Saturday, April 17, 2010

သောတာပန်လူထွက်

တစ်ခါက ဒကာတစ်ယောက်ဟာ ဘုန်းကြီးထံလျောက်ထားဖူးပါတယ်၊ အဲဒီ ဒကာဟာ အောက်တန်းစား သာမန်ဒကာ မဟုတ်ပါဘူး၊ ခေတ်ပညာလဲတတ်၊ ဗဟုသုတလဲ အတော်အတန်ပြည့်စုံတဲ့ အထက်တန်းစား ဒကာတစ်ယောက်ပါပဲ၊ သူက ကမ္မဌာန်းဆရာ တစ်ပါးထံမှာ တရားအားထုတ်ပါသတဲ့၊ အားထုတ်ပြီးတဲ့အခါမှာ သူ့ဆရာက သူ့ကို သောတာပန်ဖြစ်ပြီလို့ ဆုံးဖြတ်ပေးပါသတဲ့....

အရိယာတရားနှင့်စပ်ပြီး ဒီလိုအဆုံးအဖြတ်မျိုးကို ဘုရားမှတစ်ပါး ဘယ်ရဟန္တာ၊ ဘယ်မထေရ်ကမှ ပေးဖူးတယ်ဆိုတာ ပိဋကတ်စာပေမှာ မရှိပါဘူး၊ ဘုန်းကြီးတို့ကတော့ ဒီလို မဆုံးဖြတ်ကောင်းဘူးလို့လဲ အမြဲတမ်းပြောနေပါတယ်၊ ဥာဏ်စဉ်တရားကိုသာ ဟောပါတယ်၊ အဲဒီ ဥာဏ်စဉ်တရားနဲ့ တိုက်ဆိုင်ပြီး သူ့ဟာသူပဲ ဆုံးဖြတ်ဖို့ တာဝန်ပေးထားပါတယ်၊ ခုနကပြောခဲ့တဲ့ ဒကာကတော့ သူ့ဆရာက သောတာပန်ဖြစ်ပြီလို့ ဆုံးဖြတ်လိုက်တာနဲ့ သူကလဲ သောတာပန်ဖြစ်ပြီလို့ ယုံကြည်ယူဆပြီးတော့ ငါးပါးသီလကိုလဲ လုံခြုံအောင် စောင့်နေပါသတဲ့၊ တစ်နေ့သောအခါကျတော့ သူကိုးကွယ်နေတဲ့ အခြားဆရာတော်ကြီးတစ်ပါးထံ သွားပြီးတော့ သူတရားအားထုတ်ခဲ့ပုံ၊ တွေ့မြင်ပုံနဲ့တကွ သောတာပန်ဖြစ်ပြီလို့ ဆုံးဖြတ်ပေးပုံတွေကို လျှောက်ပါသတဲ့၊ အဲဒီဆရာတော်ကြီးက ဘုန်းကြီးတို့နဲ့ ရင်းပါတယ်၊ ဆရာလိုပဲဖြစ်နေပါတယ်၊ ပိဋကတ်စာပေမှာ ကောင်းကောင်းတတ်ကျွမ်းတဲ့ ဆရာတော်ကြီးပါပဲ၊ ယခုတဲ့ထိလဲ ရှိပါသေးတယ်၊ အသက်တော်က (၈၀)ကျော် (၉၀)နီးပါး ရှိနေပြီ၊ အဲဒီ ဒကာရဲ့လျှောက်ပုံက.......

တပည့်တော်ဘုရား၊ တရားအားထုတ်ထားပါတယ်၊ ကိုယ်ထဲမှာ ရှု့လိုက်ရင် ဓါတ်တွေ၊ သဘောတရားတွေ တရွရွ တမွမွနဲ့ ပေါ်နေပါတယ်၊ ဆရာကလဲ သောတာပန်ဖြစ်ပြီလို့ ဆုံးဖြတ်ပါတယ်၊ တပည့်တော်ကလဲ သောတာပန်ဖြစ်ပြီလို့ ယုံကြည်နေပါတယ်ဘုရားလို့ သူကလျှေက်သတဲ့။

အဲဒီတော့ ဆရာတော်ကြီးက ဘယ်နှယ့်ပြောသလဲဆိုရင် “မင်းဟာ ဘာမှ မဟုတ်သေးဘူးတဲ့၊ မင်းဟာ တရားကို မဟုတ်သေးဘူး၊ သောတာပန် ဖြစ်ဖို့ဆိုတာကတော့ အဝေးကြီးပဲ၊ မင်းဥစ္စာ ဘာမှ မဟုတ်သေးဘူး” လို့ အဆုံးအဖြတ် ပေးလိုက်သတဲ့၊ ပြီးတော့ အဲဒီဒကာက သူဖြစ်ပုံကို ဆက်ပြီးပြောပါတယ်၊ “ဒါနဲ့ဘုရား၊ ဒီတစ်ခါတည်းက စပြီးတော့ မင်းဟာ ဘာမှမဟုတ်သေးဘူး”လို့ ဆရာတော်ကြီးက ပြောလိုက်တဲ့အတိုင်း တပည့်တော်ဟာ ဘာမှမဟုတ်သေးဘဲ ဖြစ်နေပါတယ်၊ အစတုန်းကတော့ တပည့်တော်ဟာ သောတာပန် ဖြစ်နေတယ်ဆိုတာနဲ့ သောတာပန် အကျင့်နဲ့ညီအောင် ငါးပါးသီလကို လုံလုံခြုံခြုံနဲ့ စောင့်နေခဲ့ပါတယ်၊ အခုတော့ ဆရာတော်ကြီးက “ဘာမှမဟုတ်သေးဘူး”လို့ ပြောတာနဲ့ တပည့်တော်ဟာ “ငါးပါးသီလတောင်မလုံတောဘူးဘုရား” လို့ အဲဒီဒကာက လျှောက်ပါတယ်။

အဲဒီတော့ ဘုန်းကြီးက သူ့ကိုအားပေးလိုက်ရသေးတယ်၊ “ဟာ ဒကာ ဒီလိုမလုပ်နဲ့ အစက ကိုယ့်ဟာကိုယ် သောတာပန် ဖြစ်နေမှတော့ ဘယ်သူက ဘာပြောပြော ဖြစ်မြဲသာဖြစ်နေ၊ နောက်ပြန်မဆုတ်နဲ့၊ ငါးပါးသီလလဲ စောင့်မြဲစောင့်နေပေါ့”လို့ ဘုန်းကြီးက အားပေးစကားပြောလိုက်ရသေးတယ်၊ အဲဒီ ဒကာလို သောတာပန်လူထွက် မဖြစ်ဖို့ အရေးကြီးပါတယ်။


ဆဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ အရိယာဝါသ တရားတော် မှ....

Print this post

0 comments:

Related Posts with Thumbnails
ဒီဇိုင်း : Free Skin For Myanmar Bloggers