Sunday, May 30, 2010

စိတ်ကောင်းကြည်လင် ၀မ်းမြောက်လျှင်

“စိတ်ကောင်းကြည်လင် ၀မ်းမြောက်လျှင်” ဆိုတာ စိတ်ကကောင်းတာရယ်၊ စိတ်ကကြည်လင်တာရယ်၊ ၀မ်းမြောက်တာရယ်ကို ပြောတာနော်။ စိတ်ကောင်းကောင်းထားရတယ်၊ သူတကာ စိတ်ဆိုးလည်း မဆိုးရဘူး။ စိတ်ကြည်ကြည်လင်လင် ထားရတယ်။ စိတ်ထဲမှာ အနှောင့်အယှက်တွေ မရှိရဘူး။ ၀မ်းမြောက်ရတယ်။ ၀မ်းမနည်းရဘူး။ ၀မ်းနည်းတာကို မတတ်နိုင်တဲ့ ဒေါသခေါ်တယ်။

“စိတ်ကောင်း, ကြည်လင် , ၀မ်းမြောက်လျှင်၊

သုံးအင်ပုည ပြည့်စုံကြ၊

ပုညပြည့်စုံ လူနတ်ဘုံ သူဌေးဖြစ်ရ လူ့ဘ၀”။

စိတ်ကောင်းတာရယ်၊ စိတ်ကြည်လင်တာရယ်၊ ၀မ်းမြောက်တာရယ် အဲဒီ (၃)ပါးနဲ့ပြည့်စုံရင် ကုသိုလ်ကောင်းမှု့နဲ့ပြည့်စုံတယ်တဲ့။ အဲဒီ ကုသိုလ်တွေနဲ့ပြည့်စုံလို့ရှိရင် ဘယ်ရောက်ရောက် လူချမ်းသာတွေ စိတ်ချမ်းသာတွေ ဖြစ်တယ်တဲ့။ “သူဌေးဖြစ်ရ လူ့ဘ၀” ဆိုတာ “စိတ်သူဌေး” ကိုပြောတာ၊ စိတ်မဆင်းရဲတော့ဘူး။

“စိတ်ဆိုးစိတ်ညစ် ကိုယ့်ကြောင့်ဖြစ်၊

ပစ်ပယ်သူတကာ”။

စိတ်ဆိုးတယ်၊ စိတ်ညစ်တယ်ဆိုတာ သူတကာကြောင့်မဟုတ်ဘူးတဲ့။ “ကိုယ့်ကြောင့်” ဖြစ်တယ်။ ကိုယ်ရှိရင် စိတ်က ညစ်တတ်တယ်၊ ကိုယ်မရှိရင် စိတ်ကမညစ်တော့ဘူး။ “ကိုယ်”ကြောင့်ဖြစ်တယ်၊ “ကိုယ်” မရှိနဲ့။ ကိုယ်တွေ(ငါတွေ) မထားနဲ့။ မြင်တာ ကမျက်စေ့၊ ကြားတာကနား၊ နံတာက နှာခေါင်း၊ စားတာကလျှာ၊ ထိတာက ကိုယ်၊ ကြံတာက စိတ်၊ အဲဒါကို “ငါ” လုပ်ရင် စိတ်ညစ်တယ်တဲ့။ အဲဒါတွေကို “ငါ” လို့ မလုပ်နဲ့ ဟုတ်လား။

တချို့က ....ငါနှယ်နော် စိတ်ညစ်လိုက်တာနဲ့ .......အဲလို ညည်းကြတယ်။ အဲဒါ “ငါ” ရှိလို့။ “ငါ” မရှိနဲ့။ သူလည်း ရုပ်နာမ်ပဲ ကိုယ်လည်းရုပ်နာမ်ပဲ။ အဲဒါကို “ငါ” လို့ မသိမ်းပိုက်နဲ့။ မသိမ်းပိုက်လို့ရှိရင် စိတ်မညစ်တော့ဘူး။ သူလည်း ရုပ်နာမ်၊ ကိုယ်လည်း ရုပ်နာမ်၊ အဲဒီ ရုပ်နာမ်ကို “ငါ” “ငါ့ဥစ္စာ” လို့ သိမ်းပိုက်လိုက်လို့ စိတ်ဆိုးတွေ စိတ်ညစ်တွေ ဖြစ်တာ။

“အဟံတိဝါ၊ မမံတိဝါ”

