Friday, November 20, 2009

သိပ္ပံဆရာတို့ပြောသော စကြာဝဠာအနိစ္စတရားတော်


ကျွန်ုပ်တို့၏ အသက်ရှင်မှု့သည် မည်မျှကျဉ်းမြောင်းကျပ်တည်း၍ ကျွန်ုပ်တို့၏ ထောက်တည်ရာ ဤကမ္ဘာမြေ၏ ခိုင်မာသော အာမခံချက် မရှိပုံကို ဤနေရာ၌ ပြဆိုရန် ရှိပါသေးသည်။

အဏုမြူစသော ကမ္ဘာဖျက်လက်နက်ကြီးများ မရှိစေကာမူ ဤ ' စကြာဝဠာ ကမ္ဘာမြေ ' ကိုယ်၌ကပင် တစ်ဆံချည်မျှ စိတ်ချရသော အခြေအနေ မရှိပါပေ။ ၍စကြာဝဠာကြီး ဖြစ်ပေါ် ရပ်တည်နေပုံကိုသာ စဉ်းစားမိပါလျှင် လူသားတို့၏ မခိုင်မာသောဘ၀၊ မရေရာသော ကာလအတွင်း မတည်မြဲသောဒေသ၌ ထာဝရထင်ကာ ' မိုက်တွင်းနက် ' နေကြပုံမှာ ရယ်ရွှင်ဖွယ် ပုံပြင်တစ်ခုနှင့်သာ တူလေတော့သည်။

ဈေးတွင် ကုလား၏ စဉ်းတီတုံးနား၌ ချထားသော ခြင်းကြားထဲမှ ကြက်များသည် တစ်ကောင်နှင့်တစ်ကောင် ဆိတ်နေကြ၊ ခွပ်နေကြ၏ ။ ကြက်တို့အတွက် ခြင်းကြားကမ္ဘာသည် ခိုင်မာ၏ ။ ကျယ်ဝန်းလှ၏ ။ ခြင်းကြားမှသည် စဉ်းတီတုံးသို့ သွားရသည့် ကာလကလည်း ရှည်လျားလှသည်။

တိရစ္ဆာန်ပုံပြင်၌ တစ်တီတူးသည် မိုးပြိုမည်စိုး၍ မိုးကိုခြေကန်ကာ ပက်လက်လှန် အိပ်၏ ။ မိုးကို စိတ်မချ။ မြင်းကလည်း အိပ်သောအခါ ခြေလက် သုံးဖက်သာ ထောက်၍ အိပ်၏ ။ တစ်ဖက်ကြွထားသည်။ မြေကြီးပြိုမှာ စိုးသောကြောင့် ဖြစ်၏ ။ မျောက်ကလည်း သစ်ပင်ပေါ် အိပ်နေရာမှ မြေပျောက်မည်စိုး၍ တစ်ညသုံးခါ ဆင်းပြီး လက်နှင့်ပုတ်စမ်း၏ ။ ဤမိုး နှင့် ဤမြေ အကြောင်းကိုသာ လေ့လာလျှင် ဤလူတွေလည်း ခြေကို ဖော့ဖော့နင်း၍ မကြာခဏ ခေါင်းကို စမ်းကြည့်နေမိပေလိမ့်မည်။

ဤ၌ ဤကမ္ဘာမြေ အပါအ၀င် စကြာဝဠာကြီး ရပ်တည်နေပုံကို အကျဉ်းချုပ် ပုံကြမ်းသဘောမျှ ဖော်ပြပါဦးအံ့။

ကျွန်ုပ်တို့ ခိုင်မာတောင့်တင်းလှပြီ၊ ကျယ်ပြောလှပြီဟု အထင်ရောက်နေသော ဤကမ္ဘာမြေသည် ပူစီဖောင်း ကဲ့သို့ လဟာပြင်၌ ပေါလောမျောနေသော အလုံးတစ်လုံးသာဖြစ်သည်။ နေ နှင့် လကို လဟာ၌ အလုံးကြီးများ အဖြစ် မြင်နေရသကဲ့သို့ နေကမ္ဘာ လကမ္ဘာက ကြည့်လျှင်လည်း ဤကမ္ဘာကို လဟာပြင်၌ နေလတို့ကဲ့သို့ မျောနေသော အလုံးကြီးတစ်လုံး ဟုမြင်ကြရ၏။ အခိုင်အမာ ရပ်တည်ရာ မရှိချေ။ ကျွန်ုပ်တို့ထင်သကဲ့သို့ ရပ်၍လည်း မနေ။ စနစ်တကျ လည်ပတ်နေသော အလုံးကြီးသာ ဖြစ်၏ ။ ဝေးလွန်းလှသဖြင့် မှုန်မှုန် မွှားမွှားသာ မြင်ရသည့် မရေမတွင်နိုင်သော ကမ္ဘာများ ကြယ်များလည်း ထိုကဲ့သို့ ဘ၀တူ အလုံးများသာ ဖြစ်ကြသည်။ စကြာဝဠာအနန္တခေါ် သဟာပင်တည်း။

လဟာပြင်၌ ထင်ရှားသော အလုံးကြီးများမှာ ၁၁လုံး ရှိ၏ ။ ဤကမ္ဘာမြေလည်း ကြယ်တစ်လုံး၊ ဂြိုလ်တစ်လုံး ပင်တည်း။ ထိုတွင် နေသည် အကြီးဆုံး ဆွဲအားအများဆုံး မီးဟုန်းဟုန်းလောင်နေသော ဂြိုလ်ကြီးတစ်လုံးဖြစ်သည်။ သူ့ကို ဗဟိုထား၍ ကျန် ဂြိုလ်ကိုးလုံးမှာ ဘဲဥ စက်ဝိုင်းကဲ့သို့ နေကို လှည့်ပတ်ရွေ့လျား နေကြရ၏ ။ သူ့လမ်းနှင့်သူ ၊ သူ့လည်ပတ်နှုန်း နှင့် သူ စနစ်တကျ လည်ပတ်နေ၏ ။ တစ်ခုနှင့် တစ်ခု ဆက်စပ်နေသော ခွေးသွားစိတ်ကဲ့သို့ဖြစ်သည်။ တစ်ခုနှင့်တစ်ခု ဆွဲအား ၊ ရွေ့လျားအားနှစ်မျိုး အပေးအယူလုပ်ကာ ဆက်သွယ်နေကြရသည်။ တစ်ခုခုက တာဝန် ၀တ္တရားပျက်ကွက်ခဲ့သော် အားလုံး ကိစ္စချော နိုင်၏ ။

ဓမ္မာစရိယ ဦးဌေးလှိုင် ၏ ကမ္ဘာကိုချုပ်ကိုင်မည့်သူ မှ.........

Print this post

0 comments:

Related Posts with Thumbnails

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers