှင့်ပြောမှ မဟုတ်ပါဘူး။ စကားနှင့်ပြောတာဟာလည်း အခါခပ်သိမ်း အကောင်းဆုံးနည်းလမ်း မဖြစ်ပါဘူး။ အကယ်၍ ခင်ဗျားဟာ မိဘတွေနှင့် အတူတကွ နေနေတဲ့အခါဖြစ်ဖြစ် ၊ ဒါမှမဟုတ် အခြား လူတွေနှင့် နေတဲ့အခါဖြစ်ဖြစ် သိပ်ပြီး ဆက်ဆံရေးမှာ အေးစက်စက် ဖြစ်နေတယ်။ပြီးတော့ စဉ်းစဉ်းစားစားနှင့် ချိန်ချိန်ဆဆလည်း မရှိဘူးထား။ အဲဒါကို ခင်ဗျားက မေတ္တာ အပြည့်အ၀ ပေးကမ်းစွန့်ကြဲမှု ရက်ရောမှု အပြည့်အ၀နှင့်သာ လက်ခံကြည့်ပါလား။ ခင်ဗျားအနေနှင့် စကား တစ်ခွန်းတောင် ပြောစရာမလိုဘူး။ ခင်ဗျား ကိုယ်တိုင်က ငြိမ်းချမ်းတဲ့ကိုယ် ဖြစ်နေရင် သူတို့အတွက်လည်း ကောင်းဖို့ရာ နယ်ပယ်တစ်ခု ဖန်တီးဖြစ်ပေါ် လာစေမှာပါပဲ။ အချိန်တော့ကြာတတ်ပါတယ်။ လူတွေမှာ သူတို့နည်းနှင့်သူတို့ စွဲလမ်းနေတဲ့ ၀ါဒစွဲတွေ၊ ဥပါဒါန်စွဲတွေ ရှိတတ် ကြပါတယ်။ ခင်ဗျားက ပြောတဲ့ စကားက သူတို့ရဲ့ အယူစွဲ ၊ ၀ါဒစွဲတွေကို ခြိမ်းခြောက်လာရင် သူတို့ကလည်း ခုခံ ကာကွယ်ကြမှာပဲ။ ဒီတော့ နည်းလမ်းက သူတို့ကို ခြိမ်းခြောက်သလို မဖြစ်စေနှင့်။ မိမိတရားနှင့်သာ မိမိနေပါ။ ဓမ္မက သူ့ဘာသာ သူ ဖွင့်လှစ် ပြပါလိမ့်မယ်။ ငြိမ်းချမ်းတဲ့ စိတ်နှလုံးဟာ ပတ်ဝန်းကျင် အပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ အချိန်ရယ်၊ သည်းခံစိတ်ရယ်၊ မေတ္တာစိတ်ရယ် အများကြီး ရှိဖို့တော့ လိုတယ်။ (စိတ်ရှည် ဇွဲသန် သည်းညည်းခံ ပြုရန်သာသနာ)

မေး။ ။တရားထိုင်နေတုန်းမှာ ၀င်လေ ထွက်လေဟာ ရေတွေ ရှေ့တိုးနောက်ငင် စီးဆင်းသလိုပဲ ကျွန်တော့် အာရုံထဲမှာ မြင်နေရတယ်။ ဒီလို မမြင်ဘဲ တရားထိုင်နိုင်ရင် ပိုပြီး သမာဓိ မဖြစ်ဘူးလား။

ဖြေ။ ။ မှန်ပါတယ်။ တရားအားထုတ်တယ်ဆိုတာ ကြံစည်တွေးတောတဲ့ ပညတ် အဆင့်ကနေ စိတ်ကို ကိုယ်တွေ့ အတွေ့အကြုံ ဖြစ်ပေါ်တဲ့အဆင့်ကို ရောက်အောင် လုပ်တာပါပဲ။ အာနာပါနမှာ နိမိတ် ဖြစ်ပေါ်တယ် ဆိုတာဟာလည်း ပညတ်သဘောတွေပဲ။ တကယ် လုပ်ရမှာက ၀င်လေ ထွက်လေ အာရုံ (အထိ အတွေ့) ကိုသာ ထိတွေ့ သိမြင်နေအောင် လုပ်ရမှာ။ ပညတ် မ၀င်ရဘူး။

ဆရာဦးဆန်းလွင် နှင့် ဦးဟန်ဌေး တို့ ဘာသာပြန်သော ဂိုလ်စတိန်း ၏ ကိုယ်တွေ့ဝိပဿနာ မှ...........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, November 28, 2009

ဘ၀ဆိုတာဘာလဲ


ဘ၀ဆိုတာဘာလဲ။ ဘ၀ဆိုတာ အိပ်မက် ပါပဲ။ အိပ်မက်ဟာ ဘ၀ပါပဲ။ ဘ၀ဆိုတာ အိပ်မက်ဆိုတာကို သက်သေ ပြမယ်။

အတိတ်ဘ၀က ဖြစ်ပျက်တွေ့ ကြုံတာတွေ မရှိတော့ဘူး။ တကယ် မဟုတ်တော့ဘူး။ အနာဂတ်ဘ၀မှာ ဖြစ်ပျက်မှာ ကလဲ တကယ် မဟုတ်သေးပါဘူး။ အနာဂတ်ဘ၀ အတိတ်ဘ၀မှာ နေထိုင်လို့မရသလို ၊ပစ္စုပ္ပန် ဘ၀လဲ ဖြစ်ပျက် နေလို့ တကယ်နေထိုင်လို့ မရဘူး။ အတိတ်ဘ၀နဲ့ အနာဂတ်ဘ၀လိုပဲ ပစ္စုပ္ပန် ဘ၀ဟာလဲ အိပ်မက်ပါပဲ။ ဘယ်ဘ၀ မဆို အစစ်အမှန် ခိုင်မြဲတည်တံ့နေတာ မဟုတ်။

ပစ္စုပ္ပန် ဘ၀မှာ နေထိုင်မှုဆိုတာလဲ ချက်ချင်းအတိတ်ဘ၀ ဖြစ်သွားနေတယ်။ ယခု အတိတ်ဘ၀ ဖြစ်နေတဲ့ ပစ္စုပ္ပန် ဘ၀မှာ နေရတဲ့ဘ၀ဟာလဲ အိပ်မက်ပါပဲ။ တကယ်မရှိဘူး။ အတ္တ ပုဂ္ဂလ ဇီဝ မရှိလို့ ဘယ်ဘ၀မဆို အိပ်မက်ပါပဲ။ စိတ်ခဏတိုင်း ပြောင်းလဲနေမှုပါပဲ။

ဘ၀ဟာ အတ္တ ဇီဝ ပုဂ္ဂလ ယောင်္ကျား၊ မိန်းမ၊ မရှိလို့ “သုညတ” လို့ ခေါ်တယ်။ အဲဒီ အနိစ္စတရား၊ ဒုက္ခတရား၊ အနတ္တတရား သုညတ တရားဟာ ဘ၀ပါပဲ။ ဘ၀ဟာ သုညတလို့ သတိပဋ္ဌာန် အလုပ်နဲ့ တကယ်သိရင် အမြင့်ဆုံး ပညာဥာဏ်၊ ၀ိမုတ္တိ သုခ လွတ်မြောက်တဲ့ ချမ်းသာ သစ္စာသိမှု ချမ်းသာမြတ်ကြီးကို ရပါတယ်။ သုညတ သိမှ နိဗ္ဗာန်ရတယ်။

ဘ၀ဟာ အိပ်မက်ဖြစ်လို့ ချစ်စရာ မုန်းစရာလဲမရှိ၊ အထင်အမြင်မှားစရာ မရှိဘူး။ အိပ်မက်ထဲမှာ တစ္ဆေချောက် ခံရရင် ချက်ချင်းနိုးရင်နိုးတယ်။ နိုးပြီးရင် ဒါ အိပ်မက်ပဲ။ သူရဲတစ္တေ တကယ်ခြောက်လှန့်တာ မဟုတ်ပါလားလို့ သိရင် စိတ်ပေါ့ပါးသွက်လက်တယ်။ ရီတောင် ရီမောရသေးတယ်။

ဘ၀ဟာ အိပ်မက်ဆိုတာကို နောက်တစ်ခု သက်သေပြမယ်။

ဘ၀ဟာ စိတ်ပါပဲ။ စိတ်ရဲ့အမူအယာတွေပဲ။ အိပ်မက်ဆိုတာလဲ စိတ်ရဲ့အမူအယာပဲ။ ဒါ့ကြောင့် ဘ၀ဟာ အိပ်မက်ပါပဲ။ စိတ်ကဖြစ်ပေါ်မှု၊ စိတ်ရဲ့အမြင်သက်သက်ပါပဲ။ အိပ်မက်စိတ်မှာ ကြောက်စရာအာရုံတွေ ကြုံရသလို ၊ နိုးနေတဲ့ စိတ်မှာလဲ ကြောက်စရာအာရုံတွေ ကြုံရတယ်။ အိပ်မက်စိတ်နဲ့ အမြင်ဟာ ဘ၀ပါပဲ။ မျက်မြင်လောကထဲ ဘာမှ မထူးခြားဘူး။ စိတ်ရဲ့ထင်မြင်မှုပါပဲ။ အိပ်မက်ကို ပထမတော့ အစစ်အမှန် တကယ့် ဖြစ်ရပ်လို့ ထင်ခဲ့ကြရတယ်။ အိပ်မက်ဆိုးဟာ အိပ်ရာက နိုးရင် ပျောက်သွားတယ်။ ဒါကြောင့် သတိပညာ ၀ိပဿနာစိတ် မဂ်စိတ်ရရင် ကိလေသာ စိတ်အမြင်တွေ ပျောက်သွားတယ်။ အိပ်မက်ဆိုးတွေ မရှိတော့ဘူး။

မျက်စိဟာ ရူပါရုံအဆင်းကြည့်ရာမှာ မရောင့်ရဲနိုင်ဘူး။ နားကလဲ ကောင်းတဲ့အသံကို ကြားရာမှာ ကျေနပ်ရောင့်ရဲခြင်း မရှိဘူး။ မျက်စိက အဆင်းလှလှကို ထပ်မံ ကြည့်ချင်နေတယ်။ နားက အသံသာယာတာကို ထပ်မံ ကြားချင်နေတယ်။ သောက်လေ သောက်လေ ငတ်မပြေတဲ့ ဆားငန်ရေပါပဲ။ ဒါကြောင့် မြတ်စွာဘုရားက မျက်စိ, နား , နှာ , လျှာ, ကိုယ် , စိတ် ဒွါရ ခြောက်ပါးမှာ တဏှာ , မာန , ဒိဋ္ဌိ မီးလောင်နေတယ်လို့ ဟောတော်မူတယ်။ ဒွါရ ခြောက်ပါးမှာလဲ မီး ၁၁-ပါး လောင်နေတာကို တွေ့မြင်နိုင်တယ်။



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Friday, November 27, 2009

မမြဲခြင်းသဘော၏အရေးပါမှု


တရားဓမ္မ လက်တွေ့ကျင့်သုံးရာတွင် အရေးပါပုံ

မမြဲခြင်းသဘောကို သိမြင်သဘောပေါက်မှုသည် တရားဓမ္မ လက်တွေ့ကျင့်သုံးမှုအတွက် အကူအပံ့ရရန် ထူးထူးခြားခြား အကျိုးပြုပေသည်။

မမြဲခြင်းသဘောကို သိမြင်သဘောပေါက်မှုသည် အလိုလောဘနှင့် မကောင်းသောစိတ်ထားတို့အတွက် ဖြေဆေးပင် ဖြစ်သည်။ တရားဓမ္မ လက်တွေ့ကျင့်သုံးရေးအတွက် သတ္တိမွေးပေးခြင်းလည်း ဖြစ်သည်။ ထို့ပြင် အရာခပ်သိမ်းတို့ အမှန်အတိုင်း ပကတိအတိုင်း ဖြစ်တည်နေပုံ ၊အရာခပ်သိမ်းတို့၏ အဆုံးစွန်သော သဘာဝကို သိမြင်သဘောပေါက်ရေးအတွက် ပဓာန သော့ချက်လည်းဖြစ်ပေသည်။


သေခြင်းသဘောကို သတိရဆင်ခြင်ခြင်းသည် တရားဓမ္မကို လက်တွေ့ကျင့်သုံးလိုသူအတွက် မိတ်ဆွေကောင်း ၊ ဆရာကောင်းနှင့် အလားတူသည်။ သေခြင်းသဘောကို သတိရဆင်ခြင်ခြင်းသည် အလိုလောဘ ကြီးလွန်းခြင်းနှင့် စိတ်ထားမကောင်းခြင်းတို့ကို ဟန့်တားချက်တစ်မျိုးပမာ ဖြစ်သည်။ မည်မျှပင် အကြိမ်ကြိမ် ရန်ဖြစ်ထားသည်ဖြစ်စေ၊ သဘောထားမတိုက်ဆိုင်မှုများသည် မည်မျှပင် များပြားနေသည်ဖြစ်စေ တစ်သက်လုံး ရည်မှန်း ရန်ငြိုးဖွဲ့ထားမှုများပင် ဖြစ်စေ မလွဲမသွေ သေရမည်ဟူသော သဘောကို သတိရဆင်ခြင်မိသောအခါ မှေးမှိန် ပျောက်ကွယ်သွားရပေသည်။ သေခြင်းတရားကို နက်နဲစွာ သုံးသပ်ဆင်ခြင်ခြင်မှာလည်း အလွန်ပင် အကျိုးထူးသည်။

မိမိသည် တစ်နေ့တွင် သေချာပေါက် သေရမည်ဟူသော အချက်ကို လူတိုင်းပင် သတိရ ဆင်ခြင်မိရန် လိုအပ်သည်။ မွေးဖွားသော အချိန်မှစပြီး သေခြင်းဆီသို့ ဦးတည်ကာ မရပ်မနား တရွေ့ရွေ့ ရွေ့ရှားနေကြရသည်။ ဤအချက်ကို သတိရ ဆင်ခြင်မိခြင်းဖြင့်လည်းကောင်း၊ မိမိသေဆုံးသွားသော် စည်းစိမ်ဥစ္စာ ၊ မိသားစု၊ ကျော်စောမှု အားလုံးသည် မိမိအတွက် ဘာမျှ အသုံးမကျတော့ကြောင်းကို သတိရ ဆင်ခြင်မိခြင်းဖြင့်လည်းကောင်း၊ တရားဓမ္မ လက်တွေ့ ကျင့်သုံးရေးသို့ စိတ်အာရုံ လှည့်ပြောင်းမိအောင် ကြိုးစားကြရပေမည်။ သေဆုံးရမည်မှာ မြေကြီးလက်ခတ်မလွဲ၊ သေချာကြောင်း သိကြရပေမည်။ သေခြင်းမှ လွတ်မြောက်နိုင်သူ တစ်ဦးတစ်ယောက်မျှ လုံးဝ မရှိပါချေ။

သို့ရာတွင် သေရမည်မှာ မလွဲသေချာသော်လည်း မည်သည့်အချိန်အခါတွင် သေရမည်ကား မသေချာပါ။ အချိန်မရွေး သေသွားနိုင်၏ ။ အသက်ရှင်ခြင်း(ဘ၀)သည် လေတိုက်ရာတွင် ထွန်းညှိထားသော ဖယောင်းတိုင် မီးနှင့် တူသည်။ သို့မဟုတ် ရေမြုပ်နှင့် တူသည်ဟု ဆို၏ ။ လေတိုက်ထဲတွင် ရှိသော ဖယောင်းတိုင်မီး အချိန်မရွေး ငြိမ်းသွားနိုင်သကဲ့သို့ အသက်သည် အချိန်မရွေး ချုပ်ပျောက်သေဆုံးသွားနိုင်၏။ ရေမြုပ်ပေါက်ကွဲ သွားသကဲ့သို့ အချိန်မရွေး ပေါက်ကွဲပျက်စီးသွားနိုင်သည်။

မည်သည့်အချိန်သေရမည်ဆိုတာ မသေချာကြောင်း၊ အချိန်မရွေး သေဆုံးသွားနိုင်ကြောင်း သိမြင် သဘောပေါက်ခြင်းဖြင့်သော်လည်းကောင်း ၊တရားဓမ္မကို လက်တွေ့ကျင့်သုံးနိုင်ရန် မိမိတို့တွင် အခြေအနေ ကောင်း အခွင့်ကောင်း ရှိနေခြင်းကို သိမြင်သဘောပေါက်ခြင်းဖြင့်သော်လည်းကောင်း ၊ ဤအခွင့်ကောင်းကို လက်လွတ်မသွားရလေအောင် ၊ အဖိုးတန်လှသော လူ့ဘ၀ကို ဖြုန်းတီးပစ်ရာ မရောက်အောင် တရားဓမ္မကို အမြန်ဆုံး လက်တွေ့ကျင့်သုံးသင့်ပေသည်။

ဆရာကြီးဦးသိန်းလှိုင် ၏ လူမှုဘ၀အတွက် အခြေခံ ဗုဒ္ဓအယူဝါဒများ မှ...........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Tuesday, November 24, 2009

လူသားဘယ်တော့ လိမ္မာမလဲ


ဗုဒ္ဓ၏ ရှေးကျသော ပါဠိစာပေကျမ်းဂန်များတွင် တချို့သော မိန့်ဆိုချက်များ၌ အောက်ပါအတိုင်း တွေ့ရှိရသည်။
အလိမ္မာပညာဖြင့်နေသောဘ၀သည် အကြီးကျယ်ဆုံးဘ၀ဖြစ်သည်။
"ပညာဏဇီဝ ဇီဝိတံ အဟု သေတ္တံ"
အသိပညာ အလိမ္မာသည် လူသားအတွက် ရတနာ ဖြစ်သည်။
"ပညာ နာရနံ ရတနံ"
ပညာနှင့်တူသော အလင်းရောင်သည်မရှိ။
"နတ္တိ ပညာ သမာ အာဘာ"

ဗုဒ္ဓ၏ အဆုံးအမအရ ဘ၀၏ရည်မှန်းချက်သည် ပညာသို့ပေါက်မြောက်ရေးပင်ဖြစ်သည်။ ပညာဆိုသော ပါဠိ စကားကို အများအားဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသောအခါ Wisdom ဟု ပြန်ဆိုတတ်ကြသည်။ သို့သော် ပါဠိစကားလုံး ပညာ၊ သက္ကတစကားလုံး Prajna သည် အင်္ဂလိပ်စကားလုံး Wisdom ထက် ပိုနက်ရှိုင်းသည်။ ပို၍အ၀ှန်းကျယ်သည်။ ဗုဒ္ဓ၏ သဘောအရ ပညာ၏သဘောသည် အရာဝတ္ထုတို့ကို ရှိအတိုင်းတိုင်းသဘာဝ ကျကျ ဓမ္မဓိဌာန်သဘောဖြင့် သိမြင်ခြင်းဖြစ်ရုံမျှမက ၊ သစ္စာတရားကို သိမြင်ရုံမျှမက ၊ လောဘ ၊ ဒေါသ ၊ မောဟ တရားတို့မှ လုံးဝလွန်မြောက်ပြီးလျှင် သတ္တ၀ါမှန်သမျှအား ကျောသားရင်သား မခွဲခြားဘဲ မေတ္တာကရုဏာ ထားနိုင်ရေးလည်း ဖြစ်ပေသည်။ ဤအလိမ္မာ ပညာ၏ သဘောကို လူသာမန်အသိဖြင့် လည်းကောင်း ၊ လောကီအသုံးချ အသိဥာဏ်ပညာဖြင့်လည်းကောင်း ၊ စမ်းသပ်စစ်ဆေးနိုင်သော လက်တွေ့ သိပ္ပံပညာလောက်ဖြင့်လည်းကောင်း ရောထွေး၍ မစဉ်းစားသင့်ပေ။
ဗုဒ္ဓ၏ စည်းကမ်းနည်းလမ်းများသည် လူသားကိုတစ်ဖက်စောင်းနင်း တိုးတက်ဖွံဖြိုးစေသော နည်းလမ်းစည်းကမ်းများ မဟုတ်ကြချေ။ လူသားကို ဘက်စုံပြည့်ဝစေသော လူသားအဖြစ် တိုးတက် ဖွံဖြိုးစေသော စည်းကမ်း နည်းလမ်းများသာ ဖြစ်ကြသည်။ လူသားတွင် ရုပ်ပိုင်းဘ၀ သာယာဝပြောရေးသည် အခြေခံကျသော လိုအပ်ချက်ဖြစ်သည်။ ထိုရုပ်ဘ၀ လိုအပ်ချက်အပြင် လူသားမှာ ပြည့်ဝသော လူသားဖြစ်ရေး အတွက် အခြားလိုအပ်ချက် နှစ်ခုလည်းရှိသေးသည်။ ထိုလိုအပ်ချက် နှစ်ခုကိုလည်း ရုပ်ဘ၀ဖွံဖြိုး တိုးတက်အောင် လုပ်သလို၊ တစ်ပြိုင်နက်မှာပင် အလားတူ ဖွံဖြိုးတိုးတက်အောင် ပြုလုပ်ကြရပေမည်။ ထို အရာနှစ်ခုမှာ တခြားမဟုတ် ၊ လူသား၏ နှလုံးသားနှင့် လူသား၏ ဦးနှောက်ဖြစ်သည်။ ဤစကားလုံးနှစ်ခုကို ကျွန်ုပ်သည် သင်္ကေတသဘောဖြင့် သုံးနှုန်းလိုက်ခြင်းသာဖြစ်၏ ။ အသည်းနှလုံးသည် ချစ်ခြင်းမေတ္တာကို ကိုယ်စားပြု၏ ။ ထိုစကားထဲတွင် ကရုဏာတရား၊ ကိုယ်ချင်းစာတရား၊ စွန့်ကြဲခြင်း စာဂ နှင့် အလားတူ မွန်မြတ်သော စိတ်လှုပ်ရှားစဖွယ် အရည်အသွေးများအားလုံး အကျုံးဝင်ပေသည်။ ဦးနှောက်ဆိုသော စကားသည် လူသား၏ အသိဥာဏ်ပညာပိုင်းကို သင်္ကေတပြု၍ ဖော်ပြသော စကားဖြစ်သည်။ ဆင်ခြင်ဥာဏ်၊ ဝေဖန်ပိုင်းခြား ဆုံးဖြတ်စီရင်သောဥာဏ်၊ ကြံစည်စိတ်ကူးသောဥာဏ်နှင့် အခြားသော စိတ်ပိုင်းဆိုင်ရာ အရည် အသွေးများအားလုံး ပါဝင်ပေသည်။

