Monday, November 2, 2009

အယူဝါဒတစ်ခုကို လက်ခံတော့မည်ဆိုလျှင်


ဘာသာကိုးကွယ်မှု့ဆိုတာ လူတိုင်းလူတိုင်းရဲ့ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပါတယ်။ လူတစ်ဦးဦးက ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုက ဟိုဘာသာကို မယူနဲ့၊ မကိုးကွယ်နဲ့၊ သည်ဘာသာကိုယူ၊ သည်ဘာသာကို ကိုးကွယ်လို့ တိုက်တွန်းတဲ့အတွက် ယူရတာမျိုး မဟုတ်ပါဘူး။

သူတစ်ပါးက တိုက်တွန်းတဲ့အတွက် အဲသည်ဘာသာရဲ့အကြောင်းကို ဘက်စုံ၊ ထောင့်စုံက မစဉ်းစား၊ မလေ့လာ မစုံစမ်းဘဲ၊ အရမ်းလက်ခံယုံကြည်ကိုးကွယ်မိလို့ ကောင်းရင်တော်ပါရဲ့၊ မကောင်းရင် "ကုန်ရှုံးရင် တစ်ခေါက်၊ ဆရာရှုံးတော့ တစ်သံသရာလုံးမှောက်" ဆိုတဲ့ ရှေးပညာရှိကြီးများ၏ အဆိုအမိန့်အတိုင်း သံသရာတစ်လျှောက်လုံး မဆုံးနိုင်တဲ့ ဆင်းရဲဒုက္ခတွေ ရဖို့ရှိပါတယ်။ဝိဘဇ္ဇ၀ါဒီ(အရာရာကိုဝေဖန်စိစစ်ပြီးဟောပြောဆုံးမတော်မူလေ့ရှိတဲ့)ဗုဒ္ဓဘုရားရှင်က ကိုးကွယ်ဆည်းကပ်တာနဲ့ပတ်သက်ပြီး မိန့်တော်မူတာကတော့
"ကာလာမမင်းတို့၊ တပ်မက်ခြင်း လောဘ၊ အမျက်ထွက်ခြင်း၊ ပြစ်မှား ဖျက်ဆီးခြင်းဒေါသ၊ တွေဝေမိုက်မဲခြင်း မောဟ၊ တို့သည် သတ္တ၀ါတို့၏ သန္တာန်၌ ဖြစ်လတ်သော် အစီးအပွားဖြစ်ဖို့ရာရှိသလော၊ အစီးအပွားမဲ့ဖို့ရာ ဖြစ်သလော"
"အစီးအပွားမဲ့ဖို့ရာသာ ဖြစ်ပါတယ်ဘုရား"
"မှန်တယ်၊ ကာလာမမင်းတို့။ ထို လောဘ၊ ဒေါသ၊ မောဟ တရားတို့ဖြစ်နေသော၊ ထိုတရားအလွှမ်းမိုး ခံနေရသော ပုဂ္ဂိုလ်သည်
သူ့အသက်ကိုလည်းသတ်၏ ။ သူ့ဥစ္စာကိုလည်း ခိုး၏ ။ သူ့မယားကိုလည်း သွားလာ၏ ။ မဟုတ်မမှန်တာကိုလည်း ပြော၏ ။
သူတစ်ပါးကိုလည်း ထိုအတိုင်းပြုဖို့တိုက်တွန်း၏ ။ ထိုသူအား ကြာမြင့်သောကာလပတ်လုံး အစီးအပွား မဲ့ဖို့ရာ၊ ဆင်းရဲဖို့ရာ ဖြစ်နိုင်
သည်မဟုတ်လော"
"မှန်ပါ့၊ အစီးအပွားမဲ့ဖို့၊ ဆင်းရဲ့ဖို့ ဖြစ်နိုင်ပါတယ်ဘုရား"
"ငါမေးမယ်၊ ကာလာမမင်းတို့။ သင်တို့ စိတ်ထဲမှာ ထင်တဲ့အတိုင်း (ကိုယ်ပိုင်အသိနဲ့) ဖြေကြ။ သည်လောဘ၊ ဒေါသ၊ မောဟ တရား