“အဟံ တိ ၀ါ -ငါ ဟူ၍ လည်းကောင်း၊ မမံ တိဝါ - ငါ၏ဥစ္စာ ဟူ၍ လည်းကောင်း၊ ဂဟဏာ ဘာဝေန - ယူခြင်းမရှိသည်၏ စွမ်းအားဖြင့်” . . .ငါ, ငါ့ဥစ္စာလို့ မယူခဲ့လို့ရှိရင်တဲ့ အပူတွေ မရှိဘူးတဲ့။ အပူတွေရှိတော့ “ငါ” ဆိုတော့ စဉ်းစားတတ်တယ်၊ “ငါ” ဖြစ်သွားတယ်။ စဉ်းစားတာကို “ငါ” လို့ မယူနဲ့။ “ငါ” လို့ ယူလို့ရှိရင် စိတ်ညစ်တတ်တယ်။ “စိတ်ဆိုး စိတ်ညစ် ကိုယ့်ကြောင့်ဖြစ်” ...မျက်စေ့က စိတ်ဆိုးတာ မဟုတ်ဘူး၊ နားကလည်း စိတ်မဆိုးဘူး၊ “ငါ” က စိတ်ဆိုးတယ် ဟုတ်ကဲ့လား။ “ငါ” မရှိရင် စိတ်မဆိုးတော့ဘူး။ အဲလို မှတ်ထားနော်။ “ငါ” ဆိုတာက ဒိဋ္ဌိ ခေါ်တယ်။

“ဣဒါနိ ဖလပဉ္စကံ” .. ဤပစ္စုပ္ပန်တွင် အကျိုး(၅)ပါးရှိတယ်။

“ဣဒါနိ ဟေတဝေါပဉ္စ” ..ဤပစ္စုပ္ပန်ကလည်း အကြောင်း(၅)ပါးရှိတယ်တဲ့။

အဲဒါ စိတ်ညစ်တာတွေက ..စိတ်ဆိုးတာတွေက , ငါတွေက, ဒိဋ္ဌိတွေက, အဲဒီ အ၀ိဇ္ဇာတို့, တဏှာတို့, ဥပါဒါန်တို့ဆိုတာ ပစ္စုပ္ပန်အကြောင်းတွေတဲ့။ အဲဒါတွေ မရှိရဘူးတဲ့။ ပစ္စုပ္ပန်မှာ အကျိုး(၅)ပါးဆိုတာ ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာကို ခေါ်တယ်။ အဲဒီ ပစ္စုပ္ပန်ထဲမှာ အကြောင်းမရောက်အောင် ဂရုစိုက်ရတယ်။ ပစ္စုပ္ပန်ထဲ အကြောင်းမရောက်လို့ရှိရင် “အာယတိံ ဖလပဉ္စကံ” ဆိုတာ နောင်မှာ အနာဂတ်မှာ အကျိုးမရှိတော့ဘူးတဲ့။ အဲလို မှတ်ထား။ ပစ္စုပ္ပန်မှာ အကြောင်း ဖြစ်တတ်တယ်တဲ့။ အကြောင်းက ဘယ်သူတုန်းဆိုတော့ “စိတ်ဆိုးစိတ်ညစ် ကိုယ့်ကြောင့်ဖြစ်”တဲ့။ စိတ်က ၀ိပါက်၊ စိတ်ကအကျိုး(၅)ပါး။ ပြီးတော့ စိတ်ဆိုး စိတ်ညစ်တာက အကြောင်း(၅)ပါး ဖြစ်သွားတယ်တဲ့။ အကြောင်း(၅)ပါးကြောင့် စိတ်ညစ်တယ်။ စိတ်ကတော့ အကျိုးပဲ။ အကြောင်း(၅)ပါးမရှိရင် စိတ်မညစ်တော့ဘူး...ဟုတ်လား။ စိတ်မညစ်လို့ရှိရင် နိဗ္ဗာန်လို့ ခေါ်တယ်။
“စိတ်ဆိုးစိတ်ညစ် ကိုယ့်ကြောင့်ဖြစ်”
“ကိုယ်ဆိုတာ “ဒိဋ္ဌိ” ကိုခေါ်တယ်။ ဒိဋ္ဌိဆိုတာ အ၀ိဇ္ဇာ, တဏှာ ရှိမှ ဒိဋ္ဌိ ရှိတယ်။ အ၀ိဇ္ဇာ, တဏှာ ဆိုတာကလည်း “လူ” တွေရှိမှ အ၀ိဇ္ဇာ,တဏှာ ရှိတယ်။ စိတ်ထဲမှာ လူတွေလို့ မထားရဘူး.. . .ဟုတကဲ့လား။ လူတွေလို့ထားရင် အ၀ိဇ္ဇာ, တဏှာ ဖြစ်တယ်တဲ့။ အ၀ိဇ္ဇာ, တဏှာ ဖြစ်ရင် စိတ်ဆိုးစိတ်ညစ် ဖြစ်တယ်တဲ့။