အကြင်သူသည် စိတ်လှုပ်ရှား (ခံစားမှု) အပိုင်းကိုသာ တိုးတက်ဖွံဖြိုးအောင်ပြုလုပ်ပြီး၊ ဆင်ခြင်စဉ်းစား ဝေဖန်သုံးသပ် ဆုံးဖြတ်သော အပိုင်းကို အားကောင်းအောင်၊ ဖွံဖြိုးတိုးတက်အောင် မပြုလုပ်ဘဲ နေလျှင်၊ ထိုလူသည် စိတ်ကောင်းနှလုံးကောင်း ရှိသော လူပေါ၊ လူမိုက်ကြီးဖြစ်နေပေလိမ့်မည်။ သို့မဟုတ်ဘဲ ဆင်ခြင် သုံးသပ်ဆုံးဖြတ်တတ်သော အသိဥာဏ်ပိုင်းကိုသာ တိုးတက်ဖွံဖြိုးအောင် ပြုလုပ်ပြီး လျစ်လျူရှု့ထားလျှင် ထိုသူသည် တစ်ကိုယ်ကောင်းဆန်သော အတ္တသမား ၊ အသည်းမာသော ပညာရှိပဏ္ဍိတကြီး ဖြစ်သွားပေလိမ့်မည်။

ထိုသူသည် ပညာကားရှိ၏ ။ သို့သော် ဘ၀တူ လူသားချင်းအပေါ်၌ ထားအပ်သော မေတ္တာကရုဏာတရားကား ခေါင်းပါးသူဖြစ်၏ ။ သို့ဖြစ်ရာ လူသား၏ ဘက်စုံ မျှမျှတတ တိုးတက်ဖွံဖြိုးရေး ၊ ပြည့်ဝသော လူသားတစ်ယောက် ဖြစ်မြောက်ရေးမှာ နှလုံးသားဘက်ရော ဦးနှောက်ဘက်ပါ အညီအမျှ တစ်ပြိုင်နက် တိုးတက် ဖွံဖြိုးအောင် ပြုလုပ်မှသာ ဖြစ်နိုင်ပေသည်။ ဤကားဗုဒ္ဓ၏ ပညာနှင့်ပတ်သက်သော ရည်မှန်းချက်ဖြစ်၏ ။
ကမ္ဘာတစ်ဝန်းလုံးရှိ မျက်မှောက်ခေတ်ပညာရေးစနစ်၏ ယေဘူယျ ရည်မှန်းချက်သည် အသက်မွေးမှုအတွက် ကျွမ်းကျင်သော အသိပညာရှိသည့် အမျိုးသား၊ အမျိုးသမီးများကို ထုတ်လုပ်ရေးသာ ဖြစ်နေပေသေးသည်။ ယေဘူယျ ကျွမ်းကျင်မှု ၊ အဆင့်မြင့်(အထူး) ကျွမ်းကျင်မှုကိုသာ ဦးစားပေးနေ၏ ။

ထိုပညာရေးစနစ်သည် အတတ်ပညာအရည်အသွေး ထူးချွန်ထက်မြက်ရေးကိုသာ အလေးထားသော၊ အထူးအလေးထားသော စနစ်ဖြစ်သည်။ လူသား၏ ကိုယ်ကျင့်တရားနှင့် စိတ်ဝိညာဉ်ဆိုင်ရာ အရည်အသွေးများ တိုးတက်ဖွံဖြိုးရေးကိုကား လျစ်လျူရှု့ထားသော ပညာရေးဖြစ်၏ ။ ထို့ကြောင့် ထိုပညာရေးစနစ်ဖြင့် မွေးထုတ်လိုက်သော လူသားများသည်ကား တည်ငြိမ်မှုနှင့် သဘောထားညီမျှမှု ကင်းသော လူသားများ ဖြစ်လာကြလေသည်။ ထို့ကြောင့် ထိုလူသားများ ရင်ထဲတွင် အမြဲတမ်းကျေနပ်ရောင့်ရဲခြင်းကင်းသော ၀ိရောဓိများ ဖြစ်ပေါ်လျှက်ရှိသည့်ပြင် ပုဂ္ဂလိကလူသားနှင့် လူ့အဖွဲ့အစည်းများ၏ အကျိုးစီးပွားအကြားမှာလည်း အစဉ် ပဋိပက္ခဖြစ်ပွားနေရပေတော့သည်။ ထိုသို့မဟုတ်လျှင်လည်း ထိုလူသားများသည် စဉ်းစားဝေဖန်ခြင်း မရှိဘဲ ဖြစ်ရာဘ၀မှာ ရောင့်ရဲနေကြသူများ ဖြစ်နေတတ်ပေသည်။

လူသား၏ ကိုယ်ကျင့်သီလကောင်းမွန် တိုးတက်ရေး စိတ်ဝိညာဉ်ပိုင်း ဖွံဖြိုးတိုးတက်ရေးအပိုင်းသည် ဘာသာတရားများမှာသာ တာဝန်ရှိသည်ဟု ယူဆခြင်းသည် အလွန်ဆိုးဝါးသော အမှားဖြစ်သည်။"Religion" ဘာသာကိုးကွယ် ဆိုသောစကားသည် မျက်မှောက်ခေတ် လူသားအများစုအတွက် ခံတွင်းတွေ့လောက်သော စကားမဟုတ်၊ ထိုသို့ဖြစ်ရခြင်းမှာ ဘာသာကိုးကွယ်မှုဆိုသော သဘောကို ခေတ်မစားတော့သည့် သေးသိမ်သော ပူဇော်ပသမှုဓလေ့ထုံးစံများနှင့် ထပ်တူပြုကြသော အကြောင်းကြောင့် ဖြစ်ပေသည်။

ခေတ်သိပ္ပံပညာနှင့် အတတ်ပညာများက လူထက်အဘက်ဘက်က အဆပေါင်းများစွာတိကျ၍ သာလွန် စွမ်းဆောင်နိုင်သော စက်ကရိယာယန္တရားများ တီထွင်ထုတ်လုပ်ပေးခဲ့ပြီး ဖြစ်ပေသည်။ သို့ရာတွင် ထိုယန္တရားများမှာ အသိဥာဏ်ပညာကင်းမဲ့သော စက်ယန္တရားများသာ ဖြစ်ကြပေသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့ကျင့်သုံးနေသော လက်ရှိပညာရေးစနစ်သည်လည်း အသိဥာဏ်ပညာပါသော စက်နှင့်တူသော လူသားများကို မွေးထုတ်ပေးနေသော စနစ်ကြီးဖြစ်နေလေပြီလားဟု စဉ်းစားစရာ ဖြစ်နေပေသည်။

ထိုပညာရေးစနစ်က မွေးထုတ်ပေးသော လူသားများသည် ကာလပေါ်စက်ယန္တရားများလောက် စွမ်းဆောင်နိုင်မှု တိကျမှုလည်း မရှိချေ။ ထိုကဲ့သို့သော ဥာဏ်ပညာကင်းမဲ့သော လူသားယန္တရားများကပင် ကမ္ဘာ့အရေးအခင်းများကို ကိုင်တွယ်ဖြေရှင်းနေကြသည်ဖြစ်ရာ ကမ္ဘာကြီးမှာ မည်မျှ အန္တရာယ်ကြီးမားနေပြီ ဆိုသည်ကို စဉ်းစားဖို့ကောင်းပြီ။

ဗုဒ္ဓ၏ ဘ၀နှင့်ပတ်သက်သော ရည်မှန်းချက်မှာ ပညာစခန်းသို့ တက်လှမ်းရေးပင်ဖြစ်ကြောင်းကို အကျွန်ုပ် ဆိုခဲ့ပြီးပြီ။ ယခု " ပညာ" ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ရှင်းရပေဦးမည်။ မဂ္ဂင်တရားတော်အရ ပညာဆိုသည်မှာ သမာဒိဋ္ဌိ နှင့် သမာသင်္ကပ္ပ ပင်ဖြစ်သည်။ မှန်သောအမြင် နှင့် မှန်သောအတွေး ကိုဆိုလိုသည်။

ဤတွင် သမာဒိဋ္ဌိ (မှန်သောအမြင်) ရရှိအောင် ပြုစုပျိုးထောင်ရာတွင် အဆင့်လေးဆင့်ရှိသည်။ ပထမအဆင့်သည် ကျွန်ုပ်တို့၏ ဘ၀ကို ရှိအတိုင်းတိုင်း သိရေးပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ဒေသနာကို အမှန်အကန် သိရေးပင် ဖြစ်သည်။ ၄င်းမှာ လူသား၏ ကြုံတွေ့နေရသော သုခ၊ ဒုက္ခအားလုံးကို မှန်မှန်ကန်ကန် သိနားလည်ဖို့ လိုအပ်ပေသည်။