တွေဟာ ကုသိုလ်တရားတွေလား၊ အကုသိုလ်တရားတွေလား"
"အကုသိုလ်တရားတွေပါဘုရား"
"အပြစ်ရှိတဲ့ တရားတွေလား၊ အပြစ်မရှိတဲ့တရားတွေလား"
"အပြစ်ရှိတဲ့ တရားတွေပါဘုရား"
"ပညာရှိတို့ ကဲ့ရဲ့ထိုက်တဲ့ တရားတွေလား၊ ချီးမွမ်းထိုက်တဲ့ တရားတွေလား"
"ကဲ့ရဲ့ထိုက်တဲ့ တရားတွေပါဘုရား"
"သည်လောဘ၊ ဒေါသ၊ မောဟ တရားတွေကို မိမိသန္တာန်မှာ ဖြစ်စေအပ်လျှင်၊ သည်တရားတွေကို မိမိသန္တာန်မှာ လက်ခံသိမ်းပိုက်
ထားလျှင် အကျိုးစီးပွားမဲ့ဖို့ရာ၊ ဆင်းရဲဖို့ရာ ဖြစ်သလား၊ မဖြစ်ဘူးလား"
"အကျိုးစိးပွား မဲ့ဖို့ရာ၊ ဆင်းရဲဖို့ရာ ဖြစ်ပါတယ်ဘုရား"
"ပညာရှိတို့ ချီးမွမ်းဖို့ရာ ဖြစ်သလား၊ ကဲ့ရဲ့ဖို့ရာ ဖြစ်သလား"
"ပညာရှိတို့ ကဲ့ရဲ့ဖို့ရာ ဖြစ်ပါတယ်ဘုရား၊ ဒါဟာ တပည့်တော်တို့ ကိုယ်တိုင်အသိနဲ့ ဖြေတာဖြစ်ပါတယ်ဘုရား"
"ကာလာမမင်းတို့၊ အဲသည်အတိုင်းပဲ ဘယ်သူက ဘယ်လိုပုံစံမျိုးနဲ့လာပြီး သည်အယူဝါဒကို ယူပါလို့ပြောပြော အဲသည်အယူကို သင်တို့
ကိုယ်တိုင်သိပြီးသား အချက်အလက်တွေနဲ့ စိစစ်ကြည့်ပြီး သည်အယူယူလို့ရှိရင် အကျိုးစီးပွားမဲ့ဖို့ရာသာဖြစ်တယ်၊ ဆင်းရဲဖို့ရာသာ
ဖြစ်တယ်၊ ပညာရှိတို့ ကဲ့ရဲ့ဖို့ရာသာ ဖြစ်တယ်လို့ ကိုယ်ပိုင်အသိနဲ့သိရင် ဘယ်သူဘယ်လိုပြောပြော လက်မခံနဲ့၊ မယူနဲ့၊
ပယ်စွန့်ပစ်လိုက်။"
"ငါဆက်မေးဦးမယ် ကာလာမမင်းတို့၊ သင်တို့ စိတ်ထဲမှာ ရှိတဲ့အတိုင်း ကိုယ်ပိုင်အသိနဲ့ဖြေပါ။ မတပ်မက်ခြင်း အလောဘ၊ မပြစ်မှား
မဖျက်ဆီးခြင်း အမျက်မထွက်ခြင်း အဒေါသ၊ မတွေဝေ မမိုက်မဲခြင်း အမောဟ တရားတို့ မိမိသန္တာန်မှာ ဖြစ်ခဲ့သော် အကျိုးစီးပွား
ရှိဖို့ရာ ဖြစ်သလော၊ အကျိုးစီးပွား မဲ့ဖို့ရာ ဖြစ်သလော"
"အကျိုးစီးပွား ရှိဖို့ရာသာ ဖြစ်ပါတယ်ဘုရား"
"အဲသည် အလောဘ၊ အဒေါသ၊ အမောဟ တရားတို့ ဖြစ်နေခဲ့သော်၊ ရှိနေခဲ့သော် သတ္တ၀ါ၏ အသက်ကိုလည်းမသတ်၊ သူ့ဥစ္စာ
ကိုလည်း မခိုး၊ သူ့မယားကိုလည်း မသွားလာ၊ မမှန်တဲ့စကားကိုလည်း မပြော၊ အဲဒါတွေ ပြုလုပ်ဖို့ (စောင့်ထိန်းဖို့) သူတစ်ပါး
ကိုလည်း တိုက်တွန်း၊ အဲသည် သတ္တ၀ါ၏ အသက်ကို မသက်ခြင်း စသည်ဟာ ရှည်ကြာမြင့်စွာသော ကာလပတ်လုံး အစီးအပွား