စိတ်ဆိုး စိတ်ညစ်လို့ရှိရင် “ကိုယ်”ကြောင့် ဖြစ်သွားတယ်တဲ့။ “ကိုယ်” ရှိသွားတယ်။ ရှေးတုန်းကတော့ မြတ်စွာဘုရား လက်ထက်တုန်းက “ကိုယ်”မရှိဘူး. . . ဟုတ်ကဲ့လား။ ကိုယ်မရှိတော့ စိတ်ဆိုးစိတ်ညစ်တွေ မရှိတော့ဘူး။ စိတ်ဆိုးစိတ်ညစ် မရှိလို့ရှိရင် စိတ်ကောင်းကြည်လင်တွေ ဖြစ်သွားတယ်တဲ့။ စိတ်ကောင်းကြည်လင် ဖြစ်သွားလို့ရှိရင် နိဗ္ဗာန်ရောက်တော့တာပဲ။

“စိတ်ဆိုးစိတ်ညစ် ကိုယ့်ကြောင့်ဖြစ်၊ပယ်ပစ်သူတကာ” သူတကာရယ်လို့ မဟုတ်ဘူး၊ သူတကာကို အပြစ်တင်တတ်တယ်။ အပြစ်လည်းတင်မနေနဲ့တော့။ “ငါ” လို့လည်း မသိမ်းပိုက်နဲ့။ အပြစ်ရှိလာရင်လည်း ငါလို့ မသိမ်းပိုက်နဲ့၊ အပြစ်မရှိလည်း ငါလို့ မသိမ်းပိုက်နဲ့။ အဲလို ဒီအတိုင်ပဲနေ။ ငါလို့ သိမ်းပိုက်လိုက်တော့ စိတ်ဆိုးစိတ်ညစ် ဖြစ်တတ်တယ်။“စိတ်ဆိုးစိတ်ညစ် ကိုယ့်ကြောင့်ဖြစ်”

စိတ်ဆိုးစိတ်ညစ်က ကိုယ့်ကြောင့်ပဲ။ “ကိုယ်” ဆိုတာ “ငါ” ပါပဲလား၊ မျက်စေ့မြင်တာလည်း ငါ၊ နားကြားတာလည်း ငါ၊ ဒီလို ယူထားကြတာ မဟုတ်ဘူးလား။ အဲလို “ငါ” လို့ သိမ်းပိုက်ထားကြတာ။
“အနာဒါန ဘာဝေန” ငါဟူ၍ မယူနဲ့တဲ့။ ထိုင်နေတာလည်း “ငါ”လို့ မယူနဲ့တဲ့။ ထသွားတာလည်း ငါလို့ မယူနဲ့။
“ဂဟဏာ ဘာဝေန” မယူသည်၏ စွမ်းအားဖြင့် လွတ်မြောင်၏တဲ့။

“ငါ” က လွတ်မြောက်သွားတယ်. . . ရိပ်မိလား။ ဘယ်ထဲ ဘာဖြစ်သွားသွား “ငါ” က လွတ်မြောက်ရင် လွတ်မြောက်တာပဲ။ ဘာမဆို “ငါ” မလွတ်မြောက်ရင်.... သူ့ထောင် ..သူ့ဟာသူ လုပ်တာတဲ့။ လူတွေက ကိုယ့်ထောင် ကိုယ့်ဟာကို လုပ်နေကြတယ်တဲ့။ အဲဒါဘယ်သူတုန်းဆိုတော့ ..ကိုယ့်ဟာကိုယ်လုပ်တာ “ငါ” ခေါ်တယ်။

စိတ်ဆိုး စိတ်ညစ် ကိုယ့်ကြောင့်ဖြစ်၊ ပယ်ပစ်သူတကာ
စိတ်ညစ် ပယ်ချိုး စိတ်မဆိုး၊ ရောက်ရိုးနိဗ္ဗူတာ
နိဗ္ဗူတာ ဆိုတာက လွတ်မြောက်တာကို ခေါ်တယ်။ “မောက္ခောနိရောဓေါ နိဗ္ဗာနံ” တဲ့။ မောက္ခ . . . လွတ်မြောက်တာ၊ “စိတ်ရဲ့လွတ်မြောက်ခြင်း” ကို ခေါ်တယ်။ စိတ်ကို ဘယ်သူက ဖမ်းထားတုံး, ယူထားတုံး ဆိုတော့ . . . .“ငါ” က ယူထားလို့။ အဲဒါကြောင့် သူ့ကို မလွတ်မြောက်နိုင်ရင်. . . သူက . . .တော်ကြာကျ ဟိုဟာ မကောင်းဘူးလေး၊ ဒီဟာ မကောင်းဘူးလေးနဲ့ စဉ်းစားတယ်။ အဲဒါ ဘယ်သူတုံး ဆိုတော့ “ငါ”၊ “ငါ” ဆိုတာ “ I”