အကျွန်ုပ်တို့၏ ဘ၀သည် ခြောက်ပစ်ကင်း မဟုတ်။ မမြဲ ၊ အနိစ္စ ဖြစ်သည်ဆိုသောအချက်ကို သိမြင်ဖို့လိုသည်။ ဘ၀ထဲမှာ အလိုမကျ၊ မကျေနပ်မှုနှင့် ပဋိပက္ခတွေ ဒင်းကြမ်းပြည့်နေသည်ကို သိရမည်။ ထို့ပြင် ဤဘ၀သည် သည်အတိုင်းပစ်ထား၍ မရ။ အစဉ်သဖြင့် တိုးတက်နေအောင် ကြိုးပမ်းဆောင်ရွက်နေမှသာ အဆင်ပြေသည် ဆိုသော အချက်များကို မှန်မှန်ကန်ကန် ရှု့မြင်သုံးသပ်တတ်ခြင်းသည် သမာဒိဋ္ဌိ (Right Understanding) ဖြစ်သည်။ ဤကား ဒုက္ခသစ္စာကို သိခြင်းဖြစ်၏ ။

ဒုတိယအချက်သည် ကျွန်ုပ်တို့ ဘ၀၌ ကြုံတွေ့လာရသမျှသော ပြဿနာများ ၊ပဋိပက္ခများ အားလုံးသည် တခြားကြောင့် ဖြစ်ပေါ်လာသည်မဟုတ်။ ကျွန်ုပ်တို့ကိုယ်မှဖြစ်သော တစ်ကိုယ်ကောင်းဆန်သော အတ္တဆန္ဒကြောင့် ဖြစ်ရသည်။ မှားယွင်းသော ငါစွဲ သက္ကာယ ဒိဋ္ဌိကို အခြေခံ၍ ဖြစ်ရသည်။ ထိုသက္ကာယဒိဋ္ဌိကိုပင် ဘ၀၏ ဘက်ပေါင်းစုံသို့ ချဲ့ထွင်မှုကြောင့် ဖြစ်ရသည် ဆိုသောအချက်ကို နားလည်ခြင်းပင် ဖြစ်သည်။

တတိယအချက်သည် ဤဆင်းရဲခြင်း အတိဒုက္ခအပေါင်းမှ လွတ်မြောက်အောင် ရုန်းထွက်နိုင်လျှင် ငြိမ်းချမ်း သာယာသော၊ ဆင်းရဲကင်းသော ဘ၀ကို ရရှိနိုင်သည် ဆိုသောအချက်ကို အသိအမှတ်ပြုရေးပင် ဖြစ်သည်။ ကျွန်ုပ်တို့ဘ၀သည် ဒုက္ခထောင်ချောက်ထဲမှာ မျှော်လင့်ချက်ကင်းစွာ ပိတ်မိနေသည်ကား မဟုတ်ကြချေ။ ဒုက္ခမှ ကင်းဝေးသော သဘောရှိသည်ဆိုသည်ကို သိရမည်။

စတုတ္ထအချက်မှာ ထိုဒုက္ခကင်းဝေးသော အဖြစ်သို့ ဆိုက်ရောက်အောင် သွားနိုင်သော လမ်းသည်ရှိသည်။ ဘ၀ လွတ်မြောက်ခြင်းအတွက် ထွက်ရပ်လမ်းရှိသည်။ ထိုလမ်းစဉ်တွင် ကိုယ်ကျင့်တရားပိုင်းရော၊ စိတ်ဝိညာဉ်ပိုင်းနှင့် ပညာပိုင်းပါ ဖွံဖြိုးအောင်လုပ်သော နည်းများပါရှိသည်။

ဤသို့ ကျင့်အပ်သော အဆင့်လေးဆင့်ကိုပင် အရိယာသစ္စာလေးပါးဟုခေါ်သည်။ ဤအရိယာသစ္စာလေးပါးကို ကျွန်ုပ်တို့ဘ၀၌ ကြုံတွေ့နေရသော ပြဿနာအားလုံးတွင် အသုံးချ ဖြေရှင်းနိုင်သည်။ ပထမအချက်မှာ ကျွန်ုပ်တို့ အနေနှင့် ပြဿနာ (၀ါ) ပဋိပက္ခကို မှန်မှန်ကန်ကန် နားလည်ရေးပင်ဖြစ်သည်။ ထို့နောက် ထိုပြဿနာ စတင်ဖြစ်ပေါ်လာရသော အကြောင်းရင်း မူလကို ရှာဖွေရပေသည်။ တတိယအနေအားဖြင့် ဤပြဿနာ ဤအခက်အခဲမှ ကျွတ်နိုင်၊ လွတ်နိုင်သော အလားအလာ ရှိသလားဆိုသည်ကို ကြည့်ရမည်။ နောက်ဆုံးအနေနှင့်မူ ထွက်မြောက်နိုင်သော အခြေအနေ ရှိသည်မှန်လျှင် ထိုအခြေအနေသို့ ရောက်အောင်သွားနိုင်မည့် အဖြစ်နိုင်ဆုံးနည်းလမ်းကို ရှာကြံကြရပေမည်။

ယခု မှန်သောအတွေး (သမာကမ္မန္တ) သည် အဘယ်နည်း။ ကိုယ်ကျိုးဆန္ဒ သက္ကာယဒိဋ္ဌိမှ လွတ်မြောက်ရေး အတွက် တွေးတောကြံစည်ခြင်းလည်းကောင်း၊ ငါ ၊ငါ့ဥစ္စာ ဟု တွေးတောသော၊ အတ္တဆန်သော အတွေးကို ငြင်းပယ်ခြင်း၊ အကြမ်းမဖက် ချစ်ခြင်းမေတ္တာဖြင့် သတ္တ၀ါအားလုံးအပေါ် မေတ္တာထားခြင်း စသည်တို့သည် သမာကမ္မန္တ တွင် အကျုံးဝင်သည်။ ဤသို့ ကြံစည်တွေးတောရာ၌ ငါစွဲ၊ အတ္တပြုတ်သွားသည်။ စစ်မှန်သော မေတ္တာတရား၌ ငါအတ္တစွဲအတွက် နေရာမရှိချေ။

ဤတွင် အကျဉ်းချုပ်၍ ဖြေပြခဲ့သော ရှင်းလင်းချက်များကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓရှု့မြင်သော အလိမ္မာဥာဏ် ပညာသဘောတွင် အရိယသစ္စာတရားကို ထိုးထွင်းသိမြင်မှုသာမက ငါစွဲ (သက္ကာယဒိဋ္ဌိ) ပြုတ်ရေးကိစ္စ၊ မေတ္တာထားရေး ကိစ္စပါ ပါဝင်နေကြောင်းတွေ့ရှိရပေသည်။ ဤတွင် ငါစွဲ ၊ ဒေါသ နှင့် အကြမ်းဖက်မှုများမှ ကင်းရှင်းသော တွေးတောကြံစည်မှုအားလုံး ပါဝင်နေပေသည်။

ထို့ကြောင့် ပါဠိစကားလုံး ပညာကို အဓိပ္ပါယ်ငုံမိအောင် အင်္ဂလိပ်စကားလုံးဖြင့် ပြည့်ပြည့်စုံစုံ ဖော်ပြရလျှင် Wisdom-Love ဟုဆိုသင့်လေသည်။ အလုံးစုံသော ကိုယ်ကျိုးအတ္တဆန်သောအတွေး၊ ဣသာမစ္ဆရိယ၊ ဒေါမနဿ၊ အကြမ်းဖက်မှု အားလုံးတို့သည် ဤလူမှုရေး၊ နိုင်ငံရေး၊ ကိုယ်ရေးကိစ္စများမှာ ပါသောကြောင့် မေတ္တာကင်းမဲ့ခြင်းကြောင့် ဖြစ်ရသည်ချည်းသာဖြစ်၏ ။

ဤပညာ၏ ထင်ရှားသော လက္ခဏာတစ်ရပ်မှာ လွတ်လပ်စွာ တွေးခေါ်မှု၊ အာဃာတကင်းမှု၊ နိုင်ငံရေး စီးပွားရေး လူမှုရေး စနစ်တစ်ခုအောက်တွင် ကျေးကျွန်ဖြစ်ရခြင်းမှ ကင်းလွတ်မှုဖြစ်သည်။

ထို့ထက်ပို၍ဆိုးသောအချက်မှာ အသိဥာဏ်၏ ကျေးကျွန် (အယူဝါဒ ကျေးကျွန်) ဖြစ်ရခြင်းပင်ဖြစ်သည်။ ထိုအသိဥာဏ် (အယူဝါဒ) ကျွန်ဖြစ်ရခြင်းကား သိရလည်းခက်၏ ။ ထိုကျွန်ဘ၀မှ လွတ်မြောက်အောင် လုပ်ဖို့လည်း ခက်သည်။

ယခုခေတ်တွင် ဤအယူဝါဒ ကျွန်ပြုသောစနစ်သည် လူသာမန်တို့ လောကမှာသာ ပြန့်ပွားနေသည်မဟုတ်။ အသိပညာရှင်၊ အတတ်ပညာရှင် ဟု ဆိုသူများ လောကမှာလည်း ပြန့်ပွားလျှက် ရှိပေသည်။ လူထုဆက်သွယ်ရေးစနစ်များဖြစ်သော သတင်းစာ၊ ရေဒီယို၊ တယ်လီဗီးရှင်း၊ ရုပ်ရှင်နှင့် အချို့စာအုပ်များသည် ထိုစနစ်ကို ပြန့်ပွားအောင် ဖြန့်ဖြူးနေကြသော အရာများဖြစ်ကြပေသည်။

လွတ်လပ်စွာတွေးခေါ်မှု၊ လွတ်လပ်စွာ စူးစမ်းလေ့လာမှု သဘောတို့ကို ကာလာမသုတ်တွင် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားထားခဲ့ပေသည်။ ထိုသဘောတရားမျိုးကို အခြားသော မည်သည့်အယူဝါဒမှာမှ တွေ့မြင်နိုင်မည် မဟုတ်ပေ။ ထိုသဘောကို ပါဠိစကား၌ ဧဟိပဿိကော ဟု ဖော်ပြ၏ ။ အဓိပ္ပါယ်မှာ “လာပါ ကိုယ်တိုင်လေ့လာ ဆန်းစစ်ကြည့်ပါ” ဟု ဖိတ်ခေါ်ခြင်းဖြစ်၏ ။ “လာယုံကြစမ်းပါ” ဟု ခိုင်းထားခြင်း မဟုတ်ပေ။

ပညာကိုရှာသောသူ၏စိတ်သည် တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်း၊ ကပ်ငြိခြင်း ကင်းရမည်။ တစ်စုံတစ်ခုကို အယူအစွဲသန်နေလျှင် အခြားသော အယူအဆများကို အထင်သေးပေတော့မည်။ ဤတစ်ခုတည်းသာ အမှန်ဖြစ်သည်။ ကျန်သောအရာအားလုံး မှားသည်ဟု ဆိုပေတော့မည်။

