Saturday, April 17, 2010

သေချိန်မကျဘဲသေရသူများ

သတ္တ၀ါတို့၏ သန္တန်၌ ရှေးမကောင်းမှု ကံကလေးတွေ ကိုယ်စီကိုယ်င အများအပြား ပါရှိကြလေသည်။ ထိုကံများသည် မိမိတို့ချည်း သက်သက် သေကျေအောင် မသတ်ဖြတ်နိုင်သော်လည်း သတိမရှိ၊ ဥာဏ်မရှိ၍ (အစဉ်းစား အဆင်ခြင် အမြော်အမြင် မရှိ၍) အစားမတတ်၊ အသွားမတတ်၊ အနေအထိုင်မတတ်သူများကို ဘေးဥပါဒ်ရောက်အောင်၊ ထိုဘေးဖြင့် သေကျေပျက်စီးအောင်ကား တတ်နိုင်ကြပေသည်။

ရှေးရှေးက သူတစ်ပါးကို အငတ်ထားခဲ့ဖူးခြင်း၊ မြွေနှင့်တိုက်ခြင်း၊ အဆိပ်ခတ်ခြင်း၊ တုတ်ဓား စသည်တို့ဖြင့် ရိုက်သတ်ခြင်း၊ ရေနှစ်သတ်ခြင်း၊ မီးတိုက်သတ်ခြင်း စသည်ဖြင့် သူတစ်ပါးသေအောင် တစ်နည်းနည်းဖြင့် ပြုခဲ့သောသူသည် ထိုကံများ အခွင့်ရသော ဘ၀၀ယ် ထမင်းငတ်၍သေတတ်၊ မြွေကိုင်၍သေတတ်၊ အဆိပ်မိ၍သေတတ်၊ လက်နက်ဖြင့်သေတတ်၊ ရေနစ်၍သေတတ်၊ မီးလောင်၍သေတတ်လေသည်။
သူတစ်ပါးကို တစ်နည်းနည်းဖြင့် နှိပ်စက်သတ်ဖြတ်ခဲ့ဖူးသူသည် ယခုဘ၀၌ လေနာခြင်း၊ သလိပ်ရောဂါရှိခြင်း၊ ပန်းနာရှိခြင်း၊ နူနာရှိခြင်း၊ မကျန်းမမာခြင်း စသည်ဖြင့် ညှိုနွမ်းပင်ပန်းစွာ အသက်ရှည်နေရသည့်အပြင် ထိုရောဂါဖြင့်ပင် သေရတတ်သည်။ ဤသို့ စသည်ဖြင့် ရှေးကံကလေးတွေသည် (ဆင်ခြင် စဉ်းစား သတိထားတတ်သူတို့၌ နှိပ်စက်ခွင့်၊ သတ်ဖြတ်ခွင့် မရသော်လည်း) အစဉ်းအစား အဆင်အခြင် မရှိသူတို့ကား မကျန်းမာအောင်၊ သေကျေအောင် နှိပ်စက်ဖို့ရန် နှောင့်နှေးမည် မဟုတ်ချေ။ ထို့ကြောင့် “အသက်ဥာဏ်စောင့် ၊ အသွားမတော် တစ်မုဟုတ်၊ အစားမတော် တစ်လုတ်၊ ကျားရဲရာ ကြမ္မာမယိုးသာ (ကျားထနေသော တောသို့သွားလျှင် ကျားကိုက်ခံရမှာပဲ၊ ကျားကိုက်ခံနေရတာကို ကံကြမ္မာဟု မယိုးမစွဲပါနှင့်)။ ကံယုံပြီး မီးပုံမဆင်းနဲ့၊ မီးပုံထဲဆင်းလျှင် ကံကောင်းနေသော်လည်း မီးလောင်မှာပဲ” စသည်ဖြင့် လူကြီးသူမတို့ ပြောဆိုခဲ့ကြပေသည်။

ထိုစကားတို့၌ လူကြီးများ၏ ဆိုလိုရင်းကား လူတိုင်းမှာပင် မကောင်းကျိုးပေးဖို့ရန် အကုသိုလ်ကံများ (ရှေးဘ၀များစွာက တစ်မျိုး နှစ်မျိုး စသည်ဖြင့် ပြုမိခဲ့ကြသဖြင့်) ကိုယ်စီကိုယ်င ပါရှိကြပေသည်။ သို့သော် ထိုကံများသည် အလွန်သတ္တိ မထက်ကြလျှင် သူတို့ဘာသာ အကျိုးပေးခွင့်သာအောင် မတတ်နိုင်ကြပါ။ အဆင်ခြင် အစဉ်းစား မရှိသူများ၌သာ အသွားအလာ၊ အစားအသောက် အနေအထိုင် မတတ်သည့်အတွက် ထိုကံများက အကျိုးပေးခွင့် ရကြပါသည်။ သို့ဖြစ်၍ အသက်ရှည်ကြာ အနာကင်းမှုကို ဂရုစိုက်ခြင်း မရှိလျှင် ဥပစ္ဆေဒက ကံကလေးတွေ အခွင့်သာ၍ (အသက်တမ်း မစေ့ခင် ထိုဘ၀ကို စီမံလိုက်သော ကံကလည်း မကုန်သေးခင်) သေရမည့်အရေးကား မည်သူမျှ မဝေးကြောင်း နောက်နှောင်းလူများအတွက် လေးနက်စွာ သတိပေးထားခြင်းဖြစ်သည်။

အချုပ်ကား သတ္တ၀ါတို့ သေဖို့ရာ “အသက်ကုန်ခြင်း၊ ကံကုန်ခြင်း၊ အသက် ကံ နှစ်မျိုးလုံးကုန်ခြင်း၊ ဥပစ္ဆေဒက ကံကအခွင့်သာ၍ (အခွင့်သာအောင် အနေအထိုင်၊ အစားအသောက်၊ အသွားအလာ မတတ်ကြ၍) သေချိန်မကျဘဲ သေရသူတွေ ယခုကာလ၌ ပေါများလှ၏ ။ ထို့ကြောင့် မိမိကိုယ်ကို အသက်တမ်းစေ့ နေနိုင်အောင် အသက်ကို အသိဥာဏ်ဖြင့် စောင့်ရှောက်ကြပါဟု ဆိုလိုသည်။

အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ ကျမ်းမှ........

Print this post

0 comments:

Related Posts with Thumbnails
ဒီဇိုင်း : Free Skin For Myanmar Bloggers