ရှိဖို့ရာ ချမ်းသာဖို့ရာ ဖြစ်နိုင်တယ် မဟုတ်လား"
"မှန်ပါ၊ ဖြစ်နိုင်ပါတယ်ဘုရား"
"ဒါဖြင့် သည်အလောဘ အစရှိတဲ့ တရားတွေဟာ ကုသိုလ်တရားတွေလား၊ အကုသိုလ်တရားတွေလား"
"ကုသိုလ်တရားတွေ ဖြစ်ပါတယ်ဘုရား"
"အပြစ်ရှိတဲ့ တရားတွေလား အပြစ်မရှိတဲ့တရားတွေလား"
"အပြစ်မရှိတဲ့ တရားတွေပါဘုရား"
"ပညာရှိတို့ ချီးမွမ်းအပ်တဲ့ တရားတွေလား၊ ကဲ့ရဲ့အပ်တဲ့ တရားတွေလား"
"ပညာရှိတို့ ချီးမွမ်းအပ်တဲ့ တရားတွေပါဘုရား"
"သည်တရားတွေကို မိမိတို့သန္တာန်မှာ ပြည့်စုံစေအပ်သည် ရှိသော် အစီးအပွားဖြစ်ဖို့ရာ၊ ချမ်းသာဖို့ရာ ဖြစ်ကုန်သလော၊ မဖြစ်ကုန်
သလော"
"အစီးအပွား ဖြစ်ဖို့ရာ၊ ချမ်းသာဖို့ရာ ဖြစ်ကုန်ပါတယ်ဘုရား။ ဒါဟာ တပည့်တော်တို့ ကိုယ်ပိုင်အသိနဲ့ ကိုယ်တိုင်သဘောပေါက်ပြီး၊
ဖြေတာ ဖြစ်ပါတယ်ဘုရား"
"ကာလာမမင်းတို့...သည်လို သဘောပေါက်ပြီးလို့ရှိရင် အလောဘ မတပ်မက်တဲ့တရားတွေဟာ အကုသိုလ်တွေဖြစ်တယ်၊
အစီးအပွားမဲ့ဖို့ ဆင်းရဲဖို့သာဖြစ်တယ် စသည်ဖြင့် ဘယ်လိုအကြောင်းမျိုးတွေပြပြီး (မမှန်ကန်တဲ့ အကြောင်းတွေပြပြီး)ပြောစေကာမူ
သင်တို့ အယူကို ပြောင်းလဲစွန့်ပစ်တော့မည်မဟုတ်။ မိမိတို့ အယူမှန်ကိုသာ စွဲစွဲမြဲမြဲ ယူကြပေလိမ့်မည်" ဟု ကာလမမင်းတို့အား
ဘုရားရှင် အဆုံးအမသြ၀ါဒ ပေးတော်မူခဲ့ပါတယ်။
ဒါကြောင့် အယူဝါဒ တစ်ခုကို လက်ခံတောမယ် ယူတော့မယ်ဆိုရင် အဲသည်အယူဝါဒရဲ့အနှစ်သာရကို ဘက်စုံ၊ ထောင်စုံ လက်ကုန်နှိုက်
လေ့လာကြည့်ပြီး အပြစ်မရှိဘူး၊ ဆင်းရဲကြောင်းမဟုတ်ဘူး၊ ပညာရှိများ ကဲ့ရဲ့စရာ မဟုတ်ဘူး၊ မကောင်းမှု့အကုသိုလ် မဖြစ်ဘူးလို့
ကိုယ်တိုင်သဘောပေါက်မှ အဲသည်အယူဝါဒကို ယူပါ။ လက်ခံကျင့်သုံးပါ။
ဟံသာသီရိ ၏ ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ (တတိယတွဲ) မှ ပြန်လည်ဖော်ပြပါသည်။


Print this post

0 comments:

Related Posts with Thumbnails

Design By

free skin 4 MM

ဒီဇိုင်း : Free Skin For Myanmar Bloggers