“မျက်စေ့ကမြင် မနှိုင်းယှဉ်၊ ဤတွင် တရားရ။”
“နားကကြားလျှင် မနှိုင်းယှဉ်၊ ဤတွင် တရားရ။”

ဘယ်သူက ကြားတုံး (နားကကြားတာပါဘုရား) ၊ ဘယ်သူ့နားတုံး . . .“နာမ်ရုပ်” ရဲ့ နား။ “ငါ့” နားမဟုတ်ဘူးနော်။ ကြားတာက နားကကြားတာ။ ဒါကြောင့် အနတ္တာ . . . ငါ မဟုတ်။ “ငါ” လို့ မသိမ်းပိုက်တာကို ခေါ်တယ်။

မြင်တာကရော ဘယ်သူကမြင်တုံး (မျက်စေ့ကပါ ဘုရား) ၊ နံတာကရော ဘယ်သူက နံတုံး (နှာခေါင်းကပါ ဘုရား) ဘယ်သူက စားတုံး ( လျှာကပါ ဘုရား) ဘယ်သူက ထိတုံး (ကိုယ်က ထိတာပါ ဘုရား)၊ ဘယ်သူကကြံတုံး (စိတ်ကပါ ဘုရား)၊ အဲဒါကို ငါလို့ သိမ်းပိုက်ထားကြလို့၊ မသိမ်းပိုက်နဲ့။ သူ့ဟာသူကြံ၊ သူ့ဟာသူဆိုလို့ရှိရင် ဘာမှ မဟုတ်ဘူး၊သူ့ဟာသူ လွတ်မြောက်သွားတယ်တဲ့။

ကိုယ့်ဟာကို စဉ်းစားတယ် . . . ဟုတ်လား။ စဉ်းစားတာက စိတ်နဲ့ အာရုံနဲ့တွေ့တော့ စဉ်းစားတယ်။ စိတ်နဲ့အာရုံနဲ့တွေ့တော့ အဲဒီစိတ်နဲ့ အာရုံနဲ့ကို မပေါင်းသင်းဘဲ နေလိုက်လို့ ရှိရင် သူ့ဟာသူ လွတ်မြောက်သွားတယ်. . .ဟုတ်ကဲ့လား။ (မှန်ပါဘုရား)

ဆိုစမ်း . . . “ရူပါရုံ, သဒ္ဒါရုံ (၆) အာရုံ ခေါ်တုံ ဟိုဘက်ကမ်း” ရူပါရုံ , သဒ္ဒါရုံတွေ၊ မြင်တဲ့ဟာ, ကြားတဲ့ဟာတွေက ဟိုဘက်ကမ်းတဲ့။ “လူ” တွေမဟုတ်ဘူးတဲ့။

“ရူပါရုံ, သဒ္ဒါရုံ (၆) အာရုံ ခေါ်တုံ ဟိုဘက်ကမ်း”

“မျက်စေ့၊ နား၊ နှာ ၊ လျှာ ၊ ကိုယ်၊ မန. . .(၆) ဒွါရ၊ ခေါ်ကြ ဒီဘက်ကမ်း။”

မျက်စေ့တွေ နားတွေက ဒီဘက်ကမ်း၊ ရူပါရုံတွေက ဟိုဘက်ကမ်း၊ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းနဲ့ သွားပြီးတော့ “ငါ” လို့ မယူရဘူး . . . .. ဟုတ်ကဲ့လား။

“အဟံတိဝါ - ငါဟူ၍လည်းကောင်း၊ မမံတိဝါ- ငါ၏ဥစ္စာဟူ၍လည်းကောင်း၊ ဂဟဏာဘာဝေန- ယူခြင်းမရှိသည်၏ စွမ်းအားဖြင့်၊ ၀ိ ဒရထာ - ပူပန်ခြင်းမှ ကင်းကြကုန်၏” တဲ့။ ဟိုဘက်ကမ်း ဒီဘက်ကမ်းကို ငါလို့မယူလိုက်လို့ရှိရင် အပူကင်းတယ်တဲ့။