ဤလွတ်လပ်စွာတွေးခေါ်မှု၏ ထောက်ကူသဘော အယူအဆမှာ သည်းခံစိတ်ရှိခြင်း၊ နားလည်မှုရှိခြင်းပင် ဖြစ်သည်။ ဗုဒ္ဓဘာသာနိုင်ငံများ ၊ နိုင်ငံရေးအရ စစ်တိုက်သည်ကားရှိသည်၊ သို့သော် ဘာသာရေးအတွက် ညဉ်းဆဲ သတ်ဖြတ်ခြင်းမျိုးကား လုံးဝမရှိပေ။

လွတ်လပ်စွာတွေးခေါ်ခြင်း၊ သည်းခံခြင်း၊ ကိုယ်ချင်းစာခြင်း သဘောတို့သည် ပညာ၏ သဘောပင်ဖြစ်သည်။ နောက်အရေးပါသော ပညာ၏သဘောတစ်ခုမှာ အနိစ္စဆိုသော လောကနိယာမ တရားကြီးကို သိမြင် သဘောပေါက်ခြင်းပင် ဖြစ်သည်။

ဗုဒ္ဓ၏အတွေးအခေါ်အရ တည်တံ့ခိုင်မြဲသော အရာဟူ၍ ဘာဆိုဘာမျှ မရှိချေ။ မပြောင်းလဲသောတရားဟူ၍ လုံးဝမရှိချေ။ ဘ၀အပါအ၀င် အားလုံးသော အရာခပ်သိမ်းတို့သည် သင်္ခါရတရားများချည်းသာ ဖြစ်ကြသည်။ ပြုပြင်၍ ဖြစ်ရသော အရာချည်းသာပင်။ အချင်းချင်း အမှီပြု၍ အမြဲတစေ ပြောင်းလဲဖောက်ပြန်နေသော သမုတိသစ္စာချည်းသာ ဖြစ်ကြကုန်သည်။

ဤပြောင်းလဲခြင်းတရားကို ဘယ်တန်ခိုးတော်ရှင်မှ တားဆီး၍ ရကောင်းသည် မဟုတ်ချေ။ ထိုတရားကို နားမလည်သူများသည် ၀မ်းနည်းကြ၊ ပူဆွေးကြ၊ သောကရောက်ကြရသည်။

အသိ အလိမ္မာ ဥာဏ်ပညာရှိသူတို့သည် ယေဘူယျသစ္စာတရားဖြစ်သော ဤအနိစ္စတရားကို ရှု့မြင် နားလည် ကြသည်။ ထို့ကြောင့် မမြဲ၊ ဖောက်ပြန်သော သဘောတို့နှင့် ကြုံတွေ့ကြရသောအခါ ၀မ်းနည်းခြင်း၊ ပူဆွေးခြင်း၊ သောကပရိဒေ၀ ရောက်ခြင်း မရှိကြတော့ပေ။ ပညာ၏သဘောမှာ မရှောင်မလွှဲသာသော ကိစ္စများနှင့် အလိုက်သင့် နေနိုင်ခြင်းလည်းဖြစ်ပေသည်။

လောက၏အရှုပ်အထွေးများကို ဘယ်သူသည် ဖြေရှင်းနိုင်ပါမည်နည်းဟု ဗုဒ္ဓအား တစ်ခါက မေးဖူးလေသည်။ ဗုဒ္ဓက သီလ ၊ သမာဓိ၊ ပညာဖြင့် အားကြီးသော ပုဂ္ဂိုလ်သည် လောက၏အရှုပ်အထွေးများကို ဖြေရှင်းနိုင်သည်ဟု ဖြေတော်မူခဲ့ဖူးလေသည်။

ဆရာဦးဆန်းလွင်၏ ဒဿနစာစုများ မှ..........

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Sunday, November 22, 2009

သမုဒ္ဒ၀ါဏိဇဇာတ်

အို...ဗုဒ္ဓဘာသာဝင် အပေါင်းတို့၊ ငါတို့ လေးမြတ် ကိုးကွယ်အပ်သော ဗုဒ္ဓရှင်တော်ဘုရားဟူသည် ဘာသာခြား ဘုရားကဲ့သို့ အရေးပေါ်မှ ကိုယ်တော်တိုင် ကယ်ဆယ်မည်ဟု တာဝန်ခံထားသော ဘုရားမဟုတ်၊ စောစောစီးစီးက ကိုယ်စီကိုယ်င၊ ကျင့်ကြဖို့ရန် လမ်းမှန် ကမ်းမှန် ညွှန်ပြတော်မူသော ဘုရားဖြစ်သည်။ ထိုသို့ ညွှန်ပြတော်မူသဖြင့် အားရသင့်သော အချက်ကို အမြွက်မျှ ပြဦးအံ့။

ရှေးတုန်းက ကုန်သည်တစ်ထောင်ကို ခေါင်းဆောင်နှစ်ယောက်ခွဲ၍ ငါးရာစီ အုပ်ချုပ်ပြီးလျှင် သမုဒ္ဒရာအလယ် ကျွန်းငယ်တစ်ခုကိုတွေ့၍ ပျော်မွေ့စွာ နေထိုင်စဉ် အတော်ကြာလျှင် ကျွန်းပေါ်မှာ အညစ်အကြေးတွေ ပြန့်နှံ့လျက် မသန့်မရှင်း နေထိုင်ကြခြင်းကြောင့် ကျွန်းစောင့်နတ်တို့ အမျက်ထွက်သဖြင့် စည်းဝေးတိုင်ပင်သောအခါ ပင်လယ်ရေကို လွှမ်းမိုးစေပြီးလျှင် တစ်ကျွန်းလုံး ဆေးကြောလျက် လူတွေကို မျှောပစ်ဖို့ ဆုံးဖြတ်ကြလေသည်။

ထို့ကြောင့် တရားစောင့်သော ဓမ္မနတ်သားက မြောက်ဘက်ကောင်းကင်က ကိုယ်ထင်ပြ၍ " နောက် ၁၅ ရက် လောက် ကြာလျှင် ပင်လယ်ရေလွှမ်းသဖြင့် နစ်မွန်းမျောပါကုန်လိမ့်မည်။ စောစောက တင်ကြိုလျက် လှေများ တက်များကို အဆင်သင့်ပြင်ထားကြကုန်လော့ " ဟု ပြောဆို၍ ကွယ်သွားပြီးနောက် လူအများလည်း ညှိုးငယ်စွာ ကျန်ရစ်ကြလေသည်။

ထို့နောက် အဓမ္မနတ်သားက တောင်အရပ်၌ ကိုယ်ထင်ပြ၍ " ယခင်နတ်သား ပြောသွားတဲ့စကားဟာ မဟုတ်ဘူး အသင်တို့ ပျော်ပျော်ပါးပါး နေမြဲတိုင်းသာ နေကြပါ " ဟု ပြောဆိုပြီး နောက် ပျောက်ကွယ်သွားလေသော် ခေါင်းဆောင် လူကြီးနှစ်ယောက်တွင် တစ်ယောက်က " ပထမ နတ်သားသည် ငါတို့ကို သက်သက်လာ၍ ခြောက်လှန့်ခြင်းဖြစ်သည်၊ သင်တို့ ပျော်ပျော်ပါးပါးသာ နေကြ " ဟု ပြောဆိုလျက် မည်သည့်ကိစ္စကိုမျှ မဆောင်ရွက်ဘဲ နောက်လိုက် ငါးရာနှင့်အတူ နေမြဲတိုင်း နေလေသည်။

ခေါင်းဆောင်တစ်ယောက်ကမူ မိမိနောက်လိုက်များကို ပြောဆိုသည်မှာ " အမောင်တို့ လှေများတက်များကို အဆင်သင့် ရှာထားကြစို့ရဲ့၊ ဒုတိယ နတ်သား၏စကား မှန်လျှင်လည်း လှေတက်များကို ရှာရသည့်အတွက် ငါတို့မှာ တာဝန်မတက်လှပါ ၊ အလိုရှိသောအခါ အသုံးချစရာ ဖြစ်ပါလိမ့်မည်၊ ပထမ နတ်သား၏ စကားမှန်လျှင် ပြင်ဆင်ထားသော လှေ , တက်များဖြင့် အဆင်သင့် ထွက်သွားကြရပါလိမ့်မည်။"
ဤသို့ ပြောဆိုပြီလျှင် လပြည့်နေ့အချိန်ခါဝယ် ခါတိုင်ထက် ပို၍ ရေတက်လာကတည်းက အသင့်ရှာထားသော လှေပေါ်သို့ တက်ကြပြီလျှင် ရေလွှမ်း၍အလာတွင်လွတ်ရာသို့ထွက်သွားကြလေသည်။ အခြားခေါင်းဆောင်နှင့် နောက်လိုက် ငါးရာတို့ကား ရေပို၍တက်အလာတွင် မျက်လုံးပြူးကာ ကိုးကွယ်ရာမရဘဲ သမုဒ္ဒရာထဲသို့ မျောရှာ ကြလေသည်။

ွှဤဇာတ်တော်၌ ဓမ္မနတ်သားက လမ်းမှန်ကို ညွှန်ပြမှု အတွက် မည်မျှ ချမ်းသာခွင့်ရ၍ အဓမ္မနတ်သား၏ လမ်းမှားညွှန်ပြမှု အတွက် မည်မျှအသက်ဆုံးရှုံးရပုံကို စဉ်းစားပြီးလျှင် ဘာသာခြားတို့ ဘုရားက "ကယ်တင်မည်" ဟု ၀န်ခံရာ ၀န်ခံသည့်အတိုင်း ကယ်တင်မည် မှန်ပါလျှင် တော်တန်ဖို့ ရှိပါသေး၏။ အချက်ကျမှ မကယ်နိုင်လျှင် အားလုံးပင် ခက်ရှာကြတော့မည်။

ငါတို့ဘုရားကား " ကယ်တင်မည် " ဟု ၀န်မခံပေ။ ကိုယ်တိုင် ကျင့်လျှင် ရနိုင်သော အကျိုးများကို အဆင့်ဆင့် ညွှန်ပြတော်မူ၏ ။ လူချမ်းသာ , နတ်ချမ်းသာ , ဗြဟ္မာချမ်းသာတို့အပြင် နိဗ္ဗာန်ကိုပင် လိုချင်သော ဆုထူးဖြင့် ရနိုင်သော လမ်းစဉ်ကို ညွှန်ပြတော်မူသည်။ အပါယ်လေးပါး သွားရမည့် လမ်းဆိုးများကိုလည်း မသွားမိအောင် ညွှန်ပြတော်မူ၏ ။ ကယ်တင်မည်ဟု ၀န်ခံထားသောဘုရား ကယ်တင်နိုင်တယ် ဆိုပါဦးတော့၊ သူနှင့် အလားတူဖြစ်အောင် ဘယ်တော့မှ မကယ်၊ သူ့အောက်ရောက်ရုံသာ ကယ်တင်မည်။ ငါတို့ဘုရားကား တကယ်ကျင့်နိုင်လျှင် ကိုယ်တော်နှင့် အလားတူ ဘုရားတစ်ဆူ ဖြစ်အောင်ပင် ညွှန်ပြတော်မူ၏ ။ ထိုမျှလောက် အဆိုးအကောင်းကို အကျိုးအကြောင်းကို စုံစွာဖြင့် ညွှန်ပြတော်မူခြင်းထက် သာလွန်လုံလောက်သောအချက် ရှိဦးမည်လော။

ယခုကာလ၌ သေမည့်ဘေးမှ တစ်ခါလောက် ကယ်ဆယ်ဖူးလျှင် " အင်မတန် အသက်သခင်ကျေးဇူးရှင်ကြီးပေ " ဟု ပြောဆိုကာ လွန်စွာ အားထားကြ , မြတ်နိုးကြ , အသက်ကိုပင် အပ်နိုင်ကြ၏ ။ ဘုရားရှင်ကား တစ်သက် တစ်ဘ၀လောက်ကိုသာ ကယ်ဆယ်သည် မဟုတ်သေး။ ဘ၀ပေါင်းများစွာ၊ တစ်သံသရာလုံး ကယ်မ၍ နိဗ္ဗာန်ရသည့် ဘ၀တိုင်အောင် စောင့်ရှောက်ရာကျသဖြင့် အသက်ပေါင်း များစွာ၏ ကျေးဇူးရှင်ကြီးပေတည်း။

ဤနေရာ၌" ကယ်တင်မည် " ဆိုသည့်စကား နှင့် " ကိုယ်တိုင်ကျင့် " ဟူသော စကားနှစ်ရပ်ကို လေးနက်စွာ စဉ်းစားပြန်လျှင် ကယ်တင်မည်ဆိုသော စကားက အဓမ္မနတ်သား၏ " အေးအေးနေကြ " ဟူသော စကားမျိုး ဖြစ်၍ ကိုယ်တိုင်ကျင့်ခြင်းသည် လှေ , တက်များကို အဆင်သင့်ရှာထားခြင်းနှင့် တူ၏ ။ ထိုကဲ့သို့ ကိုယ်တိုင် ကျင့်ကြရသည့်အတွက် တာဝန်လည်း မတက်လှပါ။

လှေ , တက် များကို ရှာကြရသကဲ့သို့ မကောင်းမှုတို့မှ ရှောင်ရ၊ ကောင်းမှုတို့ကို ပြုကျင့်နေရသောကြောင့် အနည်းငယ် တာဝန်တက်သည်မှာ မှန်ပါ၏ ။ သို့သော် ထိုတာဝန်တက်မှုသည်ကား ဤဘ၀အတွက် လူကောင်း သူကောင်းဖြစ်ဖို့ အချက်သာဖြစ်၍ အချည်းနှီး အကျိုးမဲ့ မဖြစ်ဘဲ ကောင်းကျိုးရဖို့ အကြောင်းသာ ဖြစ်ပါပေသည်။ ထို့ကြောင့် ဘုရားရှင်၏ အလိုတော်ကျ ဤကျမ်းက ညွှန်ပြချက်ကို ဦးထိပ်ရွက်ပန်ဆင်ကာ မိမိလိုရာဆုထူးဖြင့် နိဗ္ဗာန်ကူးလိုလျှင် ကယ်တင်မည့်သူကို အားမကိုးဘဲ အဖိုးတန်ပါရမီတရား သင်္ဘော၊ လှေ ၊တက်များကိုသာ သားနားသည်ထက် သားနားအောင် အပြီးအစီး တည်ထောင်ထားနှင့်ကြစေခလို။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ရတနာ့ဂုဏ်ရည်ကျမ်း မှ..........


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

မီးဆယ့်တစ်ပါး


ရာဂဂ္ဂိကြီး ဆယ့်တစ်မီး ဆိုသည်မှာ



(၁)လောဘမီး=တပ်နှစ်သက်ရသဖြင့် ပူလောင်ခြင်း။

(၂)ဒေါသမီး= စိတ်ဆိုးရသဖြင့် ပူလောင်ရခြင်း။

(၃)မောဟမီး= အဟုတ် , အမှန်ကို မသိရသဖြင့် ပူလောင်ခြင်း။

(၄)ဇာတိမီး= ဘ၀သစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း။

(၅)ဇရာမီး= အိုမင်းရသဖြင့် ပူလောင်ရခြင်း။

(၆)မရဏမီး=သေပျက်ရသဖြင့် ပူလောင်ရခြင်း။

(၇)သောကမီး=စိုးရိမ်ကြောင့်ကြရသဖြင့် ပူလောင်ရခြင်း။

(၈)ပရိဒေ၀မီး=ငိုကြွေးရသဖြင့် ပူလောင်ရခြင်း။

(၉)ဒုက္ခမီး=ဒုက္ခဆင်းရဲကြောင့် မသာယာခြင်းဖြင့် ပူလောင်ခြင်း။

(၁၀)ဒေါမနဿမီး=စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ခြင်း။

(၁၁)ဥပါယာသမီး=စိတ်ပင်ပန်း ဆင်းရဲရသဖြင့် ပူလောင်ခြင်း။


ဆရာကြီး ဦးသုခ ၏ ရတနသုတ် မှ............


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

နိမိတ်ကြီး ၃၂ပါး


ဓမ္မစကြာတရားဟောရာတွင် ဖြစ်ပေါ်သော နိမိတ်ကြီး ၃၂ -ပါး မှာ

(၁)လောကဓာတ်တစ်သောင်းတုန်လှုပ်ခြင်း။

(၂)အပူ , အအေးမျှတခြင်း။

(၃)တစ်သောင်းသော လောကဓာတ်၌ ရုတ်တရက် အသံတိတ်၍ ငြိမ်သက်သွားခြင်း။

(၄)လေပြင်း , မုန်တိုင်း မလာခြင်း။

(၅)လေပြည် , လေညှင်းတိုက်ခတ်ခြင်း။

(၆)မြစ်အပေါင်းတို့၌ ရေမစီးဘဲ တန့်ရပ်ခြင်း။

(၇)ပန်း , သစ်ပင် အပေါင်းတို့ တစ်ပြိုင်နက် ပွင့်ခြင်း။

(၈)ကောင်းကင်၌ တည်သော အာကာသဋ္ဌရတနာတို့ ရောင်ဝါဖြင့် ကွန့်မြူးခြင်း။

(၉)လူ့ပြည် , နတ်ပြည် တို့၌ ရှိသော တူရိယာအပေါင်းတို့ တစ်ပြိုင်နက် အလိုလိုမြည်ခြင်း။

(၁၀)ကောင်းကင်မှ နတ်ပန်းမိုးရွာချခြင်း။

(၁၁)တစ်ပြိုင်နက် ပဲ့တင်ဟည်းခြင်း။

(၁၂)ငရဲကြီး ရှစ်ထပ်၌ ငရဲမီးငြိမ်းခြင်း။

(၁၃)အညစ်အကြေးကင်းစင်လျက် ကောင်းကင်ကနေ၀န်း အထူးသဖြင့်ထွန်းလင်းခြင်း။

(၁၄)နေ့အခါ၌ ကြယ်တာရာတို့ကို မြင်ရခြင်း။

(၁၅)မိုးမရွာဘဲ ကောင်းကင်မှ နတ်ရေစင် သွန်းချခြင်း။

(၁၆)ဂြိုလ်ကြီး ခုနှစ်လုံး ကြည်လင်ထင်ရှားစွာ ပေါ်လာခြင်း။

(၁၇)သတ္တ၀ီသနက္ခတ်များလည်း ထင်ရှားစွာ ပေါ်လာခြင်း။

(၁၈)လ၀န်းသည် ပြုဗ္ဗာသဠ် နက္ခတ် နှင့် ယှဉ်၍ ပေါ်လာခြင်း။

(၁၉)တွင်း , ဂူ , လှိုဏ်ခေါင်း အောင်း၍ နေသော သတ္တ၀ါတို့ ထွက်လာခြင်း။

(၂၀)လူအပေါင်းတို့ အလိုခပ်သိမ်း ငြိမ်း၍ ရောင့်ရဲခြင်း။

(၂၁)ကိုးဆယ့်ခြောက်ဖြာ ဝေဒနာ စွဲကပ်နေသူတို့ ပျောက်ကင်းခြင်း။

(၂၂)ဆာလောင် မွတ်သိပ်မှု ပြေခြင်း။

(၂၃)ပြိတ္တာအပေါင်း ၀ , ပြောခြင်း။

(၂၄)ကိလေသာတရား ငြိမ်းခြင်း။

(၂၅)အပါယ်လေးပါး၌ ဒုက္ခဘေး ကင်းခြင်း။

(၂၆)တစ်လောကလုံး၌ မြူ , အညစ်အကြေး ကင်း၍ သန့်ရှင်း ကြည်လင်ခြင်း။

(၂၇)မကောင်းသောရနံ့ပျောက်ခြင်း။

(၂၈)နတ်ပန်း , နံ့သာ ကြိုင်ခြင်း။

(၂၉)နတ်ပြည် ခြောက်ဘုံ နှင့် ရူပဗြဟ္မာ ၁၆ ဘုံကို အကုန်မြင်ရခြင်း။

(၃၀)ငရဲကြီး ရှစ်ထပ်၌ ခံနေရသော သတ္တ၀ါ အလုံးစုံကို အကုန်မြင်ရခြင်း။

(၃၁)မြို့တံခါး , အိမ်တံခါးမှ စ , ၍ ပိတ်ထားသမျှ အလုံးစုံ အကုန်ပွင့်ခြင်း။

(၃၂)သတ္တ၀ါ အပေါင်းတို့၌ သေမှု , ပဋိသန္ဓေ နေမှု , ဖွားမြင်မှု မရှိခြင်း။


ဆရာကြီးဦးသုခ ၏ ရတနသုတ် မှ......