“ကမ်းပါးကိုမူ ငါမယူ ထိုသူအပူကင်းသတည်း” . . . အပူကင်းချင်ရင် ဟိုဟာက ဟိုဘက်ကမ်း၊ ဒီဟာက ဒီဘက်ကမ်းလို့ ဆိုလိုက်ရင် ပြီးသွားတာပဲ။ မင်းတို့ကတော့ လူမူရေးတွေ ဘာတွေနဲ့ မကောင်းဘူးလေး ကောင်းတယ်လေးနဲ့ အဲလို ဖြစ်နေကြတယ်. . . ဟုတ်ကဲ့လား။

နိဗ္ဗာန်ရောက်တယ်ဆိုတာ ဘယ်လိုဟာတုံးဆရာ့. . .ဆိုတော့ စိတ်ညစ်တာတွေ မရှိတာတဲ့။ စိတ်ဆိုတာ လောကီဆိုတာ ညစ်တတ်တယ်။ အဲဒါ မညစ်အောင် ကိုယ့်ဟာကို ရှင်းရတယ်။
“စိတ်ကောင်း, ကြည်လင်, ၀မ်းမြောက်လျှင် သုံးအင်ပုည ပြည့်စုံကြ၊
ပုည ပြည့်စုံ လူနတ်ဘုံ၊ သူဌေးဖြစ်ရ လူ့ဘ၀။
စိတ်ဆိုးစိတ်ညစ် ကိုယ့်ကြောင့်ဖြစ် ပယ်ပစ်သူတကာ”။

သူတကာဆိုတာကလည်း အ၀ိဇ္ဇာရှိရင် သူတကာရှိတယ်။ အ၀ိဇ္ဇာမရှိရင် သူတကာ မရှိဘူး။ တဏှာရှိရင် သူတကာ ရှိတယ်၊ တဏှာမရှိရင် သူတကာ မရှိဘူး။

စိတ်ဆိုးစိတ်ညစ်၊ ကိုယ့်ကြောင့်ဖြစ် ပယ်ပစ်သူတကာ၊ စိတ်ညစ်ပယ်ချိုး၊ စိတ်မဆိုး၊ ရောက်ရိုး နိဗ္ဗူတာ”
စိတ်မဆိုးဘူး၊ စိတ်မညစ်ဘူးဆိုရင် အဲဒါ ....နိဗ္ဗာန်ရောက်သွားတယ်။ စိတ်ဆိုး စိတ်ညစ်တယ်ဆိုတာ သူတကာကြောင့်၊ ကိုယ့်ကြောင့်၊ သူ့ကြောင့်နဲ့။ သူ့ကြောင့်၊ ကိုယ့်ကြောင့်ဆိုတာ ဘာလဲဆိုတော့ “အ၀ိဇ္ဇာ ၊ တဏှာ၊ ဥပါဒါန်” ပဲ။ သူ့ကြောင့်၊ ကိုယ့်ကြောင့် မရှိရင် အဲဒီ အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် မရှိတော့ဘူး။ အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် မရှိရင်လည်း သူ့ကြောင့် ကိုယ့်ကြောင့် မရှိတော့ဘူး။

သူ့ကြောင့် ကိုယ့်ကြောင့် မရှိရင် စိတ်ဆိုးတာလည်း မရှိဘူး စိတ်ညစ်စရာ မရှိဘူးတဲ့။ အဲဒါ နိဗ္ဗာန်ပဲ။ ကဲ . . တော်ကြဦးစို့။

တပည့်တော်တို့၏ ဤအလှူသည် သူ့ကြောင့်၊ ကိုယ့်ကြောင့် မရှိသော အ၀ိဇ္ဇာ, တဏှာ, ဥပါဒါန် မရှိသော နိဗ္ဗာန် အကျိုးဌာ ဖြစ်ပါစေသတည်း။ ဤကောင်းမှုကို အမိ ၊ အဖ၊ ဆရာသမား အစထား၍ ဝေနေယျတို့အားလည်း အမျှပေးပါကုန်၏။ အားလုံး အမျှရကြ၍ သာဓုအနုမောဒနာ ခေါ်နိုင်ကြပါစေကုန်သတည်း။ အားလုံး အမျှ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်လော့။

(သာဓု, သာဓု, သာဓု)
ပခုက္ကူဆရာတော်ဘုရားကြီး ဘဒ္ဒန္တဣန္ဒောဘာသ ၏ စိတ်ကောင်းကြည်လင် ၀မ်းမြောက်လျှင် တရားတော်မှ. . .

Print this post

0 comments:

Related Posts with Thumbnails
ဒီဇိုင်း : Free Skin For Myanmar Bloggers