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

မာရ်ငါးပါး



(၁)ဒေ၀ပုတ္တမာရ် - ကိုယ်တိုင်ထင်ရှား လာတိုက်ခိုက်သောမာရ်နတ်။

(၂)ကိလေသမာရ် - တစ်ထောင့်ငါးရာ ကိလေသာတို့ကို အကြွင်းမဲ့ ပယ်သတ်တော်မူနိုင်ခြင်း။

(၃)ခန္ဓမာရ် - ဘ၀အသစ် , ခန္ဓာအသစ် မဖြစ်အောင် ပယ်ဖျက် နိုင်နင်းတော်မူခြင်း။

(၄)မစ္စုမာရ် - နောင်တစ်ဘ၀ ခန္ဓာအစဉ်မရှိတော့၍ သေခြင်းကို အနိုင်ရယူခြင်း။

(၅)အဘိသင်္ခါရမာရ် - ပြုပြင်မှု သင်္ခါရတရားတို့ကို နိုင်နင်းတော်မူလိုက်ခြင်း။



ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, November 21, 2009

ရတနသုတ်အမွှမ်း

အခြားသော ပရိတ်အမွမ်းများမှာ ထိုပရိတ်တော်ရဲ့ အကြောင်းများကို အကျဉ်းချုံးရေးထားတာများပါတယ်။ ရတနသုတ် အမွှမ်းကျတော့ ဘုရားအလောင်းတော်ကြီး သုမေဓာရှင်ရသေ့ ဘ၀က ဒီပင်္ကရာမြတ်စွာဘုရား ထံတော်မှောက်မှာ နိယတဗျာဒိတ်ပန်းကို ဆင်မြန်းတော်မူပုံမှ အစပြု၍ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလ ပတ်လုံး ပါရမီ အမျိုးမျိုး ဖြည့်ကျင့်ခဲ့ပုံ၊ အဆုံးစွန်သော ဘ၀အဖြစ် မယ်တော်မဟာမာယာဒေ၀ီ ၀မ်းကြာတိုက်မှာ ပဋိသန္ဓေ ယူခဲ့ပုံ၊ ထိုမှ မွေးဖွားတော်မူခဲ့ပုံ၊ အရွယ်တော်ရောက်လာသည့်အခါ၊ မဟာနိက္ခမ တောထွက်တော်မူပုံ၊ အလွန်ဆင်းရဲ ငြိုငြင်စွာ ၆ နှစ်ကြာမျှ ၊ ဒုက္ကရစရိယ ကျင့်တော်မူပုံ၊ သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ် ရောက်တော်မူခဲ့ပုံ၊
ဓမ္မစက္ကပ၀တ္တန သုတ်ကို တရားဦးအဖြစ်ဟောတော်မူခဲ့ပုံတို့ကို အရှင်အာနန္ဒာမထေရ်က ဆင်ခြင်ကြည်ညို မိသည့်အတိုင်း ရှေးဆရာတော်ကြီးများက ဗုဒ္ဓ၀င် အကျဉ်းချုပ်ကဲ့သို့ ရေးသားတော်မူတာဟာ ရတနသုတ် တစ်ခုမှာသာ ဖတ်ရကြည်ညိုရပါတယ်။

အဲသည်နောက် ဝေသာလီပြည်၌ဖြစ်သော ဘေး ၃ ပါးတို့ကို လွတ်ကင်းစိမ့်သောငှာ၊ အရှင်အာနန္ဒာအား ညဉ့်သုံးယံ ပတ်လုံး ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးတော်တို့ကို သစ္စာဆို မြွက်စေကြောင်း ရေးသားထား ပါတယ်။ အဲဒီ အမွှမ်းကို ရွတ်ဆိုတိုင်း ဗုဒ္ဓ၀င် အကျဉ်းချုပ်ကို ကြည်ညိုရှိခိုးနေရသလို ခံစားနိုင်ကြပါတယ်။
အဲဒါဟာ ရတနသုတ်အမွှမ်းရဲ့ ပထမထူးခြားချက်ပါပဲ။ မြင်းခြံ ၉ ဆောင်တိုက် ဆရာတော်ဘုရားကြီဟာ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးနှင့် ခေတ်ပြိုင် ကျမ်းတတ် အကျော်အမော် ဆရာတော်ကြီး ဖြစ်တော်မူပါတယ်။ ဆရာတော်ကြီးရဲ့အနက်မြန်မာပြန်အဖွင့်ဟာ ဘယ်လောက် အနှစ်သာရ ရှိတယ်လို့ တို့ကမပြောဝံ့လောက်အောင် ဖြစ်ပါတယ်။ မင်းကွန်း တိပိဋကဓရ ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီး ဦးစီးပြုစုတော်မူတဲ့ မဟာဗုဒ္ဓ၀င် ပဉ္စမတွဲ၊ ဓမ္မရတနာအခန်း၊ ရတနသုတ် အပိုင်းမှာ ပြန်လည်ဖော်ပြထည့်သွင်း ရေးသားတော်မူတာကိုပဲ ချင့်ကြည့်ပါတော့။ အဲဒီ ပရိတ်ကြီး ပါဠိအနက် ၀တ်ရွတ်စဉ်ဟာ ' မြင်ခြံ ၉ ဆောင်တိုက်မူ မဟာပရိတ်တော်ကြီး နိဿယသစ် ' ရယ်လို့ ထင်ရှားတယ်။

ပဏိဓာနတော=သာရမဏ္ဍ၊ ကမ္ဘာမ,ထက်၊ စတုတ္ထမင်းတရားကြီး၏ ရွှေဖ၀ါးတော်မြတ်အောက်၊ လျားမှောက်ဝပ်စင်း၊ ကိုယ်ဖြင့်ခင်း၍၊ ကျင်းကျင်းသန်စွမ်း၊ မှုထမ်းအားကြီး၊ အရင်းနှီးခဲ့သဖြင့်၊ ချီးမြှောက် ပေးသနားတော်မူအပ်သော၊ နိယတ ဗျာဒိတ်ပန်းကို၊ မွမ်းမွမ်းထိပ်ပြင်၊ ပန်ဆင်တော်မူပြီးသည်မှ။
ပဋ္ဌာယ=စ၍ ။ တထာဂတဿ=ဂင်္ဂါ ၀ါဠု၊ သဲစုအတူ၊ လွန်တော်မူသော၊ တစ်ဆူမကြွင်း၊ တရားမင်းတို့ကဲ့သို့၊ လာခြင်းကောင်းတော်မူသော အစိန္တေယျ မြတ်စွာဘုရား၏။ ဒသပါရမီယော= ဥစ္စာ၊ သား , မယား၊ ပြည်တိုင်းကား တို့ကို၊ ပယ်ရှားစွန့်လှူ၊ ဖြည့်ကျင့်တော်မူသော ဒသပါရမီတော် တို့လည်းကောင်း။ ဒသဥပပါရမီယော= မျက်စိ, နား, နှာ၊ အင်္ဂါ , ခြေ , လက် တို့ကို၊ ရက်ရက်စွန့်လှူ၊ ဖြည့်ကျင့်တော်မူသော ဒသဥပပါရမီတော်တို့လည်းကောင်း။ ဒသ ပရမတ္ထပါရမီယော=အသက်ကိုစင်း၊ မခင်မမက်၊ ရက်ရက်စွန့်လှူ၊ ဖြည့်ကျင့်တော်မူသော ဒသပရမတ္ထ ပါရမီတော်တို့လည်းကောင်း။ ဣတိ=ဤသို့။ သမတ္တိံသ ပါရမီယော၊ ဆယ်ပါး ၃ လီ၊ အမျှ ၃၀ သော ပါရမီတော်တို့ကိုလည်းကောင်း။ ပဉ္စမဟာပရိစ္စာဂေ= ကိုယ်ခန္ဓာနှင့်၊ ပြည်ရွာ သား, မယား၊ ဥစ္စာအားဖြင့် ငါးပါးသော စွန့်ခြင်းကြီးတို့ကို လည်းကောင်း။ လောကတ္ထစရိယံ=သတ္တလောကဓာတ်၊ သူကျိုးမြတ်စေခြင်းငှာ၊ ရိုးမတ်စွာ ကျင့်တော်မူခြင်းလည်းကောင်း။ ဥာတတ္ထစရိယံ=ဆွေတော်မျိုးတော်၊ သူ ကျိုးမြှော်၍၊ ကျင့်တော်မူခြင်းလည်းကောင်း။ ဗုဒ္ဓတ္ထစရိယံ=ကိုယ်ကျိုးစင်စစ်၊ ဘုရားဖြစ်စေခြင်းငှာ၊ သစ်သစ်အားယူ၊ ကျင့်တော်မူခြင်းလည်းကောင်း။ ဣတိ=ဤသို့။ တိေဿာ စရိယာ ယော=သုံးပါးသင့်လျော် အကျင့်တော်တို့ကိုလည်းကောင်း။ ပစ္ဆိမဘဝေ=ပဋိစ္စသမုပ္ပါဒ် ရဟတ်စက်ကြီး၊ ပျက်စီးယုတ်သိမ်း၊ ချုပ်ငြိမ်းရာခေတ်၊ အဆုံးစွန်သော ကိုယ်တော်၏ အဖြစ်၌။ ဂဗ္ဘဝေါက္ကန္တိံ= ဖလ်သား၊ မှန်သား၊ ရံတားသိင်္ဂီ၊ စေတီတော်တွင်း၊ ရွှေဆင်းတု သွင်းသကဲ့သို့၊ သနင်းတောင်ညာ၊ မယ်မာယာ၏ ၊ ရတနာပလ္လင်၊ တိုက်ဝမ်းဝင်၍၊ မြန်းရွှင်သန္ဓေ၊ တည်စံနေခြင်းကို လည်းကောင်း။ ဇာတိံ= လုမ္ဗနီဟု၊ ဂုဏ်ဆီသင်းကြိုင်၊ အင်ကြင်းမြိုင်၌၊ တစ်ပြိုင်စက္က၀ါ၊ ဘ၀ဂ်ငြာထိ၊ ထောမနာကြီး၊ သြဘာချီးလျက်၊ မီးရှုးသန့်စင်၊ ဖွားမြော်မြင်ခြင်းကိုလည်းကောင်း။ အဘိနိက္ခမနံ=သံယောဇဉ်နှင့် မယှဉ်မစပ်၊ အစဉ် ဖြတ်လျက် မြတ်သောတောထွက်တော်မူခြင်းကိုလည်းကောင်း ပဓာနစရိယံ= တစ်နေ့တာတွက်၊ သစ်တစ်ရွက်နှင့်၊ နှစ်သက်စေပြီး၊ သစ်တစ်သီးမျှ၊ ကြီးလျှင်တစ်ခြမ်း၊ နှမ်းတစ်စေ့ ဆန်တစ်စေ့၊ ရံခါလည်း မတွေ့ရဘဲ၊ နေ့ဆက် ရက်ဆက်၊ ထက်မြက်သောဥဿာဟ၊ ဒုက္ကရစရိယာ၊ ခြောက်နှစ်ကြာပင်၊ ငြိုငြင်စွာ ကျင့်တော်မူခြင်းကိုလည်းကောင်း။ ဗောဓိပလ္လင်္ကေ= ရတနာပလ္လင်၊ ဗောဓိပင်၌။ မာရ၀ိဇယံ= ဒေ၀ပုတ္တ စသည် အပြား၊ မာရ် ငါးပါးကို ၊ လှံ , ဓား မဖက် ၊ ဥာဏ်လက်နက်ဖြင့်၊ ပယ်ဖျက်ကုန်စင်၊ ပြီးအောင်မြင်ခြင်းကိုလည်းကောင်း။ သဗ္ဗညုတညာဏပဋိဝေဓံ= သစ္စာလေးဝ၊ ဉေယျငါးပါး၊ တရားမူလ၊ ဟူသမျှကို၊ မြူမျှမကျန်၊ ဘူသယံဖြင့်၊ သူမဆံဘိ၊ ထိုးထွင်း၍သိတော်မူခြင်းကိုလည်းကောင်း။ ဓမ္မစက္ကပ္ပ၀တ္တနံ=မိဂဒါဝုန်၊ တောရဂုံ၌၊ ဘုံ ပထ၀ီ၊ သုန်သုန်ဟီအောင်၊ ဂုဏ်ဆီပြည့်နှက်၊ ပဉ္စ၀ဂ်တို့အား၊ ဓမ္မစက်ထူး၊ တရားဦးကို၊ ဖြန့်ဖြူးဟောကြားတော်မူခြင်းကိုလည်းကောင်း။ န၀ လောကုတ္တရဓမ္မေ= မဂ် , ဖိုလ် ရှစ်တန်၊ နေရဗာန်နှင့်၊ ဝေဖန်ပိုင်းခြား၊ ၉ ပါးသော လောကုတ္တရာ တရားတော်တို့ကိုလည်းကောင်း။ ဣတိဧ၀မာဒိကေ= ဤသို့ အစရှိကုန်သော။ သဗ္ဗေပိ= အလုံးစုံလည်းဖြစ်ကုန်သော။ ဣမေဗုဒ္ဓဂုဏေ=ဤစရိယစာဂီ ၊ ပါရမီအဆင့်ဆင့်၊ ရင့်ထက်ရင့်၍၊ ပွင့်ခြင်းသို့ ရောက်တော်မူသော အစိန္တေယျ မြတ်စွာဘုရား၏၊ များစွာသော ကျေးဇူးတော် ဂုဏ်တော်တို့ကို။ အာဝဇ္ဇေတွာ= ဥာဏ်သမ္ပဇဉ် ၊ ကြံဆင်ခြင်တော်မူ၍ ။ ဝေသာလိယာ= တံတိုင်း သုံးရပ်၊ ထပ်လျက် , ထပ်လျက် ၊ ပတ်ယှက် ဆူဝေ၊ လူနေ အိမ်ခြေ ၊ မရေ မတွက်သာ၊ ကျယ်ဝန်းစွာကြောင့်၊ ဝေသာလီ အမည်ရှိသော ပြည်ကြီး၌။
တီသုပါ ကာရန္တရေသု= မီးတား ရံဆိုင်း၊ ထပ်ထပ် ၀ိုင်းသား၊ တံတိုင်း သုံးရပ်တို့၏ အကြားတို့၌။
တိယာမရတ္တိံ = ညဉ့်ဦးသန်းခေါင်၊ သောက်ရောင်ဝိုးဝင်း၊ မိုး အလင်းဟူသော ယင်းညဉ့်သုံးယံ ကာလပတ်လုံး။
ပရိတ္တံ= ရတနသုတ်၊ ရွှေနှုတ်မြွက်ဖော်၊ ပရိတ်တော်ကို၊ ကရောန္တော= သဒ္ဒါမပျက်၊ အနက်မမှား၊ သနားရှေးရှု့ ၊ ဟောရွတ်တော်မူပေသော။ အာယသ္မာ အာနန္ဒတ္ထေရောဝိယ= ဗဟုသုတ၊ စသည် ဧတဒဂ်၊ ပွားတက်အစဉ်၊ ငါးချက်တင်သော အရှင်အာနန္ဒာ မထေရ်မြတ်ကဲ့သို့။ ကာရုညစိတ္တံ= ဒုက္ခိတ သတ္တ၀ါ၊ ဝေနေယျတို့အား၊ ကြင်နာသနားခြင်းနှင့် ယှဉ်သောစိတ်ကို။ ဥပဋ္ဌ ပေတွာ= ဖြစ်စေ၍ ။
ကောဋိသတ သဟဿသု= ထောင် , သောင်း , သိန်း , သန်း၊ ဂဏန်းခြေပေါင်း၊ မရေကောင်းမျှ၊ ကုဋေပေါင်း တစ်သိန်းကုန်သော။ စက္က၀ါဋ္ဌေသု= ယူဇနာပေါင်း၊ ရှစ်သောင်းနှစ်ထောင် အမြင်ဆောင်သား၊ တောင်စကြ၀ဠာ၊ ကာရံ ကျောက်စိုက်၊ ၀န်း၍ ၀ှိုက်သော၊ တိုက်လောကဓာတ်တို့၌။ ၀သန္တာ= ဘုံ အသီးသီး၊ ကြီးကြီး , ငယ်ငယ်၊ သွယ်သွယ် ၀၀၊ နေထိုင်ကြကုန်သော။ ဒေ၀တာ= အာဏာလွှမ်းမိုး၊ တန်ခိုး ကြီးမြတ်၊ အနတ်နတ်တို့သည်။
ယဿ= အကြင် ရတနသုတ်၊ ရွှေနှုတ် မြွက်ဖော်၊ ပရိတ်တော်၏ ။ အာဏံ= သိန်းကုဋေကုန်၊ ဘုံစက္က၀ါ၊ တုန်သွက်ခါမျှသော အာဏာတော်စက်ရိပ်ကို။ ပဋိဂ္ဂဏှန္တိ= ၀မ်းသာကြည်နူး ၊ လွန်ရွင်မြူးလှ၍ ၊ ဦးဖြင့် ခံယူကြကုန်၏ ။ ယဉ္စံ ယံဧ၀ ပရိတ္တံ= အကြင်ရတနသုတ်၊ ရွှေနှုတ်မြွက်ဖော်၊ ပရိတ်တော်သည် သာလျှင်။
ဝေသာလိယာ= ဝေသာလီ အမည်ရှိသော။ ပုရေ= ရာဇဌာနီ၊ ကျူးသည်အောင်စည်၊ မင်းနေပြည်၌။
ရောဂါမနုဿဒုဗ္ဘိက္ခသမ္ဘူတံ= ရောဂါသောင်းကျန်း၊ ဘီလူးဖမ်းနှင့်၊ ကုန်ခမ်း ခေါင်းပါးသော ထမင်းကြောင့်ဖြစ်သော။ တိဝိဓံဘယံ= ကပ်ကြီးသုံးကပ်၊ မရပ်တည်နိုင်၊ အပြိုင်တိုက်ရေး၊သုံးပါး အပြားရှိသော ဘေးကို ။ ခိပ္ပံ= အလျင်အမြန်။ အန္တရဓာပေသိ= ကွယ်စေ , ပျောက်စေ , ငြိမ်းစေ၏ ။
တံပရိတ္တံ= ထို မဟပ္ဖလမျိုး၊ အကျိုးအာနိသံသ၊ ကြီးမားလှသော၊ ရတနသုတ်၊ ရွှေနှုတ်မြွက်ဖော်၊ ပရိတ်တော်ကို။ ဟေ= သီတင်းသုံးဖက်၊ သမဂ္ဂပေါင်း၊ သူတော်ကောင်းတို့။ မယံ= ငါတို့သည်။ ဘဏာမ= သဒ္ဒါမပျက်၊ အနက်မယိမ်း၊ ဘေးခပ်သိမ်းတို့၊ ကင်းငြိမ်း စိမ့်ငှာ၊ ရွတ်ဖတ်သရဇ္ဇျာယ်ကြပါကုန်အံ့။

ဆရာကြီးဦးသုခ ၏ ရတနသုတ် မှ.......

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

သေနည်းသင်တန်းတက်ထားပါ


ဘ၀သံသရာ မျောပါနေကြတဲ့ သူသူငါငါ သတ္တ၀ါတွေအတွက် သေနည်းကိုပြောမယ်။ သေနည်းသင်တန်း တက်ထားဖို့ လိုတယ်။ ဒါ အရေးကြီးဆုံးပဲ။

လူတိုင်းတစ်နေ့မှာ မုချ သေရမှာ မလွဲဘူး။ ကြောက်ဖို့ မလိုဘူး။ ကြောက်လို့လဲ မရဘူး။
ကြိုတင်ပြင်ဆင်ထားရအောင် သေနည်းသုံးမျိုး ပြောမယ်။

(၁)' ငါတော့ ဒီတောင်က မကျော်တော့ဘူးလို့ ' ကိုယ့်ဟာကိုယ် သိလာပြီဆိုလျှင် အနားမှာ ဘယ်သူမှ မလာစေနှင့်။ မိမိတစ်သက်တာအတွင်း ပြုလုပ်ဖူးတဲ့ အလှူတွေကို စဉ်းစားကြည့်။ ဒါနကို လူတိုင်း လုပ်ဖူးကြတာချည်းပဲ။ တန်ဖိုး နည်းတာများတာ လိုရင်း မဟုတ်ဘူး။ ဒုဋ္ဌဂါမဏိ မင်းကြီးလို မိမိစိတ် အကြည်လင်ဆုံး ၊ အကျေနပ်ဆုံး အလှူတစ်ခုကိုပဲ ဆင်ခြင်နေ။

(၂)ဒါမှမဟုတ်၊ ကိုယ်ရှု့မှတ်နေကျ ဘာဝနာ တစ်ခုခုကို နှလုံးသွင်းနေ။ ဒါမှ မဟုတ်လဲ

(၃)ရောဂါကပြင်းထန်လို့၊ ဆေးတွေလွန်နေလို့ သတိမရတစ်ချက် ရတစ်ချက် ၊ ကယောင်ကတမ်း ဖြစ်တယ်ပဲထား သတိရလာတာနဲ့ ' ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ ရွတ်နေ။ ဒါ လူတိုင်း ရပြီးသား။ ဒီ ၃-နည်း ၊ တစ်နည်းနည်းနှင့် သေရင် အနည်းဆုံး နတ်ပြည်ရောက်မှာ သေချာပါတယ်။

ကျေးဇူးရှင် နယ်ခြားတောင်တန်းသာသနာပြု အရှင်ဦးဥတ္တမသာရ ဆရာတော်ဘုရားကြီး

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Related Posts with Thumbnails